အသည်းကင်ဆာ (Liver Cancer)
အသည်းကင်ဆာသည် အသည်းဆဲလ်များမှ စတင်ဖြစ်ပေါ်သောကင်ဆာဖြစ်ပါတယ်။ အသည်းဟာ ဘောလုံးတစ်လုံးစာအရွယ်ရှိပြီး ၀မ်းဗိုက်ညာဘက်ပိုင်းတွင်တည်ရှိပါတယ်။ အဖြစ်အများဆုံး အသည်းကင်ဆာသည် hepatocellular carcinoma ဖြစ်ပြီး hepatocytes ဟုခေါ်သည့် အသည်းဆဲလ်များမှ စတင်ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ အသည်းရှိ အခြားဆဲလ်များမှ ကင်ဆာဖြစ်နိုင်သော်လည်း ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပါတယ်။ ခန္ဓာကိုယ်ရှိ အခြားနေရာများတွင်ဖြစ်ပြီးမှ အသည်းသို့ရောက်လာပါက Metastatic cancer ဟုခေါ်ပါတယ်။
ဖြစ်ပွားရသောအကြောင်းရင်း
အသည်းကင်ဆာ ဖြစ်ပွားရခြင်းအကြောင်းရင်း အများစုအား ရှင်းလင်းစွာမသိရပါ။ အချို့ကိုသာ သေချာသိရှိထားပါတယ်။ ဥပမာ - အသည်းရောင်ဗိုင်းရပ်စ်ပိုးအချို့ နာတာရှည်ဖြစ်ပွားပါက အသည်းကင်ဆာ ဖြစ်နိုင်သည်။ အသည်းဆဲလ်များ၏ DNA အတွင်းအပြောင်းအလဲ (mutation) ဖြစ်ပါက အသည်းကင်ဆာ ဖြစ်ပွားပါတယ်။
အသည်းကင်ဆာဖြစ်နိုင်ခြေရှိသူများ
အသည်းကင်ဆာဖြစ်နိုင်ခြေကို များစေသော အချက်များမှာ-
1) HBV (သို့) HCV နာတာရှည်ဖြစ်ခြင်း - အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်(သို့) C ဗိုင်းရပ်စ်တို့သည် အသည်းကင်ဆာဖြစ်ပွား နှုန်းကိုမြင့်စေပါတယ်။
2) အသည်းခြောက်ရောဂါ - ဤရောဂါကြောင့် အသည်းတွင်အမာရွတ်များဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်ပွားနှုန်းမြင့်စေပါတယ်။
3) မျိုးရိုးလိုက်သော အသည်းရောဂါများ - Hemochromatosis နဲ့ Wilson’s disease ကဲ့သို့ ရောဂါများကြောင့် အသည်းကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားလာပါတယ်။
4) ဆီးချို - ဆီးချိုရောဂါရှိသူများသည် သာမန်လူများထက် အသည်းကင်ဆာဖြစ်ပွားနှုန်းမြင့်မားပါတယ်။
5) အသည်းအဆီဖုံးခြင်း - အသည်းကို အဆီများဖုံးလာပါက ကင်ဆာဖြစ်နှုန်းလည်းမြင့်မားလာပါတယ်။
6) Aflatoxins နှင့်ထိတွေ့ခြင်း - နည်းစနစ်မှန်ကန်စွာ သိုလှောင်ထားခြင်းမရှိသော အသီးအနှံများ တွင် ပေါက်တတ်သော မှိုများမှ Aflatoxins ဟုခေါ်သော ဓာတ်တစ်မျိုး ထွက်လာပါတယ်။ ပြောင်း၊ မြေပဲနှင့် ငရုပ်သီးမှုန့် တို့တွင်တွေ့ရများပြီး အစားအသောက်ပြုလုပ်ရာ၌ ပါ၀င်သွားတတ်ပါတယ်။ အာဖရိကနှင့် အာရှတို့တွင် Aflatoxin ကိုအများဆုံး တွေ့ရပါတယ်။
