လေဖြတ်ခြင်း (Stroke)
လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သွေးကြော ရုတ်တရက်ပေါက်ခြင်း (သို့) ပိတ်ဆို့ခြင်းတို့ကြောင့် ဦးနှောက်တွင်းရှိ တစ်သျှူးများ အောက်ဆီဂျင်ကင်းမဲ့သွားသဖြင့် သတိမေ့ခြင်း၊ ကိုယ်တစိတ်တစ်ဒေသ သွက်ချာပါဒ ဖြစ်ခြင်းတို့ကို ခံစားရခြင်းဖြစ်ပါတယ်။
လေဖြတ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်းကုသမှုခံယူရန်အထူးလိုအပ်ပါတယ်။
♦ လေဖြတ်စေသော အကြောင်းရင်းများ
1. ဦးနှောက်တွင်းရှိ သွေးကြောများပိတ်ဆို့ခြင်း (Ischemic Stroke)
လေဖြတ်ခြင်း၏ 35% သည် ဦးနှောက်တွင်းရှိ သွေးကြောများပိတ်ဆို့ခြင်း (Ischemic Stroke) ကြောင့်ဖြစ်ပြီး Ischemic Stroke ကို (၂)မျိုးထပ်ပြီးခွဲခြားနိုင်ပါတယ်။
Thrombotic Stroke
Thrombotic Stroke ဆိုသည်မှာ ဦးနှောက်ကို ထောက်ပံ့ပေးသော သွေးကြောများ ထဲတွင် သွေးခဲများနှင့်ပိတ်ဆို့ခြင်းကို ဆိုလိုပါတယ်။
Embolic Stroke
Embolic Stroke ဆိုသည်မှာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ (ဥပမာ နှလုံး) သွေးခဲ သည် သွေးစီးကြောင်းမှတဆင့် ဦးနှောက်တွင်းရှိ ရောက်ရှိလာပြီး ပိတ်ဆို့ခြင်းကို ဆိုလိုပါတယ်။
2. Haemorrhagic Stroke (ဦးနှောက်တွင်းရှိ သွေးကြောများပေါက်ပြဲခြင်း)
ဦးနှောက်တွင်းရှိ သွေးကြောများသည် သွေးဖိအားမြင့်တက်ခြင်းကြောင့် လည်းကောင်း၊ သွေးကြောနံရံများလျော့ရဲခြင်းကြောင့်လည်းကောင်း ပေါက်ပြဲတတ်ပါတယ်။
သွေးကြောများပေါက်ပြဲခြင်းကို (၂)မျိုးခွဲခြားနိုင်ပါတယ်။
Intracerebral Haemorrhage
ဦးနှောက်တွင်းရှိ သွေးကြောတစ်ခုခုပေါက်ပြဲခြင်း ဖြစ်ပါတယ်။
Subarachnoid Haemorrhage
ဦးနှောက်၏မျက်နှာပြင်အနီးရှိ သွေးကြောများပေါက်ပြဲပြီး ဦးခေါင်းခွံနှင့် ဦးနှောက်ကြား တွင် သွေးယိုစီးမှုများဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။
3. လေဖြန်းခြင်း ( Transient Ischemic attack)
လေဖြန်းခြင်းသည် ၅ မိနစ်ခန့်သာကြာမြင့်ပြီး သွေးခဲများ ယာယီပိတ်ဆို့ခြင်းကြောင့်ဖြစ်ရခြင်း ဖြစ်ပါ တယ်။
♦ ေလဖြတ်ခြင်းကို မြင့်တက်စေသော အခြေအနေများ
- အ၀လွန်ခြင်း
- လေ့ကျင့်ခန်းမလုပ်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်း
- သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိခြင်း
- နှလုံးရောဂါရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အိပ်ပျော်နေစဉ် အသက်ရှုခဏခဏရပ်တတ်သော ေ၀ဒနာရှိခြင်း
- သွေးထဲတွင် အဆီဓါတ်များခြင်း
