/
news/ကျန်းမာရေး-z/အူကျရောဂါ-inguinal-hernia

အူကျရောဂါ ( Inguinal Hernia )

Category
ကျန်းမာရေး (A-Z)

►► အူကျရောဂါဆိုတာဘာလဲ ?

        ၀မ်းဗိုက်ပိုင်းကို ဓားနဲ့ဖွင့်ကြည့်လိုက်မယ်ဆိုရင် အူတွေကို မမြင်ရသေးခင်၊ အူတွေရဲ့ အပေါ်မှာ (Omentum) လို့ခေါ်တဲ့ အဆီပြင်တစ်ထပ်ကာထားတာကို တွေ့ရပါလိမ့်မယ်။ Omentum တွေဟာ အစုအခဲအထပ်လိုက်တည်ရှိနေပြီး ဟိုဟိုသည်သည်ရွေ့သွားနိုင်ပါတယ်။

        ၀မ်းဗိုက်ကြွက်သားတွေရှိတဲ့အနက်က ကြွက်သားအားပျော့တဲ့နေရာတွေကနေ ခုနပြောတဲ့ Omentum အဆီပြင်တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အူလမ်းကြောင်း တစ်စိတ်တစ်ပိုင်းဟာ ကြွက်သားအပြင်ဘက်ကိုကျွံလာပြီး အရေပြားအောက်မှာ ဖောင်းလာတတ်ပါတယ်။ ဒါကို အူကျွံတယ်၊ အူကျတယ်လို့ခေါ်ပါတယ်။

        အူကျွံတာဟာ ၀မ်းဗိုက်ပိုင်းကြွက်သားအားပျော့တဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။

        အဖြစ်များတဲ့ နေရာက ပေါင်ခြံနှစ်ဖက်ဖြစ်ပါတယ်။ ပေါင်ခြံမှာဖြစ်တာကို အူကျရောဂါ (Inguinal Hernia) လို့ခေါ်ပါတယ်။

        အူကျတဲ့အခါ နာကျင်မှုေ၀ဒနာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးလိုက်တဲ့ အခါ၊ ကုန်းလိုက်တဲ့အခါ၊ အလေးအပင်မတဲ့အခါတွေမှာပိုပြီး နာကျင်တတ်ပါတယ်။

        အူကျရောဂါဟာ အန္တရာယ်မဖြစ်ဘဲ အကြာကြီးရှိနေနိုင်ပါတယ်။ အန္တရာယ်လည်း မဖြစ်၊ ရောဂါလည်းမပျောက်ဘဲရှိနေတတ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာ အသက်အန္တရာယ် ရှိနိုင်လောက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပေါ်လာနိုင်တာကြောင့် အူကျနေပြီဆိုရင် အူပြန်သွင်းဖို့ ဆရာ၀န်တွေက ညွှန်ကြားရခြင်းဖြစ်ပါတယ်။ အူကျရောဂါကိုခွဲစိတ်ပြီး အူပြန်သွင်းတဲ့ကုသနည်းဟာ သာမန်လုပ်ရိုး လုပ်စဉ် ခွဲစိတ်ကုသနည်းတစ်ခုဖြစ်ပါတယ်။

 

►► အူကျရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ ?

        အူကျတဲ့သူတချို့မှာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို အူကျနေတယ်ဆိုတာ သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အများစုကတော့ ရောဂါလက္ခဏာကို သတိထားမိကြပါတယ်။ အထူးသဖြင့် အူကျတဲ့နေရာမှာ ဖောင်းလာတာကို သတိပြုမိကြပါတယ်။ အူကျလို့ဖောင်းလာတဲ့နေရာဟာ မတ်တပ်ရပ်လိုက်ရင် ပိုပြီးထင်ရှား လာပါတယ်။ ချောင်းဆိုးတာတို့၊ အလေးအပင်မတာတို့ လုပ်လိုက်ရင် ပိုပြီးသိသာလာပါတယ်။

လက္ခဏာတွေကို အတိုချုပ်ကြည့်မယ်ဆိုရင်

1.       ပေါင်ခြံနှစ်ဖက်မှာ ဒါမှမဟုတ် တစ်ဖက်တည်းမှာ ဖောင်းလာတာ

2.       ဖောင်းလာတဲ့နေရာမှာပူလာတာ၊ ကိုက်ခဲလာတာ

3.       ခါးကိုင်းတာ၊ ချောင်းဆိုးတာ၊ အလေးမတာတွေ လုပ်လိုက်တဲ့အချိန်မှာ အူကျတဲ့နေရာက နာကျင်လာတာ။