7) အရက်အလွန်အကျွံသောက်ခြင်း - နှစ်ပေါင်းများစွာအရက်ကို အလွန်အကျွံသောက်ပါက အသည်းပျက်စီး၍ အသည်းကင်ဆာဖြစ်ပွားနှုန်းကို မြင့်မားစေပါတယ်။
8) အ၀လွန်ခြင်း - အ၀လွန်ခြင်းကြောင့်လည်း အသည်းကင်ဆာဖြစ်ပွားနှုန်းကို မြင့်မားစေပါတယ်။
ရောဂါလက္ခဏာများ
အများအားဖြင့် အသည်းကင်ဆာအစောပိုင်းတွင် ရောဂါလက္ခဏာပြလေ့မရှိပါ။ ရောဂါ လက္ခဏာပြသလာပါက တွေ့ရလေ့ရှိသည်များမှာ
1) ကိုယ်အလေးချိန်လျော့ကျခြင်း
2) အစားအသောက်ပျက်ခြင်း
3) ၀မ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း
4) မူးေ၀အော့အန်ခြင်း
5) အားနည်း၍ပင်ပန်းခြင်း
6) ၀မ်းဗိုက်အတွင်း ရောင်ရမ်းခြင်း
7) အသားဝါခြင်း
8) အဖြူရောင်၀မ်းများသွားခြင်း တို့ဖြစ်ပါတယ်။
အသည်းကင်ဆာ အဆင့် 4 ဆင့်
Stage I - အသည်းထဲတွင် ကင်ဆာအကျိတ်တစ်ခုသာရှိပြီး အသည်းတွင်းရှိ သွေးကြောများ၊ အနီးရှိ ပြန်ရေကြောအကျိတ်များ(Lymph nodes) များနှင့် အေ၀းရှိ အခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာ ဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage I ဟုသတ်မှတ်ပါတယ်။
Stage II - ကင်ဆာအကျိတ်တစ်ခုသာရှိသော်လည်း ၎င်းအကျိတ်သည် အသည်းတွင်းရှိ သွေးကြော များအတွင်းသို့ပါ ထိုးဖောက်၀င်ရောက်နေပြီး အနီးရှိ ပြန်ရေကြောအကျိတ်များ (Lymph nodes) များနှင့် အေ၀းရှိ အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage II ဟုသတ်မှတ် ပါတယ်။ (သို့)
- အသည်းထဲတွင် ကင်ဆာအကျိတ်များစွာရှိပြီး ၎င်းအကျိတ်များသည် 5cm (2 လက်မ) နှင့်အောက်ငယ်ခြင်း၊ အနီးရှိ ပြန်ရေကြောအကျိတ်များ(Lymph nodes) များနှင့် အေ၀းရှိ အခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage II ဟုသတ်မှတ်ပါတယ်။
Stage III A - အသည်းထဲတွင် ကင်ဆာအကျိတ်တစ်ခုထက်ပိုရှိနေပြီး ၎င်းတို့ထဲမှ အနည်းဆုံး တစ်ခုသည် 5cm (2လက်မ) ထက်ပိုကြီးနေပြီး အနီးရှိ ပြန်ရေကြောအကျိတ်များ (Lymph nodes) များနှင့် အေ၀းရှိ အခြား ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ သို့ ကင်ဆာဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage III A ဟုသတ်မှတ်ပါတယ်။
Stage III B - အသည်းထဲတွင် ကင်ဆာအကျိတ်တစ်ခုထက်ပိုရှိနေပြီး ၎င်းတို့ထဲမှ အနည်းဆုံး တစ်ခုသည် အသည်း၏အဓိကသွေးကြောအတွင်းသို့ပါ ထိုးဖောက်၀င်ရောက်နေပြီး အနီးရှိ ပြန်ရေကြောအကျိတ်များ (Lymph nodes) များ နှင့် အေ၀းရှိ အခြားကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများသို့ ကင်ဆာဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage III B ဟုသတ်မှတ်ပါတယ်။
