/
news/ကျန်းမာရေး-z/သွေးပြန်ကြောထုံးခြင်း-varicose-veins

သွေးပြန်ကြောထုံးခြင်း (Varicose Veins)

Category
ကျန်းမာရေး (A-Z)

        အသက်ရတာနဲ့အမျှ ခြေသလုံးနဲ့ပေါင်တွေမှာ သွေးကြောပြာပြာစိမ်းစိမ်းတွေကို တွေ့လာတတ်ပါတယ်။ အဲဒီထဲက ၆၀% က Varicose vein လို့ခေါ်တဲ့သွေးပြန်ကြောထုံးခြင်း ဖြစ်ပါတယ်။  တကိုယ်လုံးမှာဖြစ်နိုင်သော်လည်း ခြေထောက်မှာပိုပြီး အဖြစ်များပါတယ်။

 

♦ ရောဂါလက္ခဏာများ

        ရောဂါလက္ခဏာတွေကတော့ -

-   ခြေထာက်ရောင်လာခြင်း

-   ခြေသလုံးကြွက်သားနာကျင်ခြင်း

-   ကြွက်တက်ခြင်း

-   အချိန်တော်တော်ကြာအောင်ထိုင်မိပါက (သို့) မတ်တပ်ရပ်မိပါက နာကျင်မှုပိုဆိုးလာခြင်း

-   ယားယံခြင်း

-   ခြေမျက်စိနားတွင်အနာဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

 

♦ ဖြစ်ပွားရတဲ့အကြောင်းရင်းများ

        သွေးကြောဟုဆိုရာတွင် နှလုံးကနေ တကိုယ်လုံးကိုရောက်အောင် လွှတ်ပေးတဲ့ arteny သွေးလွှတ်ကြောနဲ့ တကိုယ်လုံးက သွေးအဟောင်းတွေကို နှလုံးဆီပြန်လာဖို့ သယ်ပို့ပေးတဲ့ vein သွေးပြန်ကြောဆိုပြီး ၂ မျိုးရှိ ပါတယ်။ နှလုံးဆီကို သွေးတွေပြန်ပို့ဖို့အတွက် ခြေထောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေဟာကမ်ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး လုပ်ဆောင်ရပါတယ်။ ဒီသွေးပြန်ကြောတွေထဲမှ သွေးတွေနောက်ပြန် မစီးအောင် ပြုလုပ်ပေးနေတဲ့ အဆို့ရှင်လေးတွေရှိပါတယ်။ ၎င်းအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်တဲ့အခါမှာ သွေးတွေအောင်း လာပြီး သွေးပြန်ကြောတွေ ဖောင်းကြွလာဖြစ်ပါတယ်။ အဲဒါကို သွေးပြန်ကြောထုံးခြင်းလို့ ခေါ်ပါတယ်။

 

          အသက် - အသက်ကြီးလာတဲ့အခါ သွေးပြန်ကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်း (Elasticity) လည်း လျှော့ကျလာသလို အဆို့ရှင်လေးတွေလည်း အားနည်းလာပါတယ်။ ဒီလိုအနေအထားမျိုးမှာ သွေးပြန်ကြောထုံးတာတွေ ဖြစ်လာပါတယ်။

 

          ကိုယ်၀န်ဆောင်ချိန် - ကိုယ်၀န်ဆောင်စဉ်ကာလမှာ သာမန်အချိန်ထက် ခန္ဓာကိုယ်တွင်း သွေးပမာဏ များနေပါတယ်။ ဒါပေမယ့် ခြေထောက်ကနေ တင်ပဆုံကို သွေးပြန်စီးဆင်းတဲ့နှုန်းကတော့ ကျဆင်းသွားပါတယ်။ ဒီအတွက် ခြေထောက်ထဲက သွေးပြန်ကြောတွေဟာ သွေးတွေနဲ့ ဖောင်းလာရာ က သွေးပြန်ကြောထုံးခြင်း ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ သားအိမ်မှ သွေးပြန်ကြောများအပေါ် ဖိအားများလွန်းခြင်းတို့ကလည်း သွေးပြန်ကြောထုံးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါပေမယ့် ကိုယ်၀န်ဆောင်ချိန်ကာလအတွင်းမှာ ပေါ်လာတဲ့ သွေးပြန်ကြောအထုံးတွေက ကလေးမွေးပြီး (3) လအတွင်းမှာ ကုသမှုခံယူစရာမလိုဘဲ တဖြည်းဖြည်းသက်သာသွားပါတယ်။

 

သွေးပြန်ကြောထုံးခြင်းကို မြင့်တက်စေသောအကြောင်းရင်းများ

1.  အသက်ကြီးခြင်း

2.  အမျိုးသမီးများ - ဟော်မုန်းအပြောင်းအလဲတွေ (ဥပမာ - ရာသီမလာခင် ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းပြောင်းလဲခြင်း၊ သွေးဆုံးချိန်ဟော်မုန်းပြောင်းလဲခြင်း၊ ဟော်မုန်းဆေးများသုံးစွဲခြင်း၊ သနေ္ဓတားဆေးများသုံးစွဲခြင်းတို့ကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သွေးပြန်ကြောထုံးနိုင်ခြေပို များပါတယ်။

