သွေးအားနည်းရောဂါ (Anemia)
သွေးအားနည်းရောဂါ (Anaemia) ဟာ အများဆုံးတွေ့ရသော သွေးရောဂါအမျိုးအစားဖြစ်ပြီး သွေးနီဥ မလုံလောက်လျှင် (သို့) သွေးနီဥများကောင်းစွာအလုပ်မလုပ်လျှင် ဖြစ်ပေါ်လာပါတယ်။ သွေးစစ်၍ သွေးနီဥ (hemoglobin) ပမာဏသည် အမျိုးသား၌ 13.5gm/dl၊ အမျိုးသမီး၌ 12gm/dl အောက်နည်းပါက သွေးအားနည်းရောဂါ (anemia) လို့ သတ်မှတ်ပါတယ်။
ဖြစ်ပွားရသော အကြောင်းအရင်းများ
သွေးအားနည်းရောဂါအမျိုးကွဲ 400 ကျော်ရှိပြီး အုပ်စု 3 ခုခွဲနိုင်ပါတယ်။
(1) သွေးဆုံးရှုံးသဖြင့်ဖြစ်သော သွေးအားနည်းရောဂါ
(2) သွေးနီဥထုတ်လုပ်မှုနည်းခြင်း (သို့) ပုံမမှန်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
(3) သွေးနီဥများပျက်စီးခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
(1) သွေးဆုံးရှုံးမှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
သွေးနီဥများသည် သွေးထွက်ရာမှ ဆုံးရှုံးနိုင်ပြီး အချိန်ကြာမြင့်စွာတဖြည်းဖြည်းဖြစ်နေပါက သတိမထားမိဘဲရှိတတ်သည်။ ၎င်းအခြေအနေမျိုးကို…..
- အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း
- အူလမ်းကြောင်းတစ်လျှောက်တွင် အနာဖြစ်ခြင်း၊ လိပ်ခေါင်းရောဂါ
- အမျိုးသမီးများ၌ ဓမ္မတာလာခြင်းနှင့် ကလေးမွေးဖွားခြင်း (အထူးသဖြင့် ဓမ္မတာလာသောပမာဏများပြီး ကိုယ်၀န်ဆောင်သောအကြိမ်များခြင်း)တို့တွင် တွေ့နိုင်ပါတယ်။
(2) သွေးနီဥထုတ်လုပ်မှုနည်းခြင်း (သို့) ပုံမမှန်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
ထိုကဲ့သို့ သွေးအားနည်းခြင်းသည် ခန္ဓာကိုယ်မှ သွေးနီဥနည်းပါးစွာထုတ်ခြင်း (သို့) သွေးနီဥများ အလုပ်ပုံမှန်မလုပ်ခြင်းကြောင့်ဖြစ်ပါတယ်။ ထိုကဲ့သို့ သွေးအားနည်းရောဂါ (anemia) များမှာ -
- Sickle cell anemia (အာဖရိကန် - အမေရိကန်များ၌ဖြစ်တတ်သော မျိုးရိုးလိုက်သည့် သွေးရောဂါတစ်မျိုး)
- သံဓာတ်ချို့တဲ့ခြင်း
- ဗိုက်တာမင်ချို့တဲ့ခြင်း
- ရိုးတွင်းခြင်ဆီနှင့် ဗီဇဆဲလ် (stem cell) ဆိုင်ရာ ပြဿနာ
- အခြားကျန်းမာရေးပြဿနာများတို့ဖြစ်ပါတယ်။
သံဓာတ်ချို့တဲ့ခြင်း (Iron deficiency)
ခန္ဓာကိုယ်အတွင်းသံဓာတ်ချို့တဲ့ပါက သွေးအားနည်းလာနိုင်ပါတယ်။ အကြောင်းမှာ ရိုးတွင်းခြင်ဆီမှသွေးနီဥ ထုတ်လုပ်ရန် သံဓာတ်လိုအပ်ပြီး သံဓာတ်လုံလောက်စွာမရှိပါက သွေးနီဥလုံလုံလောက်လောက် မထုတ်နိုင်တော့ဘဲ iron-deficiency anemia ဖြစ်တတ်ပါတယ်။ ဤကဲ့သို့ သွေးအားနည်းခြင်းကို…..