Stage III C - ကင်ဆာအကျိတ်သည် အသည်း၏ ကပ်လျက်တွင်ရှိသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုခု သို့ပါ ထိုးဖောက်၀င်ရောက်နေပြီး အနီးရှိ ပြန်ရေကြော အကျိတ်များ (Lymph nodes) များနှင့် အေ၀းရှိ အခြား ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသို့ ကင်ဆာဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage III C ဟုသတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာအကျိတ်သည် အသည်း၏ အပြင်ဘက်အလွှာအထိပါ ရောက်ရှိနေပြီး အနီးရှိ ပြန်ရေ ကြောအကျိတ်များ (Lymph nodes) များနှင့် အေ၀းရှိ အခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများသို့ ကင်ဆာ ဆဲလ်များ ပျံ့န့ှံသေးခြင်းမရှိပါက Stage III C ဟုသတ်မှတ်ပါတယ်။
Stage IV A - ကင်ဆာအကျိတ်သည်အရွယ်အစားနှင့် အရေအတွက်အမျိုးမျိုးရှိနိုင်ပြီး အချို့မှာ အသည်းတွင်းရှိ သွေးကြော (သို့) အသည်းအနီးရှိ ကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့လျက်ရှိနေခြင်း၊ ကင်ဆာဆဲလ်များသည် အနီးရှိ ပြန်ရေကြော အကျိတ်များ (Lymph nodes) များသို့ ရောက်ရှိနေသော်လည်း အေ၀းရှိ အခြားကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများသို့ ပျံ့န့ှံသေးခြင်းမရှိပါက Stage IV A ဟုသတ်မှတ်ပါတယ်။(သို့)
Stage IV B - ကင်ဆာအကျိတ်သည် အရွယ်အစားနှင့် အရေအတွက်အမျိုးမျိုးရှိနိုင်ပြီး ကင်ဆာဆဲလ်များသည် အသည်း၏ အနီး(သို့) အေ၀းတွင်ရှိသော အခြားကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများသို့ပါ ပျံ့န့ှံနေပါက Stage IV B ဟုသတ်မှတ်ပါတယ်။ (အနီးရှိပြန်ရေကြောအကျိတ်များ (Lymph nodes) များတွင် ကင်ဆာဆဲလ်များရောက် ရှိခြင်း ရှိရှိ မရှိရှိ Stage IV B ဟုသတ်မှတ်ပါတယ်။)
ရောဂါစမ်းသပ်စစ်ဆေးခြင်း
အသည်းကင်ဆာမှန်းသိရှိရန် စစ်ဆေးမှုများမှာ -
1) သွေးစစ်ခြင်း - သွေးစစ်ခြင်းဖြင့် အသည်းပုံမှန်အလုပ်လုပ်ခြင်းရှိ မရှိကို သိနိုင်ပါတယ်။
2) Imaging test - ဥပမာ Ultrasound, CT scan, MRI (magnetic resonance imaging)
3) အသည်းမှ tissue ကိုနမူနာရယူခြင်း၊ အသည်းမှအသားစကို biosy ဖြင့်ရယူစစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။
ရောဂါကုသခြင်း
