/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/လေးဖက်နာရောဂါများအကြောင်း-ရှင်းလင်းပြောကြားပေးသော

လေးဖက်နာရောဂါများအကြောင်း ရှင်းလင်းပြောကြားပေးသော အရိုးအကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးချစ်စိုးနှင့် Interview

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

             နာတာရှည်ရောဂါအမျိုးအစားများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ရောဂါအမျိုးအစား များလှသော လေးဖက်နာရောဂါအကြောင်းကို သိရှိနိုင်စေရန်နှင့် ဂရုပြုနိုင်ရန်အတွက် ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီး အရိုးအကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခဦးချစ်စိုးနှင့် သွားရောက်မေးမြန်း ဖြစ်ခဲ့ပါသည်။

 

မေး။    ။ လေးဖက်နာရောဂါဆိုတာ ဘယ်လိုရောဂါမျိုးပါလဲ ဆရာ။

ဖြေ။    ။ လေးဖက်နာဆိုတာက ဒူးခေါင်းတို့၊ တံတောင်ဆစ်တို့လို အဆစ်ကလေးတွေ နာကျင်ရောင်ရမ်းရာကနေ ဖြစ်တယ်ပေါ့။ ဥပမာအားဖြင့် အရိုး ၂ ခုကို ဆိုင်းထားတဲ့အရွတ်ဆိုတာ ရှိတယ်။ အဲ့ဒီ့မှာ အရိုးနုလေးတွေလည်း ခံထားတယ်။ သူက ကွေးလိုက်ရင် ဖောင်းလာတယ်။ ဆန့်လိုက်ရင်တော့ ဖောင်းတာ ပြေလျော့သွားတယ်ပေါ့။ အဓိကတော့ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားပေးတယ်ပေါ့။ နောက်တစ်ခုက အရိုးမှာ လှုပ်ရှားမှုကောင်းစေဖို့ အဆစ်ဆီလေးတွေလည်း ပါ၀င်နေတယ်။ ဒီအဆစ်ဆီလေးတွေက ဒီအတိုင်းပဲဆိုရင် ထွက်ကျလာနိုင်တယ်လေ။ ဒါကြောင့် ထွက်မကျလာနိုင်လို့ ဒါကို လုံအောင်လို့ အဆစ်ဖုံးမြှေးလေးက ဖုံးအုပ်ပေးထားတယ်။ အဆစ်ဆိုတဲ့သဘောမှာ အရိုးပါမယ်။ အရိုးနုပါမယ်။ အရွတ်ပါမယ်။ အဆစ်ဖုံးမြှေးလေးတွေ ပါမယ်ပေါ့။ အဲ့ဒီထဲမှာမှ အဓိက,ကတော့ အဆစ်ဖုံးမြှေး ရောင်ရမ်းတာက လေးဖက်နာရောဂါ ဖြစ်ပွားရခြင်းပါပဲ။

 

မေး။    ။ အဆစ်ဖုံးမြှေးက ဘာကြောင့်ရောင်ရတာလဲရှင့်။ လေးဖက်နာရောဂါ အမျိုးအစားတွေကရော ဘယ်နှမျိုးလောက် ရှိပါသလဲရှင့်။

ဖြေ။    ။ အဆစ်ဖုံးမြှေး ရောင်တာကတော့ အမျိုးမျိုး ရှိနိုင်တာပေါ့။ ကလေးငယ်တွေ အသက် ၂၀ အောက်တွေမှာ အစားစားသုံးမှုကြောင့်ဖြစ်တဲ့ အာသီးရောင်တာ ဖြစ်တတ်တယ်။ အာသီးရောင်တာက ပိုးကြောင့်ဖြစ်ပြီး အာသီးရောင်ပိုးက ခန္ဓာကိုယ်ထဲ ၀င်တဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ အပြင်က၀င်လာတဲ့ပိုးကို တိုက်ထုတ်တဲ့ ခုခံအားစနစ်လေးတွေက ပြန်တိုက်ထုတ်ကြတဲ့အခါ တိုက်ထုတ်ရင်းနဲ့ အဲ့ဒီ့အပြင်က၀င်လာတဲ့ ပိုးလေးကိုသာမကပဲ အဆစ်ကိုပါ သွားထိခိုက်မိတဲ့အခါကျတော့ အဆစ်တွေ ရောင်လာပြီး နာကျင်လာတာပါ။ ဒီလိုအာသီးရောင်ပိုးကနေတစ်ဆင့် ဖြစ်ပွားတဲ့လေးဖက်နာကို ပိုးလေးဖက်နာလို့ ခေါ်ပါတယ်။ လေးဖက်နာအမျိုးအစားတွေကတော့ အများကြီး ရှိပါတယ်။ အဖြစ်များတာကတော့ (၁၀) မျိုးလောက် ရှိပါတယ်။ အဲ့ဒီ့အထဲမှာ အများဆုံး တွေ့ရ၊ ကုသရတာတွေကတော့ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာနဲ့ အရေပြားလေးဖက်နာတွေပါ။ အဲ့ဒီ့လေးဖက်နာအမျိုးအစားတွေ အကုန်လုံးက ခန္ဓာကိုယ်ရဲ့ သက်ဆိုင်ရာနေရာအလိုက် ဖြစ်ပွားတယ်။ လေးဖက်နာဖြစ်ရင် သေချာတာတော့ ဘယ်လေးဖက်နာအမျိုးအစားမဆို အဆစ်အမြစ်တွေရောင်ပြီး နာကျင်တာက အတူတူပဲ ဖြစ်ပါတယ်။

