အဆီကျိတ်
အဆီကျိတ်ဆိုတာ တဖြည်းဖြည်းကြီးထွားလာနိုင်တဲ့ အဆီအလုံးဖြစ်ပြီး အရေပြားနဲ့ကြွက်သားအလွှာကြားမှာတည်ရှိပါတယ်။ အဆီကျိတ်သည် ကိုင်တွယ်ကြည့်ပါက ဂျုံလုံးကဲ့သို့ ခံစားမှုကိုပေးပြီး လက်ဖြင့် အသာအယာဖိကြည့်ရုံဖြင့် ရှေ့နောက်ဘယ်ညာအနည်းငယ် ရွေ့လျားနိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်များတွင်တွေ့ရလေ့ရှိပြီး အချို့သူများတွင် တစ်ခုထက်ပိုသော အဆီကျိတ်များကိုတွေ့ရှိရပါတယ်။ အဆီကျိတ်သည် ကင်ဆာမဟုတ်သကဲ့သို့ အန္တရာယ်လည်းမဖြစ်စေပါ။ နာကျင်မှုလည်းမရှိတာကြောင့် ကုသရန်လည်းမလိုအပ်ပါ။ သို့သော် အဆီကျိတ်သည် နာကျင်လာတာဖြစ်ဖြစ်၊ ကြီးထွားလာတာဖြစ်ဖြစ်ဆိုလျှင်တော့ ဖယ်ရှားပစ်ရန်လိုပါတယ်။
ရောဂါလက္ခဏာများ
အဆီကျိတ်ကိုခန္ဓာကိုယ်နေရာအနှံ့အပြားတွင် တွေ့နိုင်ပါတယ်။ အဆီကျိတ်များသည် -
- အရေပြား၏ အောက်တွင်ရှိ၍ လည်ပင်း၊ ပခုံး၊ ကျော၊ ဝမ်းဗိုက်၊ လက်မောင်းနဲ့ ပေါင်ခြံတို့တွင် အတွေ့ရများပါတယ်။
- စမ်းကြည့်ပါက အနည်းငယ်ပျော့၍ အလွယ်တကူရွေ့လျားနိုင်ကြောင်းတွေ့ရပါတယ်။
- ပုံမှန်အားဖြင့် အချင်း 5 စင်တီမီတာထက်သေးငယ်လေ့ရှိပေမယ့်လည်း ကြီးထွားနိုင်ပါတယ်။
- အဆီကျိတ်တွေဟာ အနီးအနားမှာရှိတဲ့ အာရုံကြောတွေကို ဖိမိနေတာဖြစ်ဖြစ်၊ သွေးကြောတွေပါဝင်နေတာဖြစ်ဖြစ်ဆိုလျှင် နာကျင်စေနိုင်ပါတယ်။
ရှားရှားပါးပါးအချို့အဆီကျိတ်တွေဟာ အရေပြားအတွင်းသို့ ပိုရောက်တဲ့အပြင် ပုံမှန်အရွယ်အစားထက်လည်းကြီးပါတယ်။
အကြောင်းအရင်းများ
အကြောင်းအရင်းများကိုသေချာမသိရသော်လည်း မိသားစုထဲတွင် ဖြစ်လေ့ရှိတာကြောင့် မျိုးရိုးဗီဇဆိုင်ရာအချက်တွေနဲ့ ဆက်စပ်နေနိုင်ကြောင်းသိရပါတယ်။
အဆီကျိတ်ဖြစ်စေနိုင်တဲ့ အချက်များ
အဆီကျိတ်ဖြစ်ပွားမှုကို မြင့်တက်စေနိုင်တဲ့အကြောင်းအရင်းများမှာ -
1. အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် 40 နှစ်မှ 60 နှစ်အတွင်းတွင် ပိုမိုဖြစ်လေ့ရှိပါတယ်။ အဆီကျိတ်သည် ကလေးငယ်များတွင် ဖြစ်လေ့မရှိပါ။
2. အချို့မျိုးရိုးလိုက်တတ်တဲ့ရောဂါ (adiposis dolorosa, Cowden syndrome, Gardner’s syndrome) ရှိသူတွေမှာလည်း အဆီကျိတ်ဖြစ်ပွားနှုန်း မြင့်မားနိုင်ပါတယ်။
3. အဆီကျိတ်သည် မိသားစုထဲတွင် ဖြစ်လေ့ရှိပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်း
အဆီကျိတ်ဖြစ်ကြောင်းအတည်ပြုရန် ဆရာဝန်မှ -
- ခန္ဓာကိုယ်အားစမ်းသပ်စစ်ဆေးခြင်း
- တစ်သျှူးနမူနာယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်း
- အဆီကျိတ်သည် မူမမှန်ပါက တယ်လီဗွီးရှင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်လှိုင်းဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မယ်။
အဆီကျိတ်နဲ့ဆင်တူတဲ့ အဆီကျိတ်ကင်ဆာဖြစ်နိုင်ချေမှာ အလွန်နည်းပါးပါတယ်။ ကင်ဆာကျိတ်ဆိုပါက လျင်လျင်မြန်မြန်ကြီးထွားလာ၍ နာကျင်ကာအလုံးကိုလှုပ်၍လည်း မရပေ။ ဆရာဝန်မှသံသယရှိပါက အသားစနမူနာယူခြင်း၊ ဓာတ်မှန်အမျိုးမျိုးရိုက်ခြင်းတို့ကိုပြုလုပ်၍ ဟုတ်/မဟုတ်စစ်ဆေးပါလိမ့်မယ်။
ကုသရန်နည်းလမ်းများ
အဆီအကျိတ်သည်ကုသရန်မလိုသော်ငြားလည်း ကြီးထွား၍ နာကျင်လာပါက ခွဲထုတ်ရန် ဆရာဝန်မှညွှန်ကြားပါလိမ့်မယ်။ ကုသနည်းတွေကတော့ -
ခွဲစိတ်၍ အဆီကျိတ်ကိုထုတ်ပစ်ခြင်း - ပြန်ဖြစ်နိုင်ချေနည်းသော်လည်း အမာရွတ်ကျန်နိုင်ပါတယ်။ အသေးဆုံးဓားရာပေး၍ ဆွဲထုတ်ခြင်းနည်းလမ်းကို အသုံးပြု၍ အမာရွတ်ထင်မကျန်အောင်ပြုလုပ်နိုင်ပါတယ်။
စတီးရွိုက်ထိုးခြင်း - အဆီကျိတ်ကို သေးသွားစေနိုင်သော်လည်း လုံးဝမပျောက်ကင်းနိုင်ပါ။ ခွဲစိတ်ကုသမှုပြုလုပ်ခြင်းကို မသိရှိမီက အသုံးပြုခဲ့သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။
အဆီထုတ်ခြင်း - အပ်နှင့်ဆေးထိုးပြွန်ကြီးကြီးကိုသုံး၍ အဆီအခဲကို ဖယ်ရှားခြင်းဖြစ်ပါတယ်။
Dr. Thinzar Wynn





























