ဆံပင်ပါးစေသော အကြောင်းအရင်း (11) မျိုး
ဆံပင်ကိုအာဟာရ ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေစားသုံးမှုမရှိခြင်းနဲ့ ဆံပင်ပြုပြင်ထိန်းသိမ်းမှု နည်းလမ်းတွေ မှားယွင်းနေခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီလိုအခြေအနေတွေကို တွန်းလှန်နိုင်ဖို့အတွက် ဆံသားပျက်စီးစေတဲ့ အကြောင်းရင်းတွေနဲ့အတူ ပြုပြင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
1) ကြက်သီးနွေးထက်ပိုသော ရေပူပူနဲ့ ခေါင်းလျှော်ခြင်း
အရေပြားလိုပဲဆံသားတွေမှာလည်း ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေနိုင်ပါတယ်။ အပူလွန်ကဲတဲ့ ရေနွေးနဲ့ ခေါင်းလျှော်မိပါက ဆံပင်ရှိသဘာ၀အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဆံသားကိုခြောက်သွေ့စေနိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေနွေးကိုအတတ်နိုင်ဆုံး နွေးသထက်နွေးအောင် အအေးခံပြီးမှ ခေါင်းလျှော်သင့်ပါတယ်။
2) ဆံပင်ပုံသွင်းပစ္စည်းများကို အသုံးပြုခြင်း
ဆံပင်ဖြောင့်စက်၊ ကောက်စက်နဲ့ လေမှုတ်စက် (Hair dryer) အစရှိတဲ့ ဆံကေသာအလှကို ဖန်တီးပေးတဲ့ကိရိယာတွေဟာ ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ပရိုတင်းဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာကို အပူဒဏ်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ spray ကို ဆံသားအနံ့ှ လိမ်းပေးပြီးမှ ဆံပင်ပုံသွင်းခြင်းကို ပြုလုပ်သင့်ပါတယ်။
3) အာဟာရဓာတ်ချို့တဲ့ခြင်း
ဆံကေသာမှာမူလပရိုတင်းဓာတ်ဆိုတာ ပါ၀င်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သင်ကပရိုတင်းဓာတ်ကို ထပ်မံဖြည့်တင်းပေးနိုင်တဲ့ အစာအစာတွေကို အစားနည်းတာပဲဖြစ်စေ၊ လုံး၀မစားသုံးတာပဲ ဖြစ်စေ ပြုလုပ်မယ်ဆိုရင် ဆံသားတွေခြောက်သွေ့ပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ငါး၊ ကြက်သား၊ ပဲနီကလေးနဲ့ ပဲသီးတောင့် စတဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
4) နူးညံ့မှုမရှိတဲ့ တဘက်ကိုအသုံးပြုခြင်း
ခေါင်းလျှော်နေချိန်မှာဆံပင်ဖြီးခြင်း၊ ဆံပင်ခြောက်အောင် တဘက်နဲ့ အားပြင်းပြင်း သုတ်ခြင်းတို့ဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးမှ ဘီးကျဲနဲ့ဖြီးပေးခြင်း၊ နူးညံ့တဲ့တဘက်နဲ့ ညင်သာစွာသုတ်ပြီး ခြောက်သွေ့စေခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
5) ဆံပင်ကိုတင်းကြပ်စွာစည်းနှောင်ခြင်း
ဆံပင်စည်းသရေကွင်းလေးတွေနဲ့ တင်းကြပ်စွာစည်းထားခြင်းဟာလည်း ဦးရေပြားကို နာကျင်စေပြီး ဆံပင်ကိုသာမန်ထက် နှစ်ဆပိုကျွတ်စေပါတယ်။ ဒါကြောင့် အလှဆင်သရေကွင်းလေးတွေ ကို လျော့ရဲစွာစည်းခြင်း၊ အိပ်စက်ချိန်မှာ ပိုးသားကဲ့သို့နူးညံ့သောခေါင်းအုံးနဲ့ အိပ်စက်ခြင်း၊ အိပ်ရာမ၀င်ခင်မှာ ဆံပင်ကိုဘီးကျဲနဲ့ဖြီးပြီးမှ အိပ်စက်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်ပါတယ်။
