သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း (Endometriosis)
သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်းဆိုသည်မှာ သားအိမ်အတွင်းရှိတစ်သျှူးများသည် သားအိမ်အပြင်ဘက် (မျိုးဥအိမ်နှင့်အူများ) သို့ ရောက်ရှိနေခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ သားအိမ်အပြင်ဘက်သို့ရောက်ရှိနေသော သားအိမ်တစ်သျှူးများဟာ ပုံမှန်သားအိမ်အတွင်းက တစ်သျှူးတွေလိုပဲ တစ်လတစ်ခါ ရာသီသွေးအဖြစ် စီးဆင်းကြပါတယ်။ ဒါပေမယ့် အပြင်ဘက်သို့ စီးဆင်းစရာမရှိတာကြောင့် နောက်သို့ ပြောင်းပြန်သွေးစီးဆင်းမှုများဖြစ်ပေါ်လာပြီး အခြားအင်္ဂါများကို ထိခိုက်စေကာ အင်္ဂါတစ်ခုနှင့်တစ်ခုတွယ်ကပ်မှုများ ဖြစ်လာပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်းများ
- ရာသီသွေး နောက်ပြန်စီးဆင်းခြင်း (ရာသီသွေး နောက်ပြန်စီးဆင်းသည့် အကြောင်းရင်းကို မသိရသေးပါ)
- ခွဲစိတ်ထားသောအမာရွတ်များတွင် သားအိမ်အတွင်းသားရှိဆဲလ်များ လာရောက်တွယ်ကပ်ခြင်း
- ပြန်ရည်ကြောများမှတစ်ဆင့် အခြားအစိတ်အပိုင်းများသို့ သားအိမ်အတွင်းရှိ ဆဲလ်များပျံ့နှံ့သွားခြင်း
- ခုခံအားစနစ်နှင့်ပတ်သက်သောရောဂါများ
ဖြစ်ပွားနိုင်ခြေများသူများ
- အသက် ၃၀ မှ ၄၀ ကြား
- ကလေးမမွေးဖူးသူများ
- အသက် ၁၂ နှစ်မတိုင်မီရာသီလာသူများ
- ရာသီစက်၀န်းတိုသူများ
- မျိုးရိုးရှိသူများ
- တင်ပါးဆုံတွင်း ပိုး၀င်ဖူးသူများ
- သားအိမ်ပုံမှန်မဟုတ်သူများတို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
1. ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း
2. အမျိုးသားနှင့်အတူနေလျှင် နာကျင်ခြင်း
3. ဆီးသွားလျှင် သို့မဟုတ် ၀မ်းသွားလျှင် နာကျင်ခြင်း
4. ရာသီသွေးများခြင်း / ရာသီစက်၀န်းတစ်ခုနှင့်တစ်ခုကြားရာသီသွေးလာခြင်း
5. သားသမီးမရခြင်း
6. နုံးခွေခြင်း၊ ၀မ်းလျှောခြင်း၊ အစာမကြေခြင်း
အထူးသဖြင့်ရာသီလာစဉ် အထက်ပါလက္ခဏာများကို ပိုမိုခံစားရပါတယ်။ ကိုယ်၀န်ဆောင်စဉ် ကာလများတွင် အထက်ပါလက္ခဏာများ ယာယီသက်သာသွားတာကိုတွေ့ရပြီး သွေးဆုံးပြီး နောက်ပိုင်း ဆိုလျှင်တော့ လုံး၀ပျောက်သွားမှာဖြစ်ပါတယ်။
စစ်ဆေးမှု
သားအိမ်အတွင်းသားနေရာလွဲနေခြင်းကို
1. တင်ပါးဆုံအတွင်းပိုင်းစစ်ဆေးခြင်း (Pelvic Exam) ဖြင့် လည်းကောင်း
2. ဓာတ်မှန်နည်းပညာများဖြစ်သော UltraSound, CT, MRI Scan များဖြင့်လည်းကောင်း
3. လူနာကိုမေ့ဆေးပေးကာ ချက်နားတွင်ဓားဖြင့် အနည်းငယ်ခွဲပြီး မှန်ပြောင်းဖြင့်ထည့်ကာ ကြည့်ရှုစစ်ဆေးခြင်း (Laparoscopy)ဖြင့်လည်းကောင်း သိရှိနိုင်ပါတယ်။
ကုသမှု
I. ဟော်မုန်းဖြင့် ကုသမှု
နာကျင်ခြင်းကိုသက်သာစေရန် အောက်ပါဟော်မုန်းဆေးဝါးများဖြင့် ကုသနိုင်ပါသည်။
