နေရင်းထိုင်ရင်း ချွေးသိပ်ထွက်တတ်တဲ့ အမျိုးသမီးတွေနဲ့ နောက်ခံအကြောင်းတရားများ
အမျိုးသမီးတွေ ဖြူဖြူမည်းမည်း၊ ပိန်ပိန်ဝဝ၊ ချွေးသိပ်ထွက်တဲ့အခါ အကျႌမှာစွန်း၊ ချိုင်းမှာ အကွက်ထ၊ လူကြားထဲလည်း အနံ့ထွက် စသည်ဖြင့် စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ဒီလို ချွေး သိပ်ထွက်လွန်းတာ ဘာတွေကြောင့်များ ဖြစ်မလဲ?
● လည်ပင်းကြီးရောဂါ သိုင်းရွိုက်ကို အရင်ဆုံး စဉ်းထားသင့်ပါတယ်။ ဟော်မုန်းလွန်ကဲတဲ့အခါ တဖြည်းဖြည်း ကိုယ်တွင်းဇီဝရုပ် ဖြစ်ပျက်မှုတွေ မြန်လာပြီး ချွေး သိပ်ထွက်တတ်ပါတယ်။ လည်ပင်းလေးကို စမ်းကြည့်ပါ။ ဆရာဝန်ပြသ စစ်ဆေးပါ။
● ဆီးချိုရောဂါ ဖြစ်လာရင် ချွေးသိပ်ထွက်လာပါတယ်။ ဆီးချိုကျတဲ့အခါ ချွေးပြန်လာသလို ဆီးချိုဖြစ်တာကြာပြီး အာရုံကြော ထိခိုက်ရင်လည်း ချွေးထွက် များလာပါတယ်။ ဆီးချို ဖောက်စစ်ကြည့်နော်။
● သိပ်ဝလွန်းရင် ချွေးထွက် များသတဲ့။ ဝိတ်ချပြီး အဆီကျ အသားကျစ်သွားတဲ့အခါ သက်သာလာတတ်ပါတယ်။
● တီဘီရောဂါ ခံစားရတဲ့အခါ ညချွေးပြန်တတ်ပါတယ်။ ညနေနဲ့ ညပိုင်းမှာ ချွေးတွေ သိပ်ထွက်လာပါတယ်။ ချောင်းဆိုးရင် ရက်ရှည်ဖျားရင် ည ချွေးထွက်ရင် တီဘီ စစ်ကြပါ။ သလိပ် စစ်ကြပါ။
● စိတ်ဖိစီးတာတွေ၊ စိတ်ကျရောဂါတွေ၊ အစိုးရိမ်လွန်တာတွေလည်း ချွေးပြန်တတ်ပါတယ်။ ရင်တုန်မယ်၊ ဇောချွေးပြန်မယ်၊ ညအိပ်မပျော်ဘူး၊ အားပြတ်နေမယ်၊ စကားမပြောချင်ဘူး ဒါတွေပါ ရှိရင် စိတ်ကျရောဂါကို စဉ်းစားကြဖို့ ဖြစ်ပါတယ်။ လေ့ကျင်ခန်း၊ ယောဂ တရားထိုင်တာတွေနဲ့ စိတ်တည်ငြိမ်အောင် ကုသလို့ ရပါတယ်။
● သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ချွေးသိပ်ထွက်တတ်ပါတယ်။ ဘာရယ်မဟုတ် ချွေးတွေ စို့နေတတ်တာမျိုး။ အသက် ၅၀ နီး၊ ၄၅ အထက်ဆိုရင် သွေးဆုံးလက္ခဏာတွေကြောင့် ချွေးထွက်လွန်တတ်ပါတယ်။
● ကင်ဆာရောဂါကြောင့်လည်း ချွေးထွက်လွန်တတ်ပါတယ်။ ပိန်မယ်၊ အစားအသောက် ပျက်မယ်၊ အလုံးအကျိတ် ရှိမယ်၊ မောမယ်၊ အားယုတ်လျော့လာမယ်ဆိုရင် ကင်ဆာရောဂါ ရှိ၊ မရှိ ဆေးစစ်သင့်ပါတယ်
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