အသည်းကင်ဆာကုသမှုသည် အဆင့်ပေါ်တွင်မူတည်သလို အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ၊ လူနာ၏ ရွေးချယ်မှုတို့ပေါ်၌လဲ မူတည်နေပါတယ်။
ခွဲစိတ်ခြင်း
အသည်းတစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်တောက်၍ ကင်ဆာကျိတ်ကို ဖယ်ရှားခြင်းဖြစ်သည်။ အသည်းရှိ အကျိတ်နေရာပေါ်၌ မူတည်နေသည်။
အသည်းအစားထိုးခြင်း
ရောဂါဖြစ်နေသော အသည်းကိုဖယ်ရှားကာ အလှူရှင်ထံမှရသောအသည်းဖြင့် အစားထိုးခြင်းဖြစ်သည်။
Chemotherapy drugs
ကင်ဆာဆေးများကို အသည်းသို့သွေးများပို့ဆောင်ပေးသော Hepatic artery မှ တဆင့် အသည်းသို့ တိုက်ရိုက်သွင်းခြင်းဖြစ်ပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ခြင်းဖြစ်ပါတယ်။ ထို့နောက်တွင် artery ကိုပိတ်ထား ခြင်းဖြင့် ကင်ဆာဆဲလ်များသို့ သွေးသွားမှုကို ရပ်တန့်ကာ ကင်ဆာကုဆေးများ ရောက်ရှိစေပါတယ်။
အပူပေးခြင်း
Radiofrequency ablation ဖြင့်လျှပ်စစ်ကိုသုံးကာ ကင်ဆာဆဲလ်များကို အပူပေးရှင်းလင်းပစ်နိုင်ပါတယ်။
Radiation Therapy
ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။
Targeted drug therapy
ကင်ဆာကျိတ်၏ သွေးကြောအသစ် ဖြစ်စေနိုင်မှုကို တားဆီးသောဆေးများဖြစ်ပါတယ်။ အသည်းကင်ဆာ အဆင့်မြင့်နေသောသူများတွင် တိုးတက်မှုကို နှေးကွေး (သို့) ရပ်တန့်စေနိုင်ပါတယ်။
ကုသမှုအောင်မြင်နိုင်ခြေ
ကင်ဆာရောဂါ၏အဆင့်နှင့်အမျိုးအစား၊ ရောဂါရှင်၏ လက်ရှိကျန်းမာရေးအခြေအနေနှင့် ကုထုံးရွေးချယ်မှု ကလည်း ပျောက်ကင်းမှုအပေါ် များစွာမူတည်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
အသည်းတွင်ကင်ဆာကျိတ်ပျံ့နှံ့မှုကြောင့်နောက်ဆက်တွဲပြဿနာများဖြစ်လေ့ရှိပြီး ၎င်းတို့မှာ
- သည်းခြေရည်စီးဆင်းမှု ပိတ်ဆို့ခြင်း
- အစာစားချင်စိတ်လျှော့ကျခြင်း
- ဖျားခြင်း
- အသည်းပျက်ဆီးခြင်း
- နာကျင်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း တို့ဖြစ်ပါတယ်။
အသည်းကင်ဆာမဖြစ်အောင်ကာကွယ်ခြင်း
၁။ အသည်းခြောက်ရောဂါအား ကာကွယ်ပါ။
အသည်းခြောက်ရောဂါကြောင့် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းမြင့်မားစေပါတယ်။ ဒါကြောင့် အသည်း ခြောက်ရောဂါကို လျှော့ချနိုင်ရန် -
- အရက်ဖြတ်ပါ။ မဖြတ်နိုင်လျှင် အမျိုးသမီးများဆိုပါက တစ်နေ့တစ်ခွက်၊ အမျိုးသားများဆိုလျှင် တစ်နေ့ နှစ်ခွက်ထက် ပိုမသောက်ပါနှင့်။
- ကိုယ်အလေးချိန်ထိန်းပါ။ ကိုယ်အလေးချိန် လျှော့ချရန်လိုအပ်ပါက အစားအသောက်လျော့၍ လေ့ကျင့်ခန်း ပိုလုပ်ခြင်းဖြင့်လျှော့ချပေးပါ။ တစ်ပတ်လျှင် 1ပေါင် 2 ပေါင် လျော့ချရန်သာ အဓိကထားပါ။