- သံဓာတ်ချို့တဲ့သောအစားအစာများကိုစားခြင်း (မွေးကာစကလေးများ၊ ကလေး၊ လူငယ်နှင့် သတ်သတ်လွတ်စားသူများ)
- ကိုယ်၀န်ဆောင်ချိန်နှင့် နို့တိုက်ချိန်နှင့်
- အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှသွေးထွက်များသူများမှာတွေ့ရပါတယ်။
ဗိုက်တာမင်ချို့တဲ့ခြင်း
ခန္ဓာကိုယ်မှသွေးနီဥထုတ်လုပ်ရန် ဗိုက်တာမင် B12 နှင့် Folic acid (2) မျိုးလိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီဗိုက်တာမင်တစ်မျိုးမျိုးချို့တဲ့ပါက သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ ဗိုက်တာမင် ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သွေးအားနည်းရောဂါများမှာ -
Megaloblastic anemia - B 12 (သို့) Forlate (သို့) နှစ်မျိုးလုံးချို့တဲ့ခြင်း
Pernicious anemia - Crohn’s disease ကဲ့သို့ ရောဂါများကြောင့် Vit-B12 စုပ်ယူမှု ချို့တဲ့ခြင်း
အစားအသောက်ချို့တဲ့ခြင်း - သတ်သတ်လွတ်စားသူများ (သို့) အသားငါးအနည်းငယ်သာစားသူများမှာ ဗိုက်တာမင် B12 ချို့တဲ့လာနိုင်ပါတယ်။ အသီးအရွက်စားသုံးမှုနည်းခြင်း၊ ကြာရှည်စွာချက်ပြုတ်ခြင်းကြောင့် လည်း Folate ချို့တဲ့နိုင်ပါတယ်။
အခြားအချက်များ - ကိုယ်၀န်ဆောင်ခြင်း၊ ဆေးအချို့၊ အရက်အလွန်အကျွံသောက်ခြင်းကြောင့် လည်း သွေးအားနည်းရောဂါ ရနိုင်ပါတယ်။
ရိုးတွင်းခြင်ဆီနှင့် ဗီဇဆဲလ် (stem cell) ပြဿနာ
ရိုးတွင်းခြင်ဆီအတွင်းမှာရှိတဲ့ stem cells အချို့ဟာ သွေးနီဥဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးတွင်းခြင်ဆီမှာ ဖြစ်စေဗီဇဆဲလ် (stem cell) မှာဖြစ်စေ ရောဂါတစ်ခုခုဖြစ် ပါက သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒီလိုရောဂါ အမျိုးအစားများမှာ -
- Aplastic anemia - Stem cell များလျော့နည်းခြင်း(သို့) မရှိတော့ပါက Aplastic anemia ဖြစ်လာ သည်။ မျိုးရိုးလိုက်ပြီးဖြစ်နိုင်သလို ရိုးတွင်းခြင်ဆီအား ထိခိုက်စေနိုင်သောရောဂါနှင့်ဆေးဝါးများ၊ ဓာတ်ရောင်ခြည် စသည်တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။
- Thalassemia - သွေးနီဥများပုံမှန်မကြီးထွားနိုင်သော Thalassemia ရောဂါဟာ မျိုးရိုးလိုက်သော ရောဂါမျိုးဖြစ်ကာ Medilerranean၊ အာဖရိကန်၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှမှ လူများတွင်သာဖြစ်ပွားပါတယ်။ ပုံမှန်ရောဂါအဆင့်မှ အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်ပါတယ်။
