သည်းခြေကျောက် (Gallstones)
သည်းခြေနဲ့ သည်းခြေကျောက်
သည်းခြေအိတ်ထဲမှာအစာခြေရည်တွေ အနည်ကျစုပုံလာပြီး မာကျောလာတဲ့အခါ သည်းခြေကျောက်တွေ ဖြစ်ပေါ်လာပါတယ်။ သည်းခြေအိတ်ဟာ ပုံသဏ္႑ာန်အားဖြင့် သစ်တော်သီးပုံစံရှိပြီး ၀မ်းဗိုက်ရဲ့ ညာဘက်ပိုင်း၊ အသည်းရဲ့အောက်မှာ တွယ်ကပ်နေတဲ့ အိတ်သေးသေးလေး ဖြစ်ပါတယ်။ သည်းခြေအိတ်ထဲမှာ သည်းခြေရည်လို့ခေါ်တဲ့ အစာခြေရည်တွေရှိပြီး သည်းခြေအိတ်ဟာ သည်းခြေရည်တွေကို သည်းခြေပြွန်မှတစ်ဆင့် အူသိမ်အတွင်းသို့ ထုတ်လွှတ်ပေးပါတယ်။
သည်းခြေကျောက်ဟာ စပါးစေ့အရွယ်မှ ဂေါက်သီးလုံးအရွယ်အထိ အရွယ်အစားအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်လုံးတည်းဖြစ်နိုင်သလို လူတချို့မှာ သည်းခြေကျောက်တွေအများကြီး တစ်ပြိုင်တည်း ရှိနေနိုင်ပါတယ်။
ရောဂါလက္ခဏာများ
သည်းခြေကျောက်ရှိပေမယ့် သေးလွန်းရင် (သို့) သည်းခြေပြွန်ကို မပိတ်သေးရင် ရောဂါလက္ခဏာ မပေါ်ဘဲ ရှိတတ်ပါတယ်။ သည်းခြေကျောက်ဟာ သည်းခြေပြွန် တစ်နေရာရာမှာကို ပိတ်ဆို့မိပြီ ဆိုရင်တော့ အောက်ပါလက္ခဏာများကို ခံစားရမှာဖြစ်ပါတယ်။
1. ၀မ်းဗိုက်ရဲ့ညာဘက်ပိုင်းမှာ ရုတ်တရက်ပြင်းပြင်းထန်ထန်နာကျင်လာပါတယ်။
2. ကျောဘက်ရှိလက်ပြင်ရိုးနှစ်ခုကြား ပြင်းပြင်းထန်ထန်နာကျင်တတ်ပါတယ်။
3. ညာဘက်ပခုံးမှာ ပြင်းပြင်းထန်ထန်နာကျင်တတ်ပါတယ်။ သည်းခြေကျောက်ကြောင့် ဖြစ်ပေါ် လာတဲ့နာကျင်မှုဟာ နာရီအနည်းငယ်ကြာအောင် နာကျင်နေတတ်ပါတယ်။ ခန္ဓာကိုယ်အနေအထားကို ဘယ်လိုပဲပြောင်းပြောင်းမသက်သာတတ်ပါဘူး။
4. မျက်လုံးက ပုံမှန်အတိုင်းဖြူနေပြီး အသားအရေက ဝါနေတာမျိုးဖြစ်နိုင်ပါတယ်။
5. ချမ်းတုန်ပြီး ကိုယ်အပူချိန် အလွန်အမင်းမြင့်တက်ကာဖျားနိုင်ပါတယ်။
သည်းခြေကျောက်ဖြစ်ပေါ်လာပုံ
သည်းခြေကျောက် ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။ အောက်ပါအချက်တွေကြောင့် သည်းခြေကျောက်ဖြစ်နေတယ်လို့ ယူဆထားကြပါတယ်။
1. သည်းခြေရည်ထဲတွင် အဆီဓာတ် (Cholesterol) အမြောက်အများပါ၀င်ခြင်း
ပုံမှန်အားဖြင့် အသည်းက ညှစ်ထုတ်လိုက်တဲ့ အဆီဓာတ်တွေကို ပျော်၀င်စေရန်အတွက် လိုအပ်တဲ့ဓာတုပစ္စည်းတွေ သည်းခြေရည်မှာ လုံလုံလောက်လောက်ရှိပါတယ်။ ဒါပေမယ့် အသည်းက အဆီဓာတ်တွေ အများအပြားညှစ်ထုတ်လို်က်တဲ့အခါ သည်းခြေရည်မှာ မပျော်၀င်နိုင်တော့ဘဲ သည်းခြေကျောက်အဖြစ်သို့ပြောင်းလဲသွားပါတယ်။
2. သည်းခြေရည်မှာ ဘီလီယူဘင် (Bilirubin) ဓာတ်များ အမြောက်အများပါ၀င်ခြင်း