 

မေး။    ။ အဖြစ်များတဲ့ လေးဖက်နာအမျိုးအစားတွေအကြောင်းနဲ့ ကုသမှုအခြေအနေလေးတွေ သိပါရစေရှင့်။

ဖြေ။    ။ အဖြစ်များတဲ့ လေးဖက်နာဆိုတာကလည်း ဘယ်နေရာကနေ ကြည့်သလဲအပေါ် မူတည်ပါတယ်။ လမ်းပေါ်က ကြည့်တာလား၊ ဆေးရုံက ကြည့်တာလား၊ ကုတင်ပေါ်က ကြည့်တာလား တစ်ခုနဲ့တစ်ခု မတူကြဘူးပေါ့။ လမ်းပေါ်က ကြည့်မယ်ဆိုရင်တော့ အစားအသောက်ကြောင့် ဖြစ်ပွားမှုဖြစ်တဲ့ ပိုးလေးဖက်နာကတော့ ပြည်သူလူထုတွေထဲမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ပိုးလေးဖက်နာ ဖြစ်ရင်တော့ Penicllin ထိုးလိုက်ရင် ပျောက်သွားပါတယ်။ ဆေးရုံမှာ ပြင်ပလူနာအနေနဲ့ လာရောက်ပြသမှု အများဆုံးကတော့ သွေးလေးဖက်နာရောဂါကို လာပြကြတဲ့သူ များပါတယ်။ သူက အများအားဖြင့် အရပ်ထဲမှာ ကုလို့လည်း မပျောက်ကင်းလို့ စဖြစ်ကာစကနေ (၁) လက (၆) လအထိကြာမှ နာတယ်ဆိုပြီး ဆေးရုံကို လာပြကြတာ များပါတယ်။ သူကတော့ ဆေးရုံရောက်ရင် သင့်တော်တဲ့ ဆေးပေးလိုက်တဲ့အခါ သက်သာသွားကြပါတယ်။ သွေးလေးဖက်နာကတော့ အများအားဖြင့် နာတာရှည်ဖြစ်တဲ့ အမျိုးအစားပါ။ ဒါကတော့ ဆေးရုံကအနေနဲ့ကြည့်ရင် သွေးလေးဖက်နာ များပါတယ်။ ကုတင်ပေါ်က ကြည့်တယ်ဆိုတာက အတွင်းလူနာတွေ အနေနဲ့ပါ။ အတွင်းလူနာတွေအနေနဲ့ ဆိုရင်တော့ အရေပြားလေးဖက်နာက များတယ်ပေါ့။ အရေပြားလေးဖက်နာမှာက သူကဖြစ်ရင် အရေပြားလည်း ထိတယ်။ အဆစ်လည်း ထိတယ်။ နောက် ကျောက်ကပ်တို့၊ အဆုတ်တို့ကိုပါ ထိခိုက်နိုင်ပါတယ်။ အဲ့ဒီ့အတွက်ကြောင့် သူက ဖြစ်ပြီဆိုတာနဲ့ ဆေးရုံတက်ရတာ များပါတယ်။ အခု ဆရာတို့ဆေးရုံမှာ လူနာတွေအတွက် ကုတင် (၅၀) လောက် ရှိတယ်။ ဆေးရုံတက်တဲ့ လူနာက ကြားခုံတွေ၊ ဘာတွေနဲ့ဆိုရင် စုစုပေါင်း လူနာ (၆၀) လောက် ရှိတယ်။ အဲ့ဒီ့လူနာ (၆၀) မှာ (၅၀) က အရေပြားလေးဖက်နာ များပါတယ်။ သူကတော့ ဖြစ်ပွားရင် အချိန်ယူ ကုသရပါတယ်။ အရေပြားလေးဖက်နာ ဖြစ်ပွားလို့ ထိခိုက်တဲ့နေရာတွေ အကုန်လုံးအလိုက် ကုသရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လေးဖက်နာတစ်ခုနှင့်တစ်ခုက ဆေးပေးပုံခြင်း၊ ကုသပုံခြင်း မတူညီဘဲ ရောဂါဖြစ်ပွားမှုအလိုက် ကုသရခြင်း ဖြစ်ပါတယ်။ အချို့လေးဖက်နာေ၀ဒနာရှင်တွေက လေးဖက်နာဖြစ်ရင် Penicllin ထိုးပေးရမယ် ထင်တတ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အချို့က Penicllin နဲ့ တည့်တဲ့လေးဖက်နာရှိသလို အချို့ကတော့ ဆေးထိုးလိုက်မှပဲ အာနိသင် မပြတာတွေ၊ ပိုဆိုးဝါးသွားတာတွေလည်း ရှိနိုင်တော့ ဆေးပေးပုံခြင်းနဲ့ ကုထုံးခြင်းက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။