- ခဲဆိပ်သင့်ပါက ရိုးတွင်းခြင်ဆီရောဂါဖြစ်ပြီး သွေးနီဥနည်းလာနိုင်ပါတယ််။ လူကြီးများတွင် အလုပ်ပတ်၀န်းကျင်အရ ခဲဆိပ်သင့်နိုင်ပြီး အိမ်သုတ်ဆေးကိုခွာစားတတ်သော ကလေးများတွင်လည်းဖြစ်နိုင်ပါတယ်။
အချို့သောအခြေအနေများတွင် သွေးနီဥထုတ်လုပ်ရန် ဟော်မုန်း နည်းပါးခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ၄င်းတို့မှာ -
- ပြင်းထန်သောကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
- ကင်ဆာ၊ ဆီးချို၊ အဆစ်အမြစ်ရောင် စသည့် နာတာရှည်ရောဂါများ
- အသက်အရွယ်အိုမင်းခြင်း….. တို့ဖြစ်ပါတယ်။
(3) သွေးနီဥများပျက်စီးခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
သွေးနီဥများသည် ပုံမှန်သွေးလည်ပတ်မှုဒဏ်ကို မခံနိုင်ပါက အချိန်မတိုင်မီ ပြိုကွဲပျက်စီးသွားနိုင်ပြီး hemolytic anemia ဖြစ်လာပါတယ်။ Hemolytic anemia သည် မွေးကင်းစကတည်းကရှိနိုင်ပြီး တစ်ခါတစ်ရံဖြစ်ပွားရသည့် အကြောင်းရင်းအားမသိနိုင်ပေ။ Hemolytic anemia အဖြစ်များသောအကြောင်းအရင်းများမှာ…..
- sickle cell anemia နှင့် thalassemia
- ဆေး၊ ရောဂါ၊ မြွေ (သို့) ပင့်ကူအဆိပ်၊ မတည့်သောအစားအစာ
- အသည်း(သို့) ကျောက်ကပ်ရောဂါဆိုးပါက ထွက်လာသောအဆိပ်များ
- ခုခံအားစနစ်မှ မှားယွင်းတိုက်ခိုက်မှု
- နှလုံးအဆို့ရှင်အတုသုံးခြင်း၊ ပြင်းထန်စွာမီးလောင်ခံရခြင်း၊ လွန်မင်းစွာသွေးတိုးခြင်း
သွေးအားနည်းရောဂါလက္ခဏာများ
သွေးအားနည်းရောဂါအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာများကကွဲပြားပါ တယ်။ သွေးအားနည်းရောဂါအမျိုးအစားများစွာအတွက် တူညီသောရောဂါလက္ခဏာများမှာ…..
- အလွယ်တကူမောပန်း၍ အားအင်မရှိခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်…..)
- အသက်ရှူကျပ်၍ ခေါင်းကိုက်ခြင်း (အထူးသဖြင့်လေ့ကျင့်ခန်းလုပ်ချိန်…..)
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- မူးေ၀ခြင်း
- အသားအရေဖျော့တော့ခြင်း
- ကြွက်တက်ခြင်း
- အိပ်မပျော်ခြင်း
သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ပါက တွေ့ရတတ်သောရောဂါလက္ခဏာများမှာ…..