1. သနေ္ဓတားဆေး
2. GnRH Analog ဆေးဝါးများ - ၎င်းဆေးဝါးများသည် မဟော်မုန်း အီစထရိုဂျင်ပမာဏ ကို လျော့ကျစေပြီး ရာသီလာခြင်းကို ဟန့်တားပေးခြင်းဖြင့် နာကျင်မှုကိုသက်သာစေပါသည်။
3. medroxyprogesterone (Depo-Pnovera) - ၎င်းဆေးဝါးသည် ရာသီသွေးရပ်စေပြီး သားအိမ်အတွင်းသားများ ကြီးထွားမှုကို ရပ်တန့်စေတာကြောင့် နာကျင်မှုကိုလျော့ပါးစေပါတယ်။
4. Danazol - ၎င်းဆေးသည် သားအိမ်အတွင်းသား၏ ကြီးထွားမှုကို ရပ်တန့်စေပြီး ရာသီသွေးပေါ်ခြင်းကို တားဆီးပေးပါသည်။
II. ခွဲစိတ်မှု
ပြင်းထန်သော သားအိမ်အတွင်းသားနေရာလွဲခြင်းတွင် သားအိမ်၊ သားအိမ်ခေါင်းမျိုးဥအိမ်များကို ဖယ်ထုတ်သည့်ခွဲစိတ်မှုများ ပြုလုပ်နိုင်ပါသည်။
အိမ်တွင်းကုထုံး
Endometriosis ကြောင့် နာကျင်ခြင်းကိုသက်သာစေရန်
- ရေနွေးအိတ်ကပ်ခြင်း
- တရားထိုင်ခြင်း
- လေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုပြုလုပ်ပေးသင့်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
ကလေးမရခြင်း - Endometriosis ရောဂါရဲ့ အဓိကပြဿနာဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့အမျိုးသမီး သုံးပုံတစ်ပုံကနေ တစ်၀က်လောက်ဟာ ကိုယ်၀န်ရဖို့ ခက်ခဲတာကိုတွေ့ရပါတယ်။
ကာကွယ်ခြင်း
သားအိမ်အတွင်းသားနေရာလွဲခြင်းကိုကာကွယ်ရန် အောက်ပါနည်းလမ်းများကိုဆောင်ရွက်ပါ။
1. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
တစ်ပတ်ကို ၇ နာရီလောက် လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် Endometriosis လျှော့ချနိုင်တယ်လို့ သိရပါတယ်။
2. အရက်နှင့် ကဖင်းဓာတ်ပါသောအရည်များကိုရှောင်ပါ။
အရက်နှင့် ကဖင်းဓာတ်ပါသောအရည်များကို သောက်သုံးပါက Endometriosis ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ အကြောင်းကတော့ အရက်နှင့်ကဖင်းဓာတ်ပါသော အစားအသောက်တွေက အီထရိုဂျင်ပမာဏကို မြင့်တက်စေပါတယ်။
3. သနေ္ဓတားဆေးမှီ၀ဲပါ
သနေ္ဓသားတားဆေးများဟာ ရာသီပေါ်ခြင်းကို ထိန်းချုပ်ပေးပြီး ရာသီသွေးပမာဏကို လျော့နည်းစေပါသည်။
4. ငါးကြီးဆီ၊ ပဲအမျိုးမျိုး၊ ကောက်နှံတစ်ခုလုံးပါသောအစားအစာများ၊ သစ်သီးများ၊ ကြက်သား၊ မပြည့်၀ဆီနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသောအစားအစာများကိုရွေးချယ်စားသုံးပါ။
5. အီထရိုဂျင်ဟော်မုန်းကြွယ်၀စေသော အစားအစာများကို ရှောင်ရှားပါ။
(1) သကြား
(2) ဂျုံ
(3) ကဖင်းဓာတ်ပါသောအရည်
(4) အရက်
(5) နို့ထွက်ပစ္စည်း
(6) အနီရောင်အသား
(7) ပြည့်၀ဆီ
(8) အလွန်အမင်းသန့်စင်သောဆန်
6. တစ်နေ့ကိုရေ ၆ ခွက် (တစ်လီတာခွဲ) မှ ၈ ခွက် ( နှစ်လီတာ) ထိသောက်ပါ။
Dr. Htet Htet Aung