4.       ကျလာတဲ့အူက ကပ္ပယ်အိတ်ထဲကို ရောက်တဲ့အခါ ကပ္ပယ်အိတ်တွေမှာ နာကျင်ရောင်ရမ်း လာတာစတဲ့ လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။

        တချို့သူတွေက အူကျတဲ့အခါ လဲလျောင်းလိုက်ပြီး ကျလာတဲ့အူကို ဖြည်းဖြည်းချင်းပြန် သွင်းလို့ရပါတယ်။ တကယ်လို့ လက်နဲ့ပြန်သွင်းလို့မရဘူးဆိုရင် ရေခဲအုံပေးရပါတယ်။ အအေးဓာတ် ကြောင့်အူကျတဲ့နေရာက ကျုံ့ပြီး ပြန်၀င်သွားနိုင်ပါတယ်။ ခါးနဲ့ခြေထောက်တွေကို ခန္ဓာကိုယ်အပေါ် ပိုင်းထက်မြင့်အောင်ထားပေးထားရင် အူကျတာကို ပြန်၀င်စေဖို့ အထောက်အကူဖြစ်စေပါတယ်။

        အူကျတာကို ပြန်သွင်းလို့မရတဲ့အခါ အရေးကြီးလာပါပြီ။ မပေါ့ဆသင့်ပါဘူး။ ကြိုးနဲ့စည်း နှောင်ထားသလိုဖြစ်တာ (Incarcerated hernia) ကနေ အူကိုသွေးမရောက်တဲ့ (Strangulated Hernia) အဖြစ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအခြေအနေမှာအမြန်ဆုံး ခွဲစိတ်ပြီးအူကို နေရာတကျ ပြန်ထားပေးဖို့လိုပါတယ်။ ချုပ်နှောင်ထားတဲ့အူကို သွေးမရောက်တဲ့အခြေအနေ (Strangulated Hernia) က အချိန်ကြာသွားရင် အသက်အန္တရာယ်ဖြစ်စေနိုင်လို့ပါ။

        အူကျလာတဲ့ အူအစိတ်အပိုင်းကို သွေးမရောက်တဲ့အခါ (Strangulated Hernia ဖြစ်တဲ့အခါ) ကြုံတွေ့လာရမယ့် လက္ခဏာတွေက

1.       ပျို့အန်ခြင်း

2.       ဖျားခြင်း

3.       နှလုံးခုန်မြန်ခြင်း

4.       ရုတ်တရက်ပြင်းပြင်းထန်ထန်နာကျင်ခြင်း

5.       အူကျတဲ့နေရာမှာ နီရဲညိုပုပ်လာခြင်း စတာတွေဖြစ်ပါတယ်။

 

►► အူကျရောဂါ ဘယ်လိုဖြစ်လာတာလဲ ?

        အူကျရောဂါတချို့ကို ဘယ်လိုဖြစ်ရတယ်လို့ ရှင်းမပြနိုင်ပါဘူး။ အများစုကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်ပေါ်လာပါတယ်။

1.       ၀မ်းဗိုက်အတွင်းမှာ ဖိအားများလာတာ

2.       ၀မ်းဗိုက်ကြွက်သွားတွေမှာ အားပျော့တဲ့နေရာရှိနေတာ

3.       ဆီးသွားတဲ့အခါ ဒါမှမဟုတ် ၀မ်းသွားတဲ့အခါ ညှစ်ပြီးသွားတတ်တဲ့ အကျင့်ရှိတာ

4.       အလေးအပင်မရတဲ့သူတွေ

5.       ၀မ်းဗိုက်အတွင်းရေအောင်းတဲ့ရောဂါရှိသူတွေ ဥပမာ - ရေဖျင်းရောဂါ

6.       ကိုယ်၀န်ဆောင်တာ

7.       အ၀လွန်နေတာ

8.       နာတာရှည်ချောင်းဆိုးရောဂါ၊ နှာချေရောဂါရှိသူတွေ

        လူတော်တော်များများက ကလေးအရွယ်မှာ အူကျတာကို ခံစားကြရပါတယ်။ ဒါဟာ ကလေးငယ်ဘ၀တုန်းက ၀မ်းဗိုက်နံရံတွေ အပြည့်အစုံ မပိတ်သေးလို့ဖြစ်ပါတယ်။ လူတချို့ကတော့ အသက်ကြီးပိုင်းရောက်လာမှ အူကျရောဂါ ခံစားကြရပါတယ်။ အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ အားပြန်လျော့သွားတဲ့အချိန်၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ဖူးသူတွေ၊ ဆေးလိပ်သောက်တတ်ပြီး ချောင်းဆိုးရောဂါရှိတဲ့သူတွေဟာ အူကျရောဂါဖြစ်ဖို့ အခွင့်အရေးများပါတယ်။