- စက္ကူ၊ ဖုန် စသည့် ထူးဆန်းသောပစ္စည်းများအားစားလိုခြင်း
- လက်သည်းခွံများကြွပ်ဆတ်လာခြင်း
- ပါးစပ်ထောင့်စွန်း၌ အက်ကွဲ၍ ယောင်ရမ်းခြင်း
ဗိုက်တာမင် B12 ချို့တဲ့ပါက
- လက်နှင့်ခြေများ၌ တစစ်စစ်စူးကာထုံကျဉ်သကဲ့သို့ ခံစားရခြင်း
- လမ်းလျှောက်ရခက်ခြင်း
- လက်၊ ခြေများတောင့်တင်းခြင်း
- စိတ်ထင်ရာတို့အား မြင်ခြင်း
ခဲဆိပ်သင့်မှုကြောင့်ဖြစ်ပါက
- သွားဖုံး၌ နက်-ပြာရောင်လိုင်းတွေ့ရခြင်း
- ဗိုက်နာ/ဗိုက်အောင့်ခြင်း
- ၀မ်းချုပ်ခြင်း
- အန်ခြင်း
သွေးနီဥများကာလရှည်ပျက်စီးမှုကြောင့်ဖြစ်ပါက
- အသားဝါခြင်း
- ဆီးညို(သို့)နီခြင်း
- ကလေးငယ်စဉ်ကတည်းက ကြီးထွားမှုနှေးခြင်း
Sickle Cell Anemia
- မောပန်းခြင်း
- ရောဂါဖြစ်လွယ်ခြင်း
- ကလေးဘ၀တွင် ကြီးထွားမှုနှေးခြင်း
- အဆစ်၊ ဗိုက်၊ လက်၊ ခြေတို့တွင် ပြင်းထန်စွာနာခြင်း
သွေးနီဥများရုတ်တရက်ပျက်စီး၍ဖြစ်ပါက
- ၀မ်းဗိုက်နာခြင်း
- ဆီးညို(သို့)နီခြင်း
- အသားဝါခြင်း
- အရေပြား၌ ပွန်းသကဲ့သို့ အရာများထင်ခြင်း
အောက်ပါရောဂါလက္ခဏာများကိုသတိထားမိပါက ဆရာ၀န်နှင့်တိုင်ပင်သင့်သည်။
- အမြဲတမ်းမောပန်း၍အသက်ရှူမ၀ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ အသားအရေဖျော့တော့ခြင်းနှင့် အခြားသွေးအားနည်းသည့် လက္ခဏာများ
- အစာမစားခြင်း(သို့) ဗိုက်တာမင်နှင့် သတ္တုဓာတ်များမလုံလောက်ခြင်း
- ဓမ္မတာလာမှု ပမာဏလွန်မင်းစွာများခြင်း
- အစာအိမ်ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ လိပ်ခေါင်း၊ ၀မ်းသွားရာ၌ သွေးပါခြင်း
- ပတ်၀န်းကျင်တွင် ခဲနှင့်ထိတွေ့မှုရှိခြင်း
ရောဂါရှာဖွေ စစ်ဆေးခြင်း
သွေးအားနည်းရောဂါအားရောဂါရှာဖွေနိုင်ရန် ဆရာ၀န်မှ သင်၏ရောဂါရာဇ၀င်ကိုမေး၍ စစ်ဆေးစမ်းသပ်ပြီး သွေးစစ်ရန်ညွှန်ကြားပါလိမ့်မယ်။
သွေးအားနည်းခြင်းသည် (1) သွေးဆုံးရှုံးခြင်း၊ (2) သွေးနီဥထုတ်လုပ်မှုနည်းခြင်း (သို့) ပုံမမှန်ခြင်း၊ (3) သွေးနီဥများပျက်စီးခြင်းကြောင့် ဖြစ်နိုင်သည်။
သွေးစစ်ခြင်းဖြင့် သွေးအားနည်းရောဂါ ဖြစ်ကြောင်းသေချာစေရုံမျှမက ဖြစ်ပွားရခြင်းအကြောင်းရင်း အားလည်းသိနိုင်သည်။ စမ်းသပ်ရာတွင်
