မွေးဖွားချိန်နောက်ကျခြင်း
ကိုယ်ဝန်ဆောင်ပတ် ၄၂ ပတ် (၂၉၄ ရက်) ကျော်ကြာသည်အထိ မမွေးနိုင်သေးသောကိုယ်ဝန်ကို မွေးချိန်နောက်ကျသောကိုယ်ဝန်လို့ သတ်မှတ်ပါတယ်။
>> ဘာကြောင့် မွေးချိန်ကျော်ရသလဲ?
မွေးဖွားချိန်နောက်ကျခြင်းကို ဖြစ်စေသော အကြောင်းရင်းတွေကတော့ ထူးထူးခြားခြား မရှိပေမယ့် ရက်တွက်မှားတာသော်လည်းကောင်း၊ အရှေ့ကိုယ်ဝန်များမှာ မွေးချိန်နောက်ကျခဲ့သော ရာဇဝင်ရှိခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
Obimin 1

>> မွေးဖွားချိန်နောက်ကျခြင်းဟာ စိုးရိမ်ရသလား?
မွေးဖွားချိန်နောက်ကျခြင်းကြောင့် ကလေးမွေးချိန်ကြာနိုင်ခြင်း၊ ညှပ်/လေစုပ်မွေးဖွားနိုင်ချေများခြင်း၊ ကလေးဟာ သာမန်ထက် ပိုထွားနေနိုင်သဖြင့် ရိုးရိုးမွေးဖို့ ခက်ခဲနိုင်ခြင်း၊ မိခင်တွင် ပိုးဝင်ဖို့ အလားအလာများခြင်း၊ မွေးဖွားပြီး နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ ကလေးအသေမွေးခြင်း၊ မွေးပြီးနောက် ကလေး သေဆုံးခြင်းဖြစ်စေဖို့လည်း ရာနှုန်းများပါတယ်။
>> မွေးဖွားချိန်ကျော်နေခြင်းကို ဘယ်လိုသိရှိမလဲ?
အာထရာဆောင်းရိုက်ခြင်း၊ ကလေးနှလုံးခုန်နှုန်းနှင့်လှုပ်ရှားမှုကို တိုင်းတာခြင်း၊ ရေမြွာပမာဏ စစ်ဆေးခြင်းတို့ဖြင့် သိနိုင်ပါတယ်။
Obimin 2

>> ဒီလိုအခြေအနေနဲ့ ကြုံရင် ဘာတွေလုပ်ပေးသလဲ?
နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ခြင်းနှင့် ကျန်းမာသောရင်သွေးလေးကို မွေးဖွားနိုင်ခြင်းတို့ကို ဦးတည်ပြီး စီစဉ်ဆောင်ရွက်ပေးပါတယ်။
● မိခင်ကျန်းမာရေးအခြေအနေ၊ ရက်ကျော်နေမှုအတိုင်းအတာ၊ မွေးဖွားနိုင်သောနည်းလမ်းတို့ အပေါ် မူတည်ပြီး ကုသမှုနည်းလမ်းကို စဉ်းစားရပါတယ်။
● မိခင်နှင့်ကလေးရဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်ပါက သားအိမ်ပွင့်အောင် ဆေးသွင်းဖို့ ဆုံးဖြတ်ပါတယ်။ လိုအပ်ပါက ခွဲစိတ်မွေးဖွားရပါလိမ့်မယ်။
● မွေးဖွားစဉ်မှာ ကလေးနှလုံးခုန်နှုန်းကို အဆက်မပြတ်စောင့်ကြည့်ဖို့ အရေကြီးပါတယ်။ ဒီလို မွေးချိန်ကျော်တဲ့ ကလေးငယ်များဟာ မွေးဖွားစဉ် ငယ်ချေးပါတတ်တာကြောင့် မွေးပြီးပြီးချင်း ငယ်ချေးကို ပါးစပ်ကနေ ပြန်စုပ်ထုတ်ရတတ်ပါတယ်။
● ကလေးကို ဆက်မမွေးနိုင်တော့ဘဲ ကလေးအသက်ရှူကြပ်တယ်လို့ ယူဆရရင်တော့ ချက်ချင်းခွဲမွေးရပါတယ်။ ကလေးထွားလွန်းပါက ညှပ်ဖြင့်ဆွဲမွေးခြင်း၊ လေစုပ်ခွက်ဖြင့် စုပ်ရခြင်းတို့ လိုအပ်နိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