 

မေး။    ။ လေးဖက်နာအမျိုးအစားတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိပါသလား။

ဖြေ။    ။ တစ်ခုနဲ့တစ်ခုက မဆက်စပ်ပါဘူး။ ဒါပေမဲ့ လူနာကတော့ မသိဘဲ တစ်ဆင့်ပြီးတစ်ဆင့် ကုကြတာပေါ့။ ကုတာကလည်း Penicllin နဲ့ ကုတာ နဂိုကတည်းက လေးဖက်နာဖြစ်ပြီဆိုရင် အလွယ်တကူ penicillin ထိုးလိုက်ကြတယ်။ ဒါက ပိုးလေးဖက်နာလူနာတွေပဲ အများအားဖြင့် သက်သာပျောက်ကင်းသွားတာ တွေ့ရတယ်။ သွေးလေးဖက်နာဆိုရင် penicillin ထိုးရင် (၆) လထိုးလည်း မသက်သာဘူး။ အဲ့ဒါက ပိုးလေးဖက်နာကနေ သွေးလေးဖက်နာ ဖြစ်သွားတာလည်း မဟုတ်ဘူး။ နဂိုကတည်းက သွေးလေးဖက်နာပဲ။ သူ့ကုထုံးကို သူ မရတဲ့အခါမှာ မပျောက်ကင်းဘူး ဖြစ်နေတာပါ။ ဆေးရုံရောက်လာလို့ ဆရာတို့က ဆေးပေးလိုက်တဲ့အခါ သက်သာသွားကြတယ်။ ဒီအတိုင်းပဲ အရေပြားလေးဖက်နာဆိုတာလည်း သွေးလေးဖက်နာကနေ ဖြစ်တာမဟုတ်ဘူး။ နဂိုကတည်းက အရေပြားလေးဖက်နာပဲ။ ရောဂါစဖြစ်ရင်တော့ အဆစ်ကလေးက ဟိုနေရာနာ၊ ဒီနေရာနာနဲ့ အရေပြားမှာ အကွက်လေး (၁) စက်၊ (၂) စက်လောက် ပေါ်ရင်တောင် သတိမထားမိဘူး။ အဆစ်နာတော့ penicillin လေး ထိုးပြီး နေတယ်။ ကျောက်ကပ်ဖြစ်လို့ ဖောရောင်လာတော့မှ ဆေးရုံရောက်လာကြတယ်။ အဲ့ဒီတော့မှ ကုထုံးအလိုက် ကုသကြတာ များပါတယ်။

 

မေး။    ။ လေးဖက်နာရောဂါ မဖြစ်ပွားအောင် ဘယ်လိုကာကွယ်နေထိုင်သင့်ကြောင်း ပြောပြပေးပါဦးဆရာ။