ခန္ဓာကိုယ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးသွားတဲ့ သွေးနီဥတွေကို ချေဖျက်ဖြိုခွဲတဲ့ဖြစ်စဉ်မှာ bilirubin လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေထွက်ပေါ်လာပါတယ်။ အသည်းခြောက်ရောဂါဖြစ်တဲ့အခိျန် (Liver cirrhosis)၊သည်းခြေပြွန်အတွင်းပိုး၀င်တဲ့ရောဂါဖြစ်တဲ့အချိန် (biliary tract infections) နဲ့ အချို့သောသွေးရောဂါတွေဖြစ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲမှာ bilirubin စွန့်ထုတ်မှုပမာဏဟာ အလွန်များပြားလာပါတယ်။ ဘီလီယူဘင်တွေများပြားလာခြင်းဟာ သည်းခြေကျောက်ဖြစ်စေဖို့ တွန်းအားပေးတယ်လို့ ဆိုပါတယ်။
3. သည်းခြေအိတ်မှ ကုန်စင်အောင် မညှစ်ထုတ်နိုင်ခြင်း
သည်းခြေအိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ သည်းခြေရည်တွေကို သည်းခြေပြွန်ကနေတစ်ဆင့် အူသိမ်အတွင်းကို စွန့်ထုတ်ပေးရပါတယ်။ အကြောင်းတစ်စုံတရာကြောင့် သည်းခြေရည်တွေကို ကုန်စင်အောင် မစွန့်ထုတ်နိုင်တဲ့အခါ သည်းခြေအိတ်ထဲမှာ သည်းခြေရည်တွေစုပုံလာပြီး သည်း ခြေကျောက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
သည်းခြေကျောက်အမျိုးအစားများ
1. အဆီကျောက် (Cholesterol Gallstones)
အဖြစ်အများဆုံးသည်းခြေကျောက်အမျိုးအစားဖြစ်ပါတယ်။ အရောင်ကအဝါရောင်ရှိပါ တယ်။ အဆီကျောက်အမျိုးအစားသည်းခြေကျောက်မှာ အဓိကအားဖြင့် Cholesterol တွေပါ၀င်ပြီး အခြားသောဓာတ်ပစ္စည်းများကိုလည်းတွေ့ရတတ်ပါတယ်။
2. ကျောက်မည်း (Pigment Stones)
အညိရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ကျောက်တွေဖြစ်ပါတယ်။ ဘီလီယူဘင် (Bilirubin) ဓာတ်တွေစုပုံလာရာမှ ဖြစ်ပေါ်လာတဲ့ သည်းခြေကျောက်အမျိုးအစားဖြစ်ပါတယ်။
သည်းခြေကျောက်ဖြစ်နိုင်ခြေရှိသူများ
1. အမျိုးသမီးများ
အမျိုးသမီးများဟာ အမျိုးသားများထက် သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အရေးပိုများပါ တယ်။
2. အသက် 60 ကျော်ခြင်း
အသက် 60 ကျော်လာတဲ့အခါ သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အရေးပိုများလာပါတယ်။
3. အ၀လွန်ခြင်း
အ၀လွန်တဲ့သူတွေဟာ သည်းခြေကျောက်ဖြစ်ဖို့အခွင့်အရေးပိုများပါတယ်။
4. ကိုယ်၀န်ဆောင်ခြင်း
ကိုယ်၀န်ဆောင်နေစဉ် အချိန်ကာလမှာ သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အရေးပိုများပါတယ်။
5. အဆီဓာတ်စားသုံးမှုများခြင်း
6. အမျှင်ဓာတ်စားသုံးမှုနည်းခြင်း
7. မျိုးရိုးအတွင်း သည်းခြေကျောက်ဖြစ်ဖူးသူရှိခြင်း
8. သွေးတိုးဆီးချိုရောဂါရှိခြင်း
9. ကိုယ်အလေးချိန်ကို အလွန်လျင်မြန်စွာလျှော့ချခြင်း
10. အချို့သော သွေးတွင်းအဆီကျဆေးများ စားသုံးခြင်း
11. အီစထရိုဂျင် (estrogen) ပါ၀င်သော ဟော်မုန်းဆေးများသောက်သုံးခြင်း
သည်းခြေကျောက်၏ နောက်ဆက်တွဲဆိုးကျိုးများ
1. သည်းခြေအိတ်ရောင်ရမ်းခြင်း (Cholecystitis)
