အူအတက်ရောင်ခြင်း (Appendicitis)
အူအတက်ဆိုတာဘာလဲ?
အူအတက်ဟာ ၀မ်းဗိုက်ရဲ့ ညာဘက်ခြမ်း အောက်ပိုင်းမှာရှိပြီး အူမကြီးမှ လက်ချောင်းသဏ္ဌာန် အိတ်ငယ်လေးအဖြစ် ထိုးထွက်နေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယေဘူယျအားဖြင့် 8-10 စင်တီမီတာ ၀န်းကျင်ရှည်လျားပါတယ်။
အူအတက်ရောင်တာ ဘယ်သူတွေမှာ ဖြစ်နိုင်လဲ?
အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (2) နှစ်အောက်တွင် ရှားပါးပြီး အသက် (10) နှစ်မှ (30) အကြားတွင် အဖြစ်များတာကို တွေ့ရပါတယ်။
အူအတက် ဘာကြောင့် ရောင်သလဲ?
အူအတက်ရောင်ရတဲ့ အကြောင်းရင်းတွေကို အခုချိန်ထိ တိတိကျကျမပြောနိုင်သေးပေမယ့် ဖြစ်တဲ့သူ အများစုကတော့ အူအတက်ရဲ့ အတွင်းပိုင်းပိတ်ခြင်းကြောင့် ရောင်ရခြင်းဖြစ်ပါတယ်။ အူအတက်ရဲ့အတွင်းပိုင်းပိတ်ရတဲ့ အကြောင်းတွေကတော့-
- အစာဟောင်းများ (မစင်)ကြောင့် ပိတ်ခြင်း
- သံကောင်၊ ကပ်ပါးကောင်များ၀င်၍ ပိတ်ခြင်း
- နာတာရှည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ပိတ်ခြင်း
- ၀မ်းဗိုက်ပိုင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရ၍ ပိတ်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိုး၀င်ပြီးနောက် အူအတက်နံရံရှိ အကျိတ်များကြီး လာ၍ ပိတ်ခြင်း
- အူအတက်ကင်ဆာ (အလွန်ရှားပါးပါတယ်) ကြောင့် ပိတ်ခြင်း စသည်တို့ဖြစ်ပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲ ပိတ်ပိတ် အူအတက်ရောင်လာပါတယ်။ တကယ်လို့အူအတက်ပေါက်သွားခဲ့ရင် ဒါကို အရေးပေါ်အခြေအနေလို့ သတ်မှတ်ပါတယ်။ အကြောင်းကတော့ အူအတက်ထဲမှာ ပိတ်နေတဲ့ (ဥပမာ- မစင်) တွေက ၀မ်းဗိုက်ထဲကို လွင့်စင်သွားပြီး ၀မ်းဗိုက်ကိုဖုံးထားတဲ့အလွှာ (Peritonium) နဲ့ အခြား အူအစိတ်အပိုင်းတွေကို ရောင်ရမ်းစေနိုင်ပြီး ဘက်တီးရီးယားများပေါက်ဖွားကာ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။
တချို့လူတွေမှာကျတော့ အူအတက်မပေါက်ဘဲ အချိန်ကြာလာတာနဲ့ အူအတက်အတွင်း ဘက်တီးရီးယားတွေ ပေါက်ဖွား ပွားများလာပြီး အူအတက်ပြည်တည်ခြင်း (Appendicular Abscess) ဖြစ်လာပါတယ်။ ရောင်ပြီးပြည်တည်နေတဲ့ အူအတက်ဟာ သူ့ဆီကို သွေးပို့နေတဲ့ သွေးကြောတွေ ကိုပါ ဖိမိပြီး အူအတက်ဆီ သွေးမလျှောက်နိုင်တော့တဲ့ အခြေအနေဖြစ်လာကာ တဖြည်းဖြည်းနဲ့ အူအတက်ပုပ်လာနိုင်ပါတယ်။
အူအတက်ရောင်ရင် ဘယ်လိုရောဂါလက္ခဏာပြလဲ?
- ၀မ်းဗိုက်ညာဘက်အောက်ခြမ်းတွင် ရုတ်တရက်နာခြင်း (သို့) အစပိုင်းတွင် ချက်တစ်၀ိုက်၌ ရုတ်တရက်နာပြီး နောက်ပိုင်းတွင် ၀မ်းဗိုက်၏ညာဘက်အောက်ပိုင်းသို့ ရွေ့သွားခြင်း
- လှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း (ဥပမာ-လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း)
- မူးေ၀အော့အန်ခြင်း
- အစာစားလိုစိတ် မရှိခြင်း
- ၀မ်းသွားခြင်း (သို့) အချို့တွင် ၀မ်းချုပ်ခြင်း
- လေပွခြင်း
- ငွေ့ငွေ့ဖျားခြင်း
အူအတက်ရောင်တာကို ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ?