ဖြေ။    ။ အဓိကတော့ စားသောက်တဲ့အခါ အစားအစာက ကျန်းမာရေးနဲ့ ညီညွတ်ရင် မဖြစ်ဖူးပေါ့နော်။ ယင်နားစာတွေ၊ ဖုန်ကပ်နေတဲ့ အစာတွေ၊ မသန့်ရှင်းတဲ့အစာတွေကို စားတဲ့အခါ အာသီးရောင်တာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ကျောင်းနေစအရွယ်တွေက မုန့်ဈေးတန်းကနေ အစားအသောက်တွေ ၀ယ်ယူစားသုံးတဲ့အခါ သန့်ရှင်းနေစေဖို့ လိုအပ်ပါတယ်။ အာသီးရောင်တာကနေတစ်ဆင့် ပိုးလေးဖက်နာ ဖြစ်သွားနိုင်ပါတယ်။ သန့်ရှင်းမှု အားနည်းရာကနေ အဖြစ်များကြပါတယ်။ သွေးလေးဖက်နာတို့၊ အရေပြားလေးဖက်နာတို့ကတော့ လူတွေက အနေအထိုင်၊ အစားအသောက်ပုံစံ ပြောင်းလဲလာရာကနေ စတာပါ။ လူတွေက အရင်ကဆို သဘာ၀အသီးအနှံတွေ စားကြတာ များတယ်။ အခုခေတ်မှာတော့ ကုန်တိုက်တွေ ပေါ်လာပြီးတော့မှ ကုန်တိုက်က ready made အသင့်စား အစားအစာတွေကို စားလာကြတယ်။ အချို့ကဆို စိပ်ပြီးသား ဆေးဆိုးထားတဲ့ သရက်သီးစိပ်တွေ၊ ကြာရှည်ခံအောင် ယိုထိုးထားတဲ့ဟာတွေ စားတယ်။ အရင်ကဆို ကြက်သား၊ ၀က်သားစားရင် ဈေးက၀ယ်ပြီး လတ်လတ်ဆတ်ဆတ် ချက်စားလိုက်ပေမယ့် အခုဆိုရင် အေးခဲထားတဲ့အသားတွေ၊ ပိုပြီးလှအောင် အရောင်တွေဆိုးထားတဲ့ အကင်တွေ စားတဲ့အခါမှာ သူတို့က ဓာတုပစ္စည်းတွေ ပါတယ်။ အအေးတွေဆိုရင်လည်း အရင်က မန်ကျည်းဖျော်ရည်၊ သံပုရာရည် သောက်ကြပေမယ့် အခုဆို ready made အချိုရည်ဘူးတွေ သောက်တယ်။ ဘူးတွေမှာက လူတွေ ပိုသောက်ဖြစ်အောင် အရောင်တွေ ဆိုးထားတယ်။ တချို့တွေဆိုရင် သောက်ပြီး လျှာထဲမှာ နီကျန်ခဲ့တယ်။ ဆိုးဆေးတွေက ပစ္စည်းတွေတိုင်းမှာ မရှိသလောက်ပါပဲ။ လက်ဖက်ဆိုလည်း ဆိုးဆေးပါတယ်။ ပုစွန်ခြောက်ဆိုလည်း နီအောင်လုပ်ထားတဲ့ ဆေးတွေပါတယ်။ အမှန်တော့ ဒါတွေက ဓာတုပစ္စည်းတွေပါ။ ဒီဓာတုဆေးတွေ ခန္ဓာကိုယ်ထဲ ၀င်သွားတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ သွေးဖြူဥတွေကို သွားလှုံဆော်တယ်။ လှုံဆော်တဲ့အခါမှာ သွေးဖြူဥတွေက အငြိမ်မနေနိုင်ဘဲ ခုခံဓာတ်တွေ ထွက်လာတဲ့အခါ အဆစ်ကို သွားဒုက္ခပေးတတ်တာပါ။ အဲ့ဒီတော့ အရေပြားလေးဖက်နာနဲ့ သွေးလေးဖက်နာဆိုတာ ပိုးကြောင့်မဟုတ်ဘဲ ဓာတုပစ္စည်းတွေကြောင့် ဖြစ်တာပါ။ ဒါကြောင့် သဘာ၀အတိုင်းမဟုတ်တဲ့ တာရှည်ခံဆေးတွေ၊ ယမ်းစိမ်းတွေ၊ ဖော်မလင်တွေ ထည့်ထားတဲ့ပစ္စည်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး စားသုံးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်ဆိုရင်လည်း ဓာတုပိုးသတ်ဆေး အကြွင်းအကျန်တွေ ကျန်ရှိနေတတ်လို့ နာရီ၀က်၊ ၁ နာရီလောက် ရေစိမ်ပြီး ရေသေချာဆေးပြီးမှ စားသုံးသင့်ပါတယ်။

 

မေး။    ။ လေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ပြောလိုတာလေး ပြောပေးပါဦးရှင့်။