သည်းခြေအိတ်အတွင်းမှာ သည်းခြေကျောက်ပိတ်ဆို့ပါက သည်းခြေအိတ်ရောင်ရမ်းခြင်း (Cholecystitis) ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ရောင်ရမ်းပါက အဖျားကြီးခြင်း၊ ပြင်းပြင်းထန်ထန် အောင့်ခြင်းတွေကို ခံစားရပါတယ်။
2. သည်းခြေပြွန်ပိတ်ဆို့ခြင်း
သည်းခြေကျောက်ဟာ သည်းခြေပြွန်အတွင်းမှာ ပိတ်ဆို့ပါက အသားဝါခြင်း၊ သည်းခြေပြွန် ပိုး၀င်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
3. မုန့်ချိုအိတ်ပြွန် (Pancreatic duct) ပိတ်ဆို့ခြင်း
မုန့်ချိုအိတ် (Pancreas) မှလည်း အစာခြေရည်တချို့ကို (Pancreatic juicies) ထုတ် လုပ်ပေးပါတယ်။ မုန့်ချိုအိတ်မှ ထုတ်လုပ်လိုက်တဲ့ အစာခြေရည်တွေဟာ မုန့်ချိုအိတ်ပြွန်မှတစ်ဆင့် သည်းခြေပြွန်အတွင်းကို စီး၀င်ပါတယ်။ သည်းခြေကျောက်ဟာ မုန့်ချိုအိတ်ပြွန်ထဲကိုလည်း ၀င် ရောက်ပိတ်ဆို့နိုင်ပါတယ်။ အဲဒီအခါမှာ မုန့်ချိုအိတ်ရောင်ရမ်းခြင်း (Pancreatitis) ကိုဖြစ်စေနိုင်ပါ တယ်။ မုန့်ချိုအိတ်ရောင်ရမ်းပြီဆိုပါက ၀မ်းဗိုက်မှာ ပြင်းထန်ပြီး တရစပ်နာကျင်တဲ့ေ၀ဒနာကိုခံစား ရပါတယ်။ ဆေးရုံတက်ကုသဖို့လိုအပ်ပါတယ်။
4. သည်းခြေအိတ်ကင်ဆာ (Galbladder Cancer)
သည်းခြေကျောက်ဖြစ်ဖူးခဲ့တဲ့သူတွေဟာ သည်းခြေအိတ်ကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေး များပါတယ်။ ဒါပေမယ့် သည်းခြေအိတ်ကင်ဆာရောဂါဟာ အလွန်ဖြစ်ခဲတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
သည်းခြေအိတ်အတွင်း စမ်းသပ်စစ်ဆေးမှုများ
1. သည်းခြေအိတ်ကိုကြည့်ခြင်း
တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ၊ ကွန်ပျူတာဓာတ်မှန် (CT scan) တို့ အသုံးပြုပြီး သည်းခြေအိတ်မှာ သည်းခြေကျောက်ရှိမရှိ ပုံဖော်ကြည့်နိုင်ပါတယ်။
2. သည်းခြေပြွန်ကို စစ်ဆေးခြင်း
အထူးပြုလုပ်ထားတဲ့ဆိုးဆေး (Special dye) ကို ခန္ဓာကိုယ်အတွင်း ထိုးသွင်းစစ်ဆေးကာ သည်းခြေပြွန်ရဲ့ ပုံရိပ်တွေကိုကြည့်ရှုနိုင်ပါတယ်။ သည်းခြေပြွန်ထဲမှာကျောက်ရှိ မရှိ ကြည့်နိုင်ပါတယ်။ Hepatobiliary iminodiacetic acid (HIDA) scan, MRI scan, endoscopic retrograde cholangiopancreatography (ERCP)တို့ပြုလုပ်ပြီး စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါ တယ်။ ERCP ပြုလုပ်နေတုန်း သည်းခြေကျောက်တွေ့ပါက တစ်ခါတည်း ဖယ်ထုတ်နိုင်ပါတယ်။
3. သွေးစစ်ဆေးမှုများ
သွေးစစ်ဆေးကြည့်ခြင်းဖြင့် ရောဂါပိုး၀င်မ၀င်၊ အသားဝါရှိမရှိ၊ မုန့်ချိုအိတ်ရောင်ရမ်းခြင်းရှိ မရှိအပြင် အခြားသော နောက်ဆက်တွဲဆိုးကျိုးရှိမရှိကို ဖော်ထုတ်နိုင်ပါတယ်။
သည်းခြေကျောက်ကုသမှုနည်းလမ်းများ
တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)၊ ကွန်ပျူတာဓာတ်မှန် (CT Scan) တို့ ရိုက်နေစဉ် အတွင်းမှာသည်းခြေကျောက်သေးသေးလေးကို မတော်တဆတွေ့ရှိမိပေမယ့် သည်းခြေကျောက်ရဲ့ရောဂါလက္ခဏာတွေ ခန္ဓာကိုယ်မှာ မပြသေးဘူးဆိုရင် ကုသမှုခံယူဖို့မလိုအပ်ပါဘူး။