- Complete blood count (CBC) သည် သွေးနီဥ၏အရေအတွက်၊ အရွယ်အစား၊ ပမာဏ စသည်တို့အားသိနိုင်သည်။
- Blood iron level နှင့် serum ferritin level သည် ခန္ဓာကိုယ်ရှိသံဓာတ်ပမာဏကို အကောင်းဆုံးညွှန်ပြနိုင်သည်။
- ဗိုက်တာမင် B12 နှင့် Folate ပမာဏ
- Reticulocyte count, bilirubin နှင့် အခြားသွေးနှင့် ဆီးစစ်ဆေးမှုများ
ကုသမှု
သွေးအားနည်းရောဂါအမျိုးအစားတစ်ခုအတွက် ကုသမှုသည် အခြားတစ်ခုအတွက် မသင့်ရုံမက အန္တရာယ်ရှိနိုင်၍ အခြေခံအကြောင်းရင်းအားမသိဘဲမကုသသင့်ပေ။
သွေးဆုံးရှုံးမှုကြောင့်ဖြစ်ခြင်း
ရုတ်တရက် သွေးများစွာဆုံးရှုံးခဲ့ပါက သွေးသွင်းခြင်းဖြင့် အောက်ဆီဂျင်နှင့် သံဓာတ်ဖြည့်တင်းခြင်းဖြင့် လိုအပ်သော သွေးနီဥအသစ်များကို ရရှိစေနိုင်ပါတယ်။ နာတာရှည်ရောဂါကြောင့်ဖြစ်ပါက သွေးထွက်သည့် ဇစ်မြစ်အားရှာဖွေ၍ သွေးမထွက်ရန် ကုသပြီးမှလိုအပ်ခဲ့လျှင် သံဓာတ်ချို့တဲ့မှုအားဆက်လက်ကုသပေးရပါမယ်။
သွေးနီဥထုတ်လုပ်မှုလျော့နည်းခြင်း
သွေးနီဥထုတ်လုပ်မှုလျော့နည်းခြင်းကြောင့်ဖြစ်ပါက ကုသမှုသည် အခြေခံရောဂါပေါ်၌ မူတည်၍ကွဲပြားသွားပါတယ်။
သံဓာတ်ချို့တဲ့ခြင်း
သံဓာတ်လုံလုံလောက်လောက်မရှိပါက ခန္ဓာကိုယ်သည် ပုံမှန်သွေးနီဥကိုမထုတ်လုပ်နိုင်တော့ပေ။
သံဓာတ်ချို့တဲ့ပါက ဆရာ၀န်မှ Ferrous iron ပါ၀င်သော သံဓာတ်အားဖြည့်ဆေးဖြင့် ဖြည့်စွက် ကုသပေးနိုင်ပါတယ်။ သံဓာတ်အားဖြည့်ဆေးများသုံးစွဲပါက ဆရာ၀န်နှင့်တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။ သံဓာတ်ပိုလျှံပါက မောပန်းခြင်း၊ အန်ခြင်း၊ ၀မ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးရောဂါနှင့် အဆစ်အမြစ်ဆိုင်ရာပြဿနာများစသည့် ဘေးထွက်ဆိုးကျိုးများကြုံနိုင်ပါတယ်။
သံဓာတ်နည်းပါးရခြင်းရဲ့ အကြောင်းအရင်းကိုရှာဖွေပြီး ကုသဖို့လည်းလိုပါတယ်။
ဗိုက်တာမင် B12 နှင့် Folate ချို့တဲ့ခြင်း
ကုသမှုသည် ချို့တဲ့သည့်အရာပေါ်မူတည်ပြီး B12 ချို့တဲ့ပါက B12 ထိုးဆေးဖြင့် ကုသနိုင်သည်။ သောက်ဆေးအနေဖြင့် ပေးနိုင်သော်လည်း ပုံမှန်ဗိုက်တာမင်ဆေးများတွင်ပါ၀င်သည့် ပမာဏထက်အဆ 200 ခန့်ပို၍ ပေးရမှာဖြစ်ပါတယ်။ လိုအပ်သော B12 ရရှိသွားပါက ရောဂါလက္ခဏာ အများစုမှ သက်သာသွားနိုင်ပါတယ်။
