ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် နေ့စဉ် ပုံမှန်အသားအရေ ထိန်းသိိမ်းနည်းများ
နေ့စဉ် ပုံမှန်အသားအရေကို သေချာထိန်းသိမ်းဖို့က လူတိုင်းအတွက် အရေးကြီးပါတယ်။ အထူးသဖြင့်တော့ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်ပေ့ါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီးတော့ လှပတဲ့အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ အချက် (၆) ချက်လောက် ပြောပြပေးချင်ပါတယ်။
1. မျက်နှာသန့်စင်ခြင်း
နေ့စဉ် အသားအရေ စောင့်ရှောက်မှုရဲ့ အဓိကကျောရိုးမကြီးကတော့ သေချာသန့်ရှင်းပေးဖို့ပါ။ သေချာသန့်စင်ပေးခြင်းအားဖြင့် ပိုနေတဲ့အဆီတွေ၊ အညစ်အကြေးတွေ၊ ချေွးတွေ၊ မိတ်ကပ်တွေ သန့်စင်သွားစေပြီးတော့ ဝက်ခြံပျောက်ဆေးတွေ လိမ်းဖို့ရာအတွက် ကောင်းမွန်သန့်ရှင်းတဲ့ အသားအရေလေးကို ရစေပါတယ်။
သေချာသန့်စင်ဖို့အတွက်ဆိုရင် ရေနဲ့ဆပ်ပြာလောက်နဲ့ မလုံလောက်ပါဘူး။ ပထမဆုံးအနေနဲ့ ကိုယ့်အသားအရေအတွက် မှန်ကန်တဲ့ သန့်စင်ဆေးရည်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဝက်ခြံထွက်တယ်ဆိုရုံနဲ့ ဘက်တီးရီးယားပိုးပါတဲ့ ဆပ်ပြာတွေကို ရွေးဖို့မလိုပါဘူး။ အများစုအတွက်တော့ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ရင် လုံလောက်ပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ဖို့တော့ မမေ့ပါနဲ့။
2. မျက်နှာကြေးချွတ်ခြင်း
ဝက်ခြံတွေကို တိုက်ဖျက်ဖို့အတွက်ဆိုရင် ဝက်ခြံ စဖြစ်တဲ့ မျက်နှာပေါ်ရှိ ချေွးပေါက်တွေကို စပြီးတော့ တိုက်ဖို့လိုပါတယ်။ မျက်နှာ ပုံမှန်ကြေးချွတ်ခြင်းက ချေွးပေါက်တွေထဲမှာရှိတဲ့ ဆဲလ်အပိုတွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဆဲလ်သေတွေ စုလာတာကို လျော့နည်းစေတဲ့အတွက် ဝက်ခြံဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီးတော့ အသားအရေကို ချောမွေ့စေပါတယ်။
မျက်နှာကြေးချွတ်တယ်ဆိုရင် Body scrub နဲ့ သဲဆပ်ပြာတွေကို တန်းပြီး မြင်တတ်ကြပါတယ်။ ဒါပေမဲ့လည်း ဒါတွေက ဝက်ခြံထွက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။ ဒီတော့ သေချာရွေးပြီးဝယ်ဖို့ လိုပါတယ်။
3. မျက်နှာအသားအရေ ထိန်းညှိခြင်း
မျက်နှာသစ်ပြီးတဲ့အခါမှာ toners တွေ သုံးလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒါတွေက နေ့စဉ်လုပ်ဆောင်ရမယ့် ထိန်းသိမ်းခြင်းတွေမှာ မရှိမဖြစ် လိုအပ်တဲ့အချက်တွေ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အသားအရေက ထိရှလွယ်ပြီးတော့ ခြောက်သွေ့တယ်ဆိုရင် ဒီတိုနာတွေက ကောင်းကျိုးထက် ဆိုးကျိုးကိုတောင် ပိုဖြစ်စေနိုင်ပါတယ်။
4. မျက်နှာ အစိုဓာတ် ထိန်းပေးခြင်း
အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူ အများအပြားက moisturizers လို့ခေါ်တဲ့ အစိုဓာတ်ထိန်းဆေးတွေကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေရှိရင်တောင်မှ အစိုဓာတ်ထိန်းပေးဖို့ ကောင်းပါတယ်။ အရည်အသွေး ကောင်းမွန်ပြီးတော့ အဆီမပါတဲ့ moisturizer တွေက ဝက်ခြံမထွက်စေဘဲနဲ့ ခြောက်သွေ့ခြင်း၊ အသားပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံကုသမှုတွေက အသားအရေကို ခြောက်သွေ့စေတဲ့အတွက်ကြောင့် အစိုဓာတ်ကို ထိန်းပေးဖို့ လိုပါတယ်။ အရေးကြီးတာက ကိုယ့်အသားအရေအတွက် မှန်ကန်တဲ့ moisturizer ကို ရွေးချယ်သုံးစွဲဖို့ပါပဲ။
5. နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း
ကျွန်ုပ်တို့ရဲ့အသားအရေတွေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ လိုပါတယ်။ နေကာခရင်မ်တွေက နေလောင်တာကိုသာမကဘဲ အရွယ်မတိုင်ခင် ပါးရေတွန့်ခြင်း၊ အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အရေပြားကင်ဆာတွေကနေ ကာကွယ်ပေးပါတယ်။
ယနေ့ခေတ်မှာ အဆီမပြန်တဲ့ နေကာခရင်မ်တွေမျိုးစုံကို ရရှိနိုင်ပါတယ်။ နေကာခရင်မ်ကို နွေရာသီမှာပဲ သုံးရတယ်လို့ မထင်ပါနဲ့။ အရေပြား အထူးကုတွေက နေကာခရင်မ်ကို ရာသီမရွေးသုံးဖို့ တိုက်တွန်းထားပါတယ်။
6. နေ့စဉ် ဝက်ခြံကုထုံးများ
အသားအရေကို ထိန်းသိမ်းရမယ့်အဆင့်တွေက အချိန် အရမ်းမယူပါဘူး။ တစ်နေ့ နှစ်ကြိမ် သေချာလုပ်ပေးမယ်ဆိုရင် ရပါတယ်။
ဝက်ခြံထိန်းချုပ်ဖို့ရာက နေ့စဉ်အသားအရေကို သေချာထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဝက်ခြံပျောက်ဆေးတွေသုံးဖို့ ဆိုပြီး ၂ မျိုးလုပ်ဖို့ လိုပါတယ်။ ဝက်ခြံလိမ်းဆေးတွေက ဝက်ခြံ နောက်ထပ်မထွက်ဖို့နဲ့ ဝက်ခြံကနေပြီးတော့ အမည်းစက် ထပ်မဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်ေစေပါတယ်။ ဝက်ခြံအပျော့စားတွေအတွက် ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဝက်ခြံပျောက်ဆေးတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
အရေပြားအထူးကုကလည်း ကိုယ့်ရဲ့အရေပြားနဲ့ သင့်တော်တဲ့ ဝက်ခြံကုထုံးနဲ့ ဆေးဝါးတွေကို ညွှန်ကြားပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