- အသက်အရွယ်ကြီးခြင်း
♦ ေရာဂါလက္ခဏာများ
(1) လမ်းလျှောက်ရာတွင် ခက်ခဲခြင်း
(2) အမြင်မှုန်ဝါးခြင်း
(3) စကားကိုပီသစွာမပြောနိုင်ခြင်း
(4) ခေါင်းကိုက်ခြင်း
(5) ခြေလက်တခြမ်းထုံကျဉ်ခြင်း
(6) သတိလစ်မေ့မြောခြင်း
(7) ပါးရွဲ့ခြင်းတို့ ဖြစ်ပါတယ်။
♦ စစ်ဆေးခြင်း
လေဖြတ်ခြင်းဟုတ် မဟုတ်ကို အထွေထွေကျန်းမာရေးစစ်ဆေးခြင်းဖြင့် လည်းကောင်း၊ သွေးတွင်းရှိ သကြားဓါတ်နှင့် သွေးခဲချိန်ကို စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ CT Scan ဖြင့်လည်းကောင်း၊ MRI ဖြင့် လည်းကောင်း၊ Carotid သွေးကြောကို အယ်လ်ထရာဆောင်း ရိုက်ခြင်းဖြင့်လည်းကောင်း၊ ဦးနှောက်တွင်းရှိ သွေးကြောများစစ်ဆေးခြင်း (Cerebral Angiogram) ဖြင့်လည်းကောင်း၊ Echocardiogram (နှလုံးအတွင်း သွေးခဲခြင်း ရှိ/မရှိ စစ်ဆေးခြင်း) ဖြင့်လည်းကောင်း သိနိုင်ပါတယ်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
(1) ကြွက်သားများလှုပ်ရှားမှုမရှိတော့ခြင်း
(2) စကားပြောဆိုရာနှင့် အစာမျိုချရာတွင် ခက်ခဲမှုရှိခြင်း
(3) ေ၀ဖန် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်း
(4) စိတ်ဓါတ်ကျခြင်း
(5) ခန္ဓာကိုယ်နာကျင်ခြင်း
(6) အပြုအမူများပြောင်းလဲလာခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။
♦ ကုသမှု
အရေးပေါ်ကုသမှုသည် သွေးကြောပိတ်ဆို့ခြင်းရှိ၊ မရှိနှင့် ဦးနှောက်အတွင်းသို့ သွေးယိုစီးမှုရှိ၊ မရှိပေါ် မူတည်ပါတယ်။
Ischemic Stroke
Ischemic Stroke ဖြစ်ပါက လေဖြတ်ပြီး 4 နာရီမှ 5 နာရီအတွင်း အက်စပရင်ဆေးဝါးဖြင့် ကုသခြင်း၊
Tissue plasminogen activator (tPA) ဟုခေါ်သော သွေးခဲပျော်ဆေးများအကြောမှ ထိုးသွင်းခြင်းဖြင့် လည်းကောင်း၊ စက်ဖြင့်သွေးခဲများကို ချေဖျက်ခြင်းဖြင့်လည်းကောင်း လည်ပင်းရှိ (Carotid) သွေးကြောထဲတွင် ပိတ်ဆို့နေသော သွေးခဲကိုဖယ်ရှားခြင်း (Carotid Endarterectomy) ဖြင့်လည်းကောင်း၊ သွေးကြောပြုပြင်၍ Stent ထည့်ခြင်းဖြင့်လည်းကောင်း ကုသနိုင်ပါတယ်။
Haemorrhagic Stroke
Haemorrhagic Stroke ဖြစ်ပါက သွေးတွင်းရှိဖိအားကို ကျဆင်းစေသောဆေးများဖြင့် လည်းကောင်း၊ သွေးကြောနံရံများလျော့ရဲမှုကို ခွဲစိတ်ခြင်းဖြင့်လည်းကောင်း ကုသနိုင်ပါတယ်။
လေဖြတ်ခြင်းကို အရေးပေါ်ကုသမှုခံယူပြီးပါက ပြန်လည်ကျန်းမာသန်စွမ်းစေရန်အတွက် ဆရာ၀န်လမ်းညွှန်တဲ့အတိုင်း ပြုမူနေထိုင်သွားဖို့အရေးကြီးပါတယ်။
♦ လေဖြတ်နေသော လူနာများအတွက် လမ်းညွှန်မှုများ