6) သနေ္ဓတားဆေးမှီ၀ဲခြင်း
သနေ္ဓတားဆေးထဲမှာပါ၀င်တဲ့ အင်ဒရိုဂျင်ကဆံပင်ကျွတ်စေနိုင်ပါတယ်။ နဂိုက ဆံပင်ပါးတဲ့သူ၊ ဆံပင်အထွေးလိုက် ကျွတ်တတ်သူတွေနဲ့ ဆေးဒဏ်ကိုခံနိုင်ရည်မရှိတဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဒါကြောင့် ဇင့်ဓာတ်နဲ့ ဗီတာမင် A ကြွယ်၀တဲ့ သစ်သီး၀လံတွေကို စားသုံးပေးခြင်းကြောင့် ဆံပင်ကို သန်စွမ်းစေနိုင်ပြီး ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုခြင်း၊ ဆံပင်ခြောက်အောင် တဘက်ကြမ်းနဲ့ သုတ်ခြင်းကို ရှောင်ကျဉ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုကာကွယ်နိုင်ပါတယ်။
7) ဗောက်ထခြင်း
ဗောက်ထခြင်းကြောင့် ဦးရေပြားယားယံခြင်းကို ဘီးစိပ်နဲ့ဖြီးခြင်း၊ လက်သည်နဲ့ ကုတ်ခြင်းတို့ဖြင့် ယားယံမှုသက်သာအောင်ပြုလုပ်ခြင်းဟာလည်း ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း၊ ဒိန်ချဉ်စားသုံးခြင်း၊ ဇင့်(သွပ်)ဓာတ်နဲ့ ဗီတာမင် B ကြွယ်၀တဲ့ သစ်သီး၀လံတွေကို စားသုံးပေးခြင်းဖြင့် ဆံပင်ဆုံးရှုံးမှုမှကာကွယ်နိုင်ပါတယ်။
8) နေရောင်ခြည်နဲ့ ထိတွေ့ခြင်း
နေရောင်ခြည်ထဲမှာပါတဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံသားတွေညိုမွဲခြောက်သွေ့ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲကိုထွက်တဲ့အခါ ဦးထုပ်ဆောင်းခြင်း၊ UV ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ သံလွင်ဆီလိမ်းခြင်းဖြင့် ဆံသားပျက်စီးခြင်းမှ ကင်းေ၀းစေပါတယ်။
9) ကြိမ်ဖန်များစွာခေါင်းလျှော်ခြင်း
နေ့စဉ် Shampoo သုံးပြီး ခေါင်းလျှော်ပါက ဦးရေပြားနဲ့ဆံပင်မှာရှိတဲ့ သဘာ၀အဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှစ်ရက်ခြားတစ်ခါထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။
10) ရောဂါဆေးဝါးများမှီ၀ဲခြင်း
မိမိရောဂါအတွက် သောက်နေရတဲ့ဆေးဝါးတွေဟာ ဆံပင်ကျွတ်စေနိုင်တယ်ဆိုရင်တော့ မိမိသောက်နေတဲ့ ဆေးအမျိုးအစားနဲ့တူညီတဲ့ ဆေးဝါးထဲကမှဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ဆေးကို ဆရာ၀န်နဲ့တိုင်ပင်ပြီး မှီ၀ဲသင့်ပါတယ်။
11) ကြာရှည်ခံဆံပင်အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်း
ဆံပင်ကိုပုံစံမပျက်ဘဲ စတိုင်ကျလှပစေနိုင်တဲ့ gel တွေ၊ hairspray တွေဟာလည်း ဆံသားကို ကြမ်းတမ်းစေပြီး ဦးရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် စေးကပ်စေတဲ့ ဆံပင်အလှကုန် ပစ္စည်းတွေ အသုံးပြုမယ့်အစား ဆံသားကိုအစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ခရင်မ်တွေအသုံးပြုခြင်းက ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
CMS






