        အမျိုးသားတွေက အမျိုးသမီးတွေထက် အူကျရောဂါဖြစ်ဖို့ အခွင့်အရေးများပါတယ်။ အမျိုးသားတွေမှာ ကပ္ပယ်အိတ်ထဲက ထွက်လာတဲ့ သုတ်ပြွန်ဟာ ၀မ်းဗိုက်ထဲကို ၀င်ရောက်ရတဲ့ နေရာလေးရှိပါတယ်။ ဘယ်နဲ့ညာ ပေါင်ခြံနှစ်ဖက်နေရာဖြစ်ပါတယ်။ အဲဒီနေရာလေးဟာ အားပျော့ တဲ့နေရာ (Weak Point) ဖြစ်နေတဲ့အတွက် အူကျရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများရခြင်းဖြစ်ပါတယ်။

         တခြားအကြောင်းတွေကြောင့်လည်း ၀မ်းဗိုက်မှာ အားပျော့တဲ့နေရာ (weak point) လေး တွေရှိတတ်ပါတယ်။ ၀မ်းဗိုက်ကိုထိခိုက်မိတာ၊ ၀မ်းဗိုက်ကိုခွဲစိတ်ဖူးတာတွေဟာ weak point တွေ ဖြစ်ဖို့အခွင့်အရေးတွေဖြစ်ပါတယ်။ weak point လေးတွေဖြစ်လာပြီဆိုရင် အူကျရောဂါဖြစ်ဖို့အခွင့် အရေးရှိတဲ့အတွက် သတိထားသင့်ပါတယ်။

         ၀မ်းဗိုက်မှာ အားပျော့တဲ့နေရာ (weak point) တွေမရှိပေမယ့်လည်း အူကျရောဂါဖြစ်နိုင်ပါ သေးတယ်။ အားစိုက်လုပ်ရတဲ့အလုပ်တွေ၊ အလေးအပင်မရတာတွေ၊ ကိုယ်၀န်ဆောင်ရတာ၊ အ၀လွန်နေတာ စတာတွေကြောင့် ၀မ်းဗိုက်အတွင်းမှာ ဖိအားများလာတဲ့အခါ weak point ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အူကျရောဂါဖြစ်လာနိုင်ပါတယ်။

 

►► အူကျရောဂါဖြစ်ဖို့အခွင့်အရေးများစေနိုင်သော အကြောင်းအချက်တွေက ဘာတွေလဲ?

(1)      အမျိုးသားဖြစ်ခြင်း။

(2)      မိသားစုမျိုးရိုးထဲမှာ အူကျရောဂါဖြစ်ဖူးသူရှိခြင်း၊

(3)      နာတာရှည်ချောင်းဆိုးရောဂါကဲ့သို့ ၀မ်းဗိုက်အတွင်း ဖိအားများစေသော ရောဂါေ၀ဒနာရှိခြင်း၊

(4)      ၀မ်းချုပ်သည့်အလေ့အကျင့်ရှိခြင်း

(5)      အ၀လွန်ခြင်း၊

(6)      ကိုယ်၀န်ဆောင်ခြင်း၊

(7)      အချိန်အကြာကြီး မတ်တပ်ရသောအလုပ်များ၊ အားစိုက်လုပ်ရသော အလုပ်များကို လုပ်ကိုင်ရခြင်း

(8)      ကိုးလမကျော်ဘဲမွေးဖွားခဲ့ရသူဖြစ်ခြင်း၊ (pre-mature birth)

(9)      အူကျရောဂါဖြစ်ဖူးသူများ

စတဲ့အချက်တွေဟာ အူကျရောဂါဖြစ်ဖို့အခွင့်အရေးများစေနိုင်သော အကြောင်းအချက် တွေဖြစ်ပါတယ်။

 

►► အူကျရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေလဲ?

(1)      အူကျသောနေရာပတ်၀န်းကျင်အပေါ် ဖိအားသက်ရောက်ခြင်း

        အူကျရောဂါဖြစ်တဲ့သူအများစုဟာ ချက်ချင်းခွဲစိတ်ကုသမှုခံယူလေ့မရှိကြပါဘူး။ အချိန်ကြာ လာတာနဲ့အမျှ အူကျတဲ့ပမာဏက ကြီးမားလာပါတယ်။ တချို့လူနာတွေမှာဆိုရင် အူကျတာဟာ ကပ္ပယ်အိတ်ထဲအထိ ၀င်ရောက်လာပြီး နာကျင်ရောင်ရမ်းလေ့ရှိပါတယ်။