(1) လေဖြတ်ခြင်းကို ခံစားနေရပါက စိတ်အားမငယ်ဘဲ ဘ၀နေ့ရက်များကို ပုံမှန်အတိုင်း ဖြတ်သန်းပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါ အားမလျှော့ဖို့လိုပါတယ်။ တရားမှတ်ပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။
(2) သာမန်အတိုင်းပြန်ဖြစ်ဖို့ အချိန်အတိုင်းအတာတစ်ခုစောင့်ဖို့လိုပြီး ပင်ပန်းတဲ့လေ့ကျင့်မှုမျိုးတွေ လုပ်ရမယ်ဆိုတာကို လက်ခံပြီး ကာယလေ့ကျင့်ခန်း (Physiotherapy) ပုံမှန်လုပ်ပါ။
(3) အိမ်တွင်းပုန်းမနေဘဲ အပြင်သို့ထွက်လည်ပါ။
(4) သူငယ်ချင်းများရဲ့မိသားစုဆွေမျိုးများနှင့် အဆက်အသွယ်မဖြတ်ပါနှင့်။
♦ လေမဖြတ်အောင် ကြိုတင်ကာကွယ်ခြင်း
(1) လေဖြတ်ခြင်းမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ခြင်း
(2) စိတ်ဖိစီးမှုကိုလျော့ချခြင်း
(3) ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
(4) ဆားလျော့စားခြင်း၊ အဆီလျှော့စားခြင်း၊ သွေးတိုးရောဂါ မဖြစ်အောင် ဂရုစိုက်နေထိုင်ခြငး်
(5) ဆေးလိပ်ရှောင်ခြင်း
(6) ဆီးချိုရောဂါရှိနေပါက ဆရာ၀န်နှင့် သေချာစွာကုသမှုခံယူခြင်း
(7) အာဟာရပြည့်၀အောင် စားသုံးခြင်း
(8) တနေ့လျှင် မိနစ် 30 ခန့် လေ့ကျင့်ခန်းလုပ်ခြင်း
(9) မူးယစ်ဆေးဝါးရှောင်ကြဉ်ခြင်း
(10)ဆရာ၀န်နှင့် တိုင်ပင်ပြီး လိုအပ်ပါက Aspirin ဆေးဝါးမှီ၀ဲခြင်းတို့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
♦ စားသုံးသင့်သောအစားအစာနှင့် ရှောင်ရှားသင့်သောအစားအစာများ
လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားသောအသားများ၊ ကောက်နှံ တစ်ခုလုံးပါ၀င်သော အစားအစာများသည် သွေးကြောများရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ခရမ်းသီးနှင့် စပျစ်သီးစတာတွေမှာ Anthocyanidins ဓါတ်ပါ၀င် တာကြောင့် လေဖြတ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ ဗီတာမင် B ဓါတ်ကြွယ်၀သော အစားအစာများမှာ homocysteine ပမာဏကို လျော့ချပေးနိုင်သဖြင့် လေမဖြတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ငါးစားတဲ့သူတွေမှာ လေဖြတ်နိုင်ချေဟာ အခြားသူများထက်လျော့နည်းတာကြောင့် ငါးစားပေးသင့် ပါတယ်။ အသွင်ပြောင်းထားသောအဆီများ (ဥပမာ - မာဂျရင်း)ဟာ မကောင်းတဲ့ ကိုလက်စထရော ပမာဏကို တက်စေသဖြင့် ရှောင်ရှားသင့်ပါတယ်။ အနီရောင်အသား၊ ငန်လွန်းသော အစားအစာများ၊ သကြားဓါတ်လွန်ကဲသော အစားအစာများ၊ အရက်နှင့် ဆေးပြင်းလိပ် စတာတွေကိုလည်း ရှောင်ရှားသင့်ပါ တယ်။
Dr. Htet Htet Aung





