ဖြေ။    ။ အဆစ်တွေရောင်တိုင်း လေးဖက်နာ မဟုတ်ပေမယ့် လေးဖက်နာဖြစ်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတယ်။ အတိအကျခွဲရင်တော့ အကြောင်းအရင်းက (၁၀) မျိုးလောက် ရှိပါတယ်။ တစ်ခုနဲ့တစ်ခု မတူကြသလို တစ်ခုနဲ့တစ်ခု ကုထုံးတွေကလည်း မတူညီကြပါဘူး။ လေးဖက်နာအတွက် အရင်တုန်းကဆို စစ်ဆေးမှုတွေ မရှိဘူး။ အခုနောက်ပိုင်းမှာတော့ ဘယ်လိုလေးဖက်နာ ဖြစ်ပွားလဲဆိုတာမျိုးတွေနဲ့ ဘယ်ခုခံအားက မကောင်းလို့ ဖြစ်ရလဲဆိုတာတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်နေပါပြီ။ ခုခံအား မကောင်းဘူး၊ ခုခံအား စံလွဲတယ်ဆိုတဲ့နေရာမှာ တချို့ ခုခံဓာတ်တွေက အဆုတ်ကို ဒုက္ခပေးတဲ့ ခုခံဓာတ်ရှိတယ်။ အချို့က အရေပြားကို ဒုက္ခပေးတာ ရှိတယ်။ အချို့က ကျောက်ကပ်ကို ဒုက္ခပေးတာ ရှိတယ်။ အချို့ကတော့ ဦးနှောက်ကို ဒုက္ခပေးတာ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီ့ခုခံဓာတ်တွေက ခုနက ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးရင်းနဲ့ ကျွဲကူးရေပါဆိုသလိုမျိုးပဲ အဆစ်ဖုံးမြှေးတွေကို သွားပြီးဒုက္ခပေးတယ်။ အဆစ်ဖုံးမြှေးက ဘုံလိုဖြစ်နေတော့ အဆုတ်ရော၊ ကျောက်ကပ်ရော၊ ဦးနှောက်ရော ဒုက္ခပေးတဲ့ ခုခံအားစနစ် ချို့ယွင်းမှုတွေက အဆစ်ဖုံးမြှေးကိုပါ အကုန်အတူတူ ဒုက္ခပေးတဲ့အတွက် အဆစ်နာတာက အတူတူပဲ ဖြစ်ပေါ်နေတယ်။ ဒီတော့ လေးဖက်နာက ဘုံဖြစ်နေပြီးတော့မှ အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ၊ အဆစ်ရောင် အရေပြားလေးဖက်နာ၊ အရေပြားတုလေးဖက်နာ၊ တုန့်ပြန်လေးဖက်နာ၊ ပိုးလေးဖက်နာ အများကြီးပဲ ဖြစ်တာပါ။ လေးဖက်နာတိုင်းကို penicillin ထိုးလို့ မရဘူးဆိုတာတော့ သဘောပေါက်ဖို့ လိုပါတယ်။ ပြည်သူလူထုကြားမှာတော့ သိပ်သဘောမပေါက်ဘူး။ ရှေးရိုးအစဉ်အလာအတိုင်းပဲ အဆစ်တွေ နာတယ်ဆိုရင် penicillin ထိုးရင် ပျောက်တယ်ပဲထင်တယ်။ ဒါပေမဲ့ အဆစ်နာရင် Penicillin ထိုးရင် ပျောက်တာက ၅ ပုံ ၁ ပုံလောက်ကတော့ မှန်တာပေါ့။ ၅ ပုံ ၄ ပုံလောက်ကတော့ Penicillin နဲ့ မဆိုင်တဲ့ တခြားလေးဖက်နာတွေ ဖြစ်တတ်တယ်။ အဲ့ဒါတွေက ကျွမ်းကျင်တဲ့ဆရာ၀န်တွေနဲ့ ပြပြီးတော့မှ သွေးတွေဘာတွေ စစ်ကြည့်ပြီး သက်ဆိုင်တဲ့ ကုသမှုအလိုက် ကုသသင့်ပါတယ်။ တချို့ကုထုံးတွေက သွေးဖြူဥတွေ ငြိမ်အောင်လုပ်တဲ့ဆေးတွေ ရှိတယ်။ တချို့ကုထုံးတွေကျတော့ ခန္ဓာကိုယ်မှာရှိတဲ့ များနေတဲ့ဓာတ်တွေကို လျှော့ပေးတဲ့ကုထုံးတွေ ရှိတယ်။ အဲ့ဒီတော့ သေချာကုသဖို့ပဲ လိုအပ်ပါတယ်" ဟု ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီး အရိုးအကြော၊ အဆစ် ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးချစ်စိုးက ပြောကြားခဲ့သည်။

 

May Su Hlaing

www.drmyanmar.com