(2)      အူကိုကြိုးနဲ့ စည်းနှောင်ထားသကဲ့သို့ဖြစ်ခြင်း (Incarcerated Hernia)

        ဗိုက်ထဲမှာလွင့်မျောနေတဲ့အဆီပြင် (Omentum) ဒါမှမဟုတ် အူအစိတ်အပိုင်း တစ်ခုခုက အူကျတဲ့နေရာမှာ တစ်ဆို့နေပြီဆိုရင် အူရဲ့အစာရွေ့လျားမှုလမ်းကြောင်းကို လမ်းကြောင်း ပိတ်လို်က်သလို ဖြစ်သွားပါတယ်။

        အစာရွေ့လျားစီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့သွားပြီဆိုရင် ပြင်းပြင်းထန်ထန်ဗိုက်အောင့် ခြင်း၊ ပျို့အန်ခြင်း၊ လေနဲ့၀မ်းချုပ်ခြင်းတွေဖြစ်ပေါ်လာပါတယ်။

 (3)      အူကိုသွေးမရောက်ခြင်း (Strangulation)

        အူကိုကြိုးနဲ့စည်းနှောင်ထားသလို (Incarcerated hernia) တစ်ဆို့နေတာကြာသွားပြီဆိုရင် အူကိုသွားတဲ့သွေးကြောတွေ ပိမိနေတဲ့အတွက် သွေးမရောက်ဘဲဖြစ်လာပါတယ်။ တစ်ဆို့နေ တဲ့အူကို သွေးမရောက်ခြင်း (Strangulation) ဖြစ်တယ်လို့ခေါ်ပါတယ်။ သွေးမရောက်တာကြာ လာတဲ့အခါ တစ်ဆို့နေတဲ့နေရာမှာရှိတဲ့ အူအစိတ်အပိုင်းတွေမှာ ဆဲလ်သေဆုံးမှုတွေဖြစ်ပေါ်ပါ တယ်။ အူကျပြီးသွေးမလျှောက်ခြင်း (Strangulated hernia) ဟာ အရေးပေါ်အခြေအနေဖြစ်ပါ တယ်။ အသက်အန္တရာယ်ရှိပါတယ်။ အမြန်ဆုံးကုသဖို့လိုပါတယ်။

 

►► ကုသခြင်း

          အူကျတာ သိပ်မဆိုးသေးဘူးဆိုရင် လှဲအိပ်နေချိန်မှာ သူ့ဘာသာသူ ပြန်၀င်သွားပါတယ်။ ဒါမှမဟုတ် လက်နဲ့ပြန်သွင်းရန် ၀င်သွားနိုင်ပါသေးတယ်။ နည်းနည်းဆိုးလာပြီး ရောင်လာရင်တော့ ရေခဲအုံပေးခြင်းဖြင့် အရောင်ကျသွားကာ အတွင်းကို ပြန်၀င်သွားပါတယ်။

          ဆရာ၀န်တွေက အူကျတဲ့ အစိတ်အပိုင်းလေးက သေးငယ်ပြီး အနှောင့်အယှက်မပေးရင်တော့ စောင့်ကြည့်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒါပေမယ့် ကျနေတဲ့အစိတ်အပိုင်းက ကြီးလာမယ်၊ နာလာမယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

 

►► ကာကွယ်ခြင်း

          ယောကျ်ားလေးများအတွက် မွေးရာပါကြွက်သားချို့ယွင်းချက်ဖြစ်တာမို့ အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် ၀မ်းဗိုက်ကြွက်သားတွေ အားမပျော့အောင်၊ ဖိအားမများအောင် ဂရုစိုက်နေထိုင်သွားလို့ရပါတယ်။ ဥပမာ -

1. ကိုယ်အလေးချိန်ထိန်းခြင်း-အ၀မလွန်အောင် လေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်သင့်ပါတယ်။

2. ဖိုင်ဘာ (အမျှင်) များသော အစာများစားခြင်း - သစ်သီးနှင့်ဟင်းသီးဟင်းရွက်များသည် ၀မ်းမချုပ်စေသဖြင့် ဖိအားလျော့စေပါတယ်။

3. လေးသော အရာ၀တၳုများကို သတိနှင့်မခြင်း - ပစ္စည်းတွေကို သယ်မတဲ့အခါမှာ ခါးမကုန်းပဲ ဒူးကွေး၍ မသင့်ပါတယ်။

4. ဆေးလိပ်ဖြတ်ခြင်း - ဆေးလိပ်ကြောင့် နာတာရှည်ချောင်းဆိုးနိုင်ပြီး inguinal hernia ဖြစ်ပွားနိုင်ခြေရှိပါတယ်။

 

Dr. Thant Zaw (IM-2)

www.drmyanmar.com