- အိမ်နှင့်အလုပ်တွင် ဓာတုပစ္စည်းများသုံးပါက သတိထားပါ။
၂။ အသည်းရောင်အသားဝါ B ပိုးကို ကာကွယ်ပါ။
B ပိုးကာကွယ်ဆေးထိုးထားခြင်းဖြင့် အသည်းရောင် အသားဝါ B ပိုး ၀င်ရောက်နိုင်ခြေကို 90 % ကျော် အထိ ကာကွယ်ပေးပါတယ်။
၃။ အသည်းရောင်အသားဝါ C ပိုး ကို ကာကွယ်ပါ။
C ပိုးကာကွယ်ဆေးမရှိသေးသော်လည်း ကြိုတင်ကာကွယ်မှု ပြုနိုင်ပါတယ်။
- မိမိအဖော်၏ကျန်းမာရေးအခြေအနေကိုသိပါ။ အဖော်တွင် B ပိုး၊ C ပိုး နှင့်အခြားကူးစက်ရောဂါများ မရှိကြောင်း မသေချာဘဲနှင့် အကာအကွယ်မပါဘဲ အတူနေခြင်းမပြုပါနှင့်။
- သွေးကြောအတွင်းမှ မူးယစ်ဆေးသွင်းခြင်းမပြုပါနှင့်။
- နားဖောက်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်းတို့ကို အန္တရာယ်ကင်းသောနေရာ၌သာ ပြုလုပ်ပါ။
အသည်းကင်ဆာေ၀ဒနာရှင်များ ရှောင်ကြဉ်ရမည့် အစားအစာများ
၁။ ပရိုတိန်း
ပရိုတိန်း(အသားဓာတ်)များစွာစားခြင်းဖြင့် အသည်းနှင့်ခန္ဓာကိုယ်တွင် အဆိပ်အတောက်များ စုေ၀း လာနိုင်ပြီး အသည်း၏အခြေအနေကို ပို၍ဆိုးရွားစေနိုင်ပါတယ်။ ဒါပေမယ့် အသားဓာတ်ချို့တဲ့သည်အထိ အလွန် အမင်း ရှောင်ကြဉ်တာမျိုးတော့ မလုပ်ရပါဘူး။
၂။ အဆီများသော အစားအစာများ
အသည်းရောဂါဖြစ်လျှင် အဆီစားသုံးမှုကို ကန့်သတ်ရန်လိုပါတယ်။ အဆီများစွာစားပါက အသည်းအား ၀န်ပိစေနိုင်ပါတယ်။
၃။ ဆားများသော အစားအစာများ
ဆားများစွာပါသော အစာကိုစားပါက အသည်းကင်ဆာကိုပို၍ဆိုးစေနိုင်ပါတယ်။ ဆားကြောင့် အသည်းပို ရောင်စေနိုင်သလို အသည်းတွင်အရည်များလည်း စုေ၀းလာစေနိုင်ပါတယ်။
၄။ အရက်ရှောင်ခြင်း
ဒဏ်ပိနေသော အသည်းအား အရက်ဖြင့် ပိုဆိုးအောင်မလုပ်ပါနှင့်။
အသည်းကင်ဆာေ၀ဒနာရှင်များ စားသုံးသင့်သည့် အစားအစာများ
၁။ ဟင်းသီးဟင်းရွက်များ
အသည်းကင်ဆာဖြစ်ပါက ဓာတုပစ္စည်းပါသော အသင့်စားအစာများကိုရှောင်၍ သဘာ၀အသီးအရွက်များ ကို ပို၍စားသုံးပေးသင့်ပါတယ်။
၂။ ဂျင်း
အသည်းကင်ဆာအတွက် ဆေးကုသမှုခံယူစဉ် မူးေ၀လာပါက ဂျင်းပြုတ်ရည်ကို သောက်ပေးနိုင်ပါတယ်။
၃။ ပမာဏနည်းနည်းစီ ခွဲစားခြင်း
တစ်ရက်လျှင် အစာကြီး သုံးကြိမ်များများ စားမည့်အစား နည်းနည်းခြင်းစီဖြင့် ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ စားသင့်ပါတယ်။
အဆီလျှော့စားခြင်း
အဆီများသောအသားများကိုရှောင်၍ ဆီမပါအောင်ချက်ပြုတ် စားသောက်သင့်ပါတယ်။




























