အသက်ရှူ ကျပ်လာရင် ဘယ်လိုကုသမလဲ
လူတစ်ယောက်အသက်ရှူကျပ်ခြင်း၊ သတိလစ်မေ့မြောနေခြင်းကိုတွေ့ရပါကအရေးပေါ်အခြေအနေလို့ ယူဆရပါမယ်။ဆေးရုံသို့အမြန်ပို့ဆောင်ပါ။ ဆေးရုံကားရောက်မလာသေးခင်၊ အကယ်၍သတိရှိပြီးအသက် မရှူ နိုင်၊ စကားမပြောနိုင်ဖြစ်နေလျှင်အောက်ပါတို့ကို ပြန်လုပ်ပေးပါ။
၁။ နောက်ကျောကိုထုပေးပါ။
ပခုံးနောက်ကျော (လက်ဖြင်ရိုးနှစ်ခုကြား) ကိုလက်ဖနောင့်နဲ့ ၅ ချက်အထိထုပေးပါ။
၂။ အသက်ရှူကျပ်နေသေးလျှင် ဗိုက်ကိုဖိပေးပါ။
အ၀လွန်နေသူ ဒါမှမဟုတ် ကိုယ်၀န်ဆောင်တဲ့သူမဟုတ်ရင် ဗိုက်ကိုအားနဲ့ဖိပေးရပါမယ်။
အသက်ရှူကျပ်နေသူ၏ အနောက်တွင်ရပ်၍ ခါးကိုသိုင်းဖက်ထားပါ။ ကိုယ့်လက်တစ်ဖက်ကလက်သီးဆုပ် ပြီးကျန်တဖက်ကအဲဒီလက်ကိုဆုပ်ကိုင်ပါ။ လက်တွေကိုလူနာရဲ့ချက်အထက်နားမှာထားပါ။ ပြီးလျှင် လူနာကို မချီထားသလိုအနေအထားမျိုးဖြစ်အောင် လူနာရဲ့၀မ်းဗိုက်ကို အထက်ဆီဦးတည်ပြီးဆွဲညှစ်သကဲ့သို့ လုပ်ပေးပါ။ တစ်စို့နေတဲ့အရာထွက်မလာမချင်း ၅ ခါစီလုပ်ပေးပါ။
၃။ လိုအပ်ရင် CPR လုပ်ပါ။
ပိတ်ဆို့တဲ့အရာထွက်လာတာတောင် အသက်မရှူ (သို့) သတိလစ်နေတုန်းပဲဆိုရင် လူနာကိုမာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီးရင်ဘတ်ဖိနည်း CPR ပြုလုပ်ပေးရပါမယ်။
အသက်ရှုကျပ်နေသူကလူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။
ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။
မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။
နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။
အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။
၄။ အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။






