B12 ကို အူလမ်းကြောင်းမှ လုံး၀စုပ်ယူမှုမပြုနိုင်ပါက 1 လ (သို့) 3 လ တစ်ခါ B12 ထိုးဆေး (သို့) နေ့စဉ် သောက်ဆေးဖြင့် တစ်သက်လုံးကုသသွားရပါမယ်။
Folate ချို့တဲ့ပါကဆေးပေး၍ကုသနိုင်သလို အစားအစာများဖြင့်လည်း ဖြည့်စွက်နိုင်သည်။ Folate သည် လတ်ဆတ်သောအသီးအနှံ၊ ဟင်းရွက်စိမ်း၊ အသည်း၊ ကျောက်ကပ်၊ နို့ထွက်ပစ္စည်းများ၌ ပေါများစွာတွေ့ရသည်။
ရိုးတွင်းခြင်ဆီနှင့် Stem cell ပြဿနာ
ရိုးတွင်းခြင်ဆီနှင့် Stem cell ပြဿနာကြောင့်ဖြစ်ပွားပါက ကုသရခက်ခဲနိုင်ပါတယ်။ အချို့ သွေးအားနည်းရောဂါသည် ကုသစရာမလိုသော်လည်းအချို့မှာမူ သွေးဆက်တိုက် သွင်းရခြင်း။ ယေဘုယျအားဖြင့် ရိုးတွင်းခြင်ဆီအစားထိုးကုသမရမှုလည်းရှိနိုင်ပါတယ်။
နာတာရှည်ရောဂါ
နာတာရှည်ရောဂါကြောင့်ဖြစ်ပါက ဖြစ်နိုင်လျှင် နာတာရှည်ရောဂါအားအရင်ကုသရပါမယ်။
သွေးနီဥပျက်စီးမှုများခြင်း
သွေးနီဥပျက်စီးမှုများပါကလည်း မူလဇစ်မြစ်ရာဂါကိုကုသရမည်ဖြစ်ပြီး ရောဂါဆိုးဝါးမှုမရှိပါက ကုသမှုပင်မလိုအပ်ပေ။
ကုသမှုပြုလျက်နှင့် hemolytic anemia ဆက်ဖြစ်နေပါ ဘေလုံး (spleen) အား ခွဲစိတ်ထုတ်ပစ်မှုကို နောက်ဆုံးအနေဖြင့်ပြုလုပ်နိုင်ပါတယ်။ လူအများစုသည် ဘေလုံးမရှိလည်းပုံမှန်နေထိုင် သွားနိုင်ပါတယ်။
Sickle Cell Anemia
ကလေးများတွင် သင့်တော်သော ရိုးတွင်းခြင်ဆီအလှူရှင်ရှိပါက ရိုးတွင်းခြင်ဆီအစားထိုးခြင်းဖြင့် ကုသနိုင်ပါတယ်။
ခဲဆိပ်သင့်ခြင်း
ခဲဆိပ်သင့်ခြင်းကြောင့်ဖြစ်ပါက ခဲကိုဖယ်ထုတ်ရန်ဆေးသောက်စေ၍ ခဲဆိပ်သင့်စေသော ပတ်၀န်းကျင်အား ရှောင်ရှားရပါမယ်။
ကာကွယ်မှု
- အစားအသောက်အားသင့်တင့်မျှတစွာစားသုံးခြင်းဖြင့် သံဓာတ်ချို့တဲ့မှု၊ ဗိုက်တာမင် B12 နှင့် Folate ချို့တဲ့မှုအားကာကွယ်နိုင်ပါတယ်။
- သတ်သတ်လွတ်စားပါက ဆရာ၀န်နှင့်တိုင်ပင်၍ လိုအပ်သည်များကိုဖြည့်စွက်စားသုံးသင့်ပါတယ်။
- ကဖင်းပါသောအစားအစာ၊ လက်ဖက်ရည်တို့အားလျော့ချသင့်ပါတယ်။ ၎င်းတို့သည် သံဓာတ်စုပ်ယူမှု အားလျော့ကျစေပါတယ်။
- ပတ်၀န်းကျင်တွင် ခဲနှင့်ထိတွေ့ရပါက အထူးဂရုပြုသင့်သည်။





