အူအတက်ရောင်ခြင်းဟု သေချာစစ်ဆေးသိရှိနိုင်ရန်ခက်ခဲပြီး အူအတက်ရောင်သည့် လူနာ တစ်၀က်ခန့်မှာ တိကျသောရောဂါလက္ခဏာမပြကြပါ။ ဆီးလမ်းကြောင်းဆိုင်ရာရောဂါ၊ သားအိမ်ပြင်ပ၌ ကိုယ်၀န်ရှိခြင်း၊ ဆီးကျောက်တည်ခြင်း စသည့်ရောဂါတွေကလည်း ၀မ်းဗိုက်ကို ပြင်းထန်စွာ နာကျင်စေသဖြင့် ခွဲခြားသုံးသပ်ဖို့လဲ အရေးကြီးပါတယ်။
ရောဂါစမ်းသပ်ရန် အောက်ပါစမ်းသပ်နည်းများကို အများအားဖြင့်သုံးကြပါတယ်။
- ရောင်ရမ်းမှုကိုသိသာရန် ၀မ်းဗိုက်အားစမ်းသပ်ခြင်း (၀မ်းဗိုက်ညာဘက်အောက်ပိုင်းကို လက်နှင့်ဖိထားစဉ်ထက် လွှတ်လိုက်သည့်အချိန်တွင် ပိုနာခြင်း)
- သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ စအိုအတွင်း လက်ထည့် စစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း (X-ray ၊ MRI ၊ CT scan ၊ Ultrasound)
တစ်ခါတစ်ရံ စမ်းသပ်မှုရလဒ်ကိုစောင့်ရန် လူနာအတွက် အသက်အန္တရာယ်များလွန်းပါက ခွဲစိတ်၍ အူအတက်အား ဖယ်ရှားပစ်ကြပါတယ်။
အူအတက်ရောင်တာကို ဘယ်လိုကုသမလဲ?
အူအတက်ရောင်တဲ့သူတော်တော်များများဟာ ပိုးသတ်ဆေးပေးရုံနဲ့ မသက်သာတဲ့အတွက် အူအတက်ကို ခွဲထုတ်ပစ်လိုက်ရတာကများပါတယ်။ လူနာတစ်ဦးချင်းစီရဲ့ အနေအထားပေါ်မူတည်ပြီး ခွဲစိတ်နည်း 2 မျိုးရှိပါတယ်။ တစ်မျိုးက ဗိုက်မှာ 2-4 လက်မခွဲပြီး အူအတက်ကို ထုတ်ယူခြင်းဖြစ်ပါတယ်။ ဒါကို Open Surgery လုပ်တယ်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အဏုကြည့်မှန်ပြောင်း Scope ၀င်နိုင်ရုံလောက်သာခွဲပြီး Laparoscopic နည်းနဲ့ အူအတက်ကို ဖယ်ရှားပစ်ခြင်းဖြစ်ပါတယ်။ Laparoscope ဖြင့် ခွဲစိတ်ပါက ရက်သတ္တပတ် 2 ပတ်မှ 3 ပတ်အတွင်း ပုံမှန်လုပ်ငန်းများ ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။
အူအတက်ရောင်ပြီးပေါက်ထွက်ခြင်း (သို့) အူအတက်ပြည်တည်ပြီး ပေါက်ထွက်ခြင်းဖြစ်ပါက အူအတက်ကို ဖယ်ရှားပစ်လိုက်တာဟာ တစ်ခုတည်းသော ကုသမှုနည်းလမ်းဖြစ်ပါတယ်။
တကယ်လို့ ပြည်တည်နေပေမယ့် မပေါက်ထွက်သေးဘူးဆိုရင်တော့ ပိုးသတ်ဆေးအရင်ပေးပြီး ပြည်ကို ခန္ဓာကိုယ်အပြင်ဘက်ကို ထွက်အောင် ပိုက်တပ်ပေးလိုက်ပါတယ်။ နောက်မှ အူအတက်ကို သတ်သတ်ခွဲထုတ်ပါတယ်။
အူအတက်ရောင်တာကို မကုသဘဲထားရင် ဘာတွေဆက်ဖြစ်မလဲ?
၀မ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း
အူအတက်ပေါက်၍ ၀မ်းဗိုက်အတွင်းသို့ ပိတ်ဆို့ပစ္စည်းများ ပျံ့နှံ့သွားပါက ၀မ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း (Peritonitis) ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါမှာ အူရဲ့လှုပ်ရှားမှုတွေ ရပ်တန့့်သွားပြီး အသက်အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။
အူအတက်ပြည်တည်ခြင်း
အူအတက် ပေါက်ထွက်မသွားဘဲ အတွင်းမှာတင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ပြည်တည် လာတာမျိုး (Appendicular Abscess) ဖြစ်လာနိုင်ပါတယ်။ အူအတက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အူအတက်မရောင်အောင် ဘယ်လိုကာကွယ်မလဲ?
အူအတက်ရောင်ခြင်းကို ကာကွယ်ဖို့ နည်းလမ်းမရှိပါ။ ဒါပေမယ့် အမျှင််ဓာတ်ကြွယ်၀တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါက အူအတက်ရောင်မှု လျော့ကျကြောင်းတွေ့ရသည်။





























