မိန်းမကိုယ်ကျန်းမာရေးအတွက် အစားအသောက်များ
မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ မှိုစွဲပြီးအနံ့ဆိုးဖြစ်နေခြင်းနှင့် ဆီးလမ်းကြောင်းပိုး၀င်ခြင်း စတာတွေက အမျိုးသမီးများကို မသက်မသာဖြစ်စေပါတယ်။ ဒါ့ကြောင့် မိန်းမကိုယ်ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်သော အစားအစာများကိုဖော်ပြလိုက်ပါတယ်။
1. ဒိန်ချဉ်
ဒိန်ချဉ်ကြိုက်တတ်တဲ့သူတွေအတွက် သတင်းကောင်းပါ။ မိန်းမကိုယ်ရဲ့ pH အဆင့်ဟာ 3.8 နဲ့ 4.5 ကြားမှာရှိပြီး အက်စစ်သဘာ၀ရှိတယ်ဆိုရင်တော့ ကျန်းမာရေးကောင်းတယ်လို့ဆိုရမှာပါ။ ဒိန်ချဉ်မှာပါ၀င်တဲ့ အကျိုးပြုဘက်တီးရီးယားများကမိန်းမကိုယ်မှာရှိသင့်တဲ့ pH အဆင့်ကိုထိန်းထားပေးပါတယ်။ ဒါကြောင့် အကျိုးပြုဘက်တီးရီးယားများပါ၀င်ပြီး အဆီထုတ်ထားတဲ့ဒိန်ချဉ်ကို စားသုံးပေးပါ။
2. လတ်ဆတ်သော အသီးအနှံများ
အနီရောင်ဘယ်ရီသီးအချဉ်၊ နာနတ်သီး၊ စတော်ဘယ်ရီသီးနဲ့ အခြားအသီးအနှံများ စားသုံးပေးခြင်းဟာမိန်းမကိုယ်မှ အနံ့အသက်ဆိုးတွေမထွက် အောင်များစွာအကျိုးပြုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အကျိုးမပြု ဘက်တီးရီးယားပိုးတွေနဲ့ အဆိပ်အတောက်တွေကို ဆီးနဲ့အတူထွက်သွားဖို့ အားပေးပါတယ်။
3. ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာမှိုတွေကိုသေစေနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း အတွက် အထိရောက်ဆုံးကုသဖို့နဲ့ ကာကွယ်ဖို့အတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်တာကြောင့် ချက်ပြုတ်ခြင်းဖြစ်စေ၊ အစိမ်းစားခြင်းဖြစ်စေ တစ်ပတ်မှာအနည်းဆုံးတစ်ကြိမ်တော့ စားပေး သင့်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်မှ အနံ့အသက်ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
4. ရေ
မကြာခဏရေသောက်ပေးတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းကို သက်သာစေပါ တယ်။ ရေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံးအတွက် အရေးပါပါတယ်။ မျက်လုံး၊ ပါးစပ်နဲ့ မိန်းမကိုယ်မှာရှိတဲ့ အမြှေးပါးများဟာ ရေဓာတ်ပြည့်၀နေမှသာ အလုပ်ကောင်းကောင်း လုပ်နိုင်မှာဖြစ်ပါတယ်။ တစ်နေ့ကို ရေရှစ်ခွက်သောက်ပါက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်၀နေရုံသာမက မိန်းမကိုယ်ရဲ့အနံ့အသက် ပါ ကောင်းမွန်စေမှာဖြစ်ပါတယ်။
Dr. Htet Htet Aung