ဒါပေမယ့် သည်းခြေကျောက်က တဖြည်းဖြည်းနဲ့ ကြီးလာမယ် (သို့) သည်းခြေပြွန်ကို ပိတ်ဆို့လာနိုင်ခြေရှိတယ် (သို့) ရောဂါလက္ခဏာတွေပေါ်လာပြီဆိုရင် ကုသမှုခံယူပါမယ်။
1. သည်းခြေအိတ်ခွဲစိတ်ထုတ်ပယ်ခြင်း (Cholecystectomy)
သည်းခြေကျောက်ရဲ့ရောဂါလက္ခဏာတွေပြလာပြီဆိုရင် သည်းခြေအိတ်ကိုခွဲစိတ်ဖယ် ထုတ်ပြီး ကုသရပါတယ်။ သည်းခြေအိတ်ကိုဖယ်ထုတ်လိုက်တဲ့အခါ အသည်းမှထုတ်လုပ်လိုက်တဲ့ သည်းခြေရည်တွေဟာ သည်းခြေပြွန်တွေမှတစ်ဆင့် အူသိမ်ထဲသို့ စီးဆင်းနေမှာဖြစ်ပါတယ်။ သည်းခြေအိတ်ထဲမှာ စုစည်းသိုလှောင်စရာမလိုတော့ဘူးပေါ့။ တကယ်တော့သည်းခြေအိတ်ဆို တာ အသက်ရှင်နေထိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အရာမဟုတ်ပါဘူး။ သည်းခြေအိတ်ကိုဖယ် ထုတ်လိုက်တဲ့အတွက် အစာခြေတဲ့ဖြစ်စဉ်မှာ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။
2. သည်းခြေကျောက်ပျော်စေသော ဆေးဝါးများ
သည်းခြေကျောက်ပျော်စေတဲ့ဆေးဝါးတွေဟာ သည်းခြေကျောက်ကိုပျော်၀င်ပျောက်ကွယ် စေဖို့ လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်တယ်လို့ဆိုပါတယ်။ တစ်ခါတလေမှာတော့ သည်းခြေကျောက် လုံး၀မပျော်တာမျိုးတွေရှိ တတ်ပါတယ်။ သည်းခြေကျောက်ပျော်ဆေးကို ယေဘုယျအားဖြင့် အသုံးမပြုကြပါဘူး။ ခွဲစိတ် ကုသဖို့မဖြစ်နိုင်တဲ့ လူတွေမှာသာ သည်းခြေကျောက်ပျော်ဆေးကို သောက်ခိုင်းလေ့ရှိပါတယ်။
ကြိုတင်ကာကွယ်ခြင်း
1. အစားမလွှတ်ပါနဲ့။
နေ့စဉ်ပုံမှန် စားသောက်နေကျအချိန်အတိုင်း စားသောက်ဖို့လိုပါတယ်။ ထမင်းတစ်နပ်မစား ခြင်း၊ ပိန်စေရန် ထမင်းမစားဘဲနေခြင်းတွေဟာ သည်းခြေကျောက်ဖြစ်ဖို့အခွင့်အရေးကိုများပါ တယ်။
2. ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချပါ။
ကိုယ်အလေးချိန်ကိုလျှော့ချတဲ့အခါ ချက်ချင်းကိုယ်အလေးချိန်ကျသွားအောင် မလုပ်သင့်ပါ ဘူး။ သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အရေးများစေပါတယ်။ ရက်သတ္တပတ် တစ်ပတ်မှာ ကိုယ်အ လေးချိန် ၂ပေါင်လျော့ကျတာဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။
3. အ၀မလွန်အောင် ထိန်းသိမ်းပါ။
အ၀လွန်ခြင်းဟာ သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အရေးများစေတဲ့အတွက် အ၀မလွန်ဖို့ ဂရု စိုက်ရပါမယ်။ ကယ်လိုရီဓာတ်တွေကိုလျှော့စားပါ။ ကိုယ်လက်လှုပ်ရှားအားကစားကို ပိုလုပ်ပါ။ ပြီးရင် အဲဒီအလေ့အကျင့်ကို ပုံမှန်ထိန်းသိမ်းသွားပြီး သည်းခြေကျောက်ကိုကြိုတင်ကာကွယ်ကြပါ လို့ တိုက်တွန်းလိုပါတယ်။
Dr. Thant Zaw ( IM-2)






