3.  မျိုးရိုးလိုက်ခြင်း

4.  အ၀လွန်ခြင်း

5.  အချိန်ကြာမြင့်စွာ ထိုင်ခြင်း

6.  အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း

7.  လေးလံသောပစ္စည်းများကို ထမ်းပိုးရသော အလုပ်မျိုးကို လုပ်ခြင်း

 

နောက်ဆက်တွဲဆိုးကျိုးများ

1.  အနာဖြစ်ခြင်း - ခြေမျက်စိနားမှာဖြစ်လေ့ရှိပြီး အလွန်အမင်းနာကျင်တတ်ပါတယ်။

2.  သွေးပြန်ကြောအတွင်း သွေးခဲဖြစ်ပေါ်ခြင်း

 

စစ်ဆေးခြင်း

        သွေးပြန်ကြောထုံးခြင်းက သိသာထင်ရှားတာမို့ မြင်ရုံနဲ့သိနိုင်ပါတယ်။ သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်များ ကောင်း၊ မကောင်းသိချင်ရင်တော့ တယ်လီဗွီးရှင်းဓာတ်မှန် (USG) ရိုက်ကြည့်လို့ရပါတယ်။

 

ကုသမှု

1.  အိပ်ရင်ပဲဖြစ်ဖြစ်၊ ထိုင်ရင်ပဲဖြစ်ဖြစ် ခြေထောက်ကိုမြင့်မြင့်ထားပါ။

2.  ကိုယ်အလေးချိန်လျော့ပါ။

3.  လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

4.  အရမ်းကျပ်တဲ့အ၀တ်အစားများကို မ၀တ်ပါနဲ့။

5.  ကြာကြာမတ်တတ်ရပ်ခြင်း (သို့) ထိုင်ခြင်းကိုရှောင်ပါ။

6.  Compression Stocking လို့ခေါ်တဲ့ ခြေအိတ်၀တ်ပေးပါ။

7.  နာကျင်မှုအတွက် ဆရာ၀န်နှင့် တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပါ။

 

အခြားသောကုသမှုများ

Sclerotherapy – သွေးပြန်ကြောများအတွင်းသို့ ဆေးထိုးပြီး သွေးပြန်ကြောများ ထုံးခြင်းကို ပျောက်ကင်းအောင် ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။ သေချာစွာပြုလုပ်နိုင်ပါက ထိရောက်မှုရှိတဲ့ နည်းဖြစ်ပါတယ်။

 

Laser therapy - လေဆာအသုံးပြု၍ အပူပေးပြီး သွေးပြန်ကြောများပိတ်သွားအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ တစ်ခါဘဲလုပ်ပေးဖို့လိုအပ်ပါတယ်။

 

Vein Stripping - အပေါ်ယံသွေးပြန်ကြောအတွင်း သွေးပြန်ကြောထုံခြင်းဖြစ်ပါက အသုံးပြုနိုင်ပါ တယ်။ ဖြစ်နေတဲ့ သွေးပြန်ကြောကို ခွဲထုတ်တဲ့နည်း ဖြစ်ပါတယ်။ ခြေထောက်ကနေ နှလုံးဆီသို့ ပြန်လာ တဲ့ သွေးအများစုကို အတွင်းပိုင်းက သွေးပြန်ကြောကနေ သယ်ပို့ပေးတာကြောင့် အပေါ်ယံ သွေးပြန်ကြောကို ဖယ်ရှားပစ်လို့ ရပါတယ်။

 

Ambulatory phegbectomy - ခွဲစိတ်တာပဲဖြစ်ပါတယ်။ သွေးပြန်ကြောသေးသေးလေးများ တွင်ဖြစ်ပါက အသုံးပြုပါတယ်။

 

Endoscopic Vein Surgeny - ကင်မရာအသုံးပြုပြီး ခွဲစိတ်တဲ့နည်းဖြစ်ပါတယ်။

 

Catheter assisted procedures -  သွေးပြန်ကြောအကြီးများတွင်ဖြစ်ပါက ဤနည်းကို အသုံးပြုကြပါတယ်။ ပိုက်သေးတစ်ချောင်းရဲ့ထိပ်ကို အပူပေးပြီး ဖြစ်နေတဲ့သွေးပြန်ကြောထဲကို ထိုးသွင်းပါတယ်။ ပြီးရင်ပိုက်ကို ပြန်ဆွဲထုတ်ပါတယ်။ အပူကြောင့်သွေးပြန်ကြောပြားချပ်သွားပြီး ပိတ်သွားမှာဖြစ်ပါတယ်။

 

ကာကွယ်နည်း

        နေထိုင်မှုပုံစံပြောင်းပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်လမ်းလျှောက်ပါ။ ခြေထောက်အဖျားပိုင်းကို အမြင့်မှာ ထားပြီးနားပါ။ ခြေချိတ်မထိုင်ပါနှင့်၊ ကျပ်လွန်းသောအ၀တ်အစားများ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ဆားလျော့စားပါ။ သင့်တင့်မျှတသောကိုယ်အလေးချိန်ကိုထိန်းပါ။ အချိန်အကြာကြီး ထိုင်ခြင်း(သို့) မတ်တပ်ရပ်ခြင်းကိုရှောင်ကြဉ်ပါ။

 

 

Dr. Htet Htet Aung

www.drmyanmar.com