တီဘီ (TB)
တီဘီရောဂါသည် အဆုတ်ကိုအဓိကထိခိုက်သော ပြင်းထန်သည့်ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ တီဘီရောဂါပိုးဟာ ရောဂါပိုးရှိသူက နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ဖြင့် လေထဲသို့ရောက်ရှိသွားပြီး ထိုမှတဆင့် အခြားလူများသို့ ကူးစက်သွားခြင်းဖြစ်ပါတယ်။ HIV ရောဂါပိုးကူးစက်ခံရသူတွေမှာ ကိုယ်ခံစွမ်းအားစနစ် လျော့နည်းနေတဲ့အတွက် တီဘီရောဂါကိုပါ ခံစားရလေ့ရှိပါတယ်။
♦ ဖြစ်ပွားရသည့်အကြောင်းရင်း
တီဘီရောဂါသည် ဘက်တီးရီးယား ပိုးမွှားကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရောဂါပိုး ကူးစက်ခံရသူနှင့် အတူတူစကားပြောခြင်း၊ သီချင်းဆိုခြင်းတို့မှတဆင့် ကူးစက်နိုင်ပါတယ်။ အောက်ဖော်ပြပါ လူများတွင် တီဘီရောဂါကူးစက်ခံရနှုန်းမြင့်မားနိုင်ပါသည်။
- ခုခံအားစနစ်အားနည်းနေသူများ
- AIDS ရောဂါခံစားနေရသူများ
- ဆီးချိုေ၀ဒနာရှင်
- ကင်ဆာေ၀ဒနာရှင်များ
- ကင်ဆာကုထုံးခံယူနေသူများ
- ကိုယ်တွင်းအင်္ဂါအစားထိုးမှုခံယူထားသူများ
- အာဟာရချို့တဲ့သူများ
- ကလေးများ၊ အသက်ကြီးသောသူများ
- တီဘီရောဂါဖြစ်ေနေသောဒေသသို့ ခရီးသွားသူများ
- ဆေးလိပ်သောက်သူများ
- ဆင်းရဲချို့တဲ့သူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများ
- အရက်သောက်သုံးသူများ
- ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လက်လှမ်းမမှီသူများ
- ကျန်းမာရေး၀န်ထမ်းများ
- လူနေထူထပ်ပြီး လေ၀င်လေထွက်မကောင်းသောနေရာတွင် နေထိုင်သူ၊ အလုပ်လုပ်သူများ၊
- ဒုက္ခသည်စခန်းတွင်နေထိုင်သူများ
♦ တီဘီရောဂါ အမျိုးအစား
ယေဘုယျအားဖြင့် တီဘီရောဂါကို အမျိုးအစား(၂)မျိုးခွဲခြားနိုင်ပါတယ်။
တီဘီရောဂါကူးစက်ခံရသော်လည်း ခုခံအားစနစ်ကောင်းမွန်နေချိန်တွင် ရောဂါလက္ခဏာပြလေ့မရှိပေ။ ၎င်းကို Latent TB (သို့) Inactive TB ဟုခေါ်ဆိုနိုင်ပြီး လေ့လာမှုများအရ တီဘီရောဂါကူးစက်ခံရသော်လည်း ရောဂါလက္ခဏာမပြတဲ့ လူပေါင်း ၂ ဘီလီယံရှိတယ်လို့ ခန့်မှန်းသိရှိရပါတယ်။
ဒုတိယတစ်မျိုးကတော့ တီဘီရောဂါလက္ခဏာများကို ခံစားရပြီး အခြားသူများကို ကူးစက်စေနိုင်တဲ့ Active TB ဖြစ်ပါတယ်။
♦ ရောဂါလက္ခဏာများ
- ၂ ပတ်ထက်ကျော်၍ ချောင်းဆိုးခြင်း
- ချောင်းဆိုးလျှင် သွေးပါခြင်း
- အသက်ရှုလျှင်၊ ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း
- အလေးချိန်ကျဆင်းခြင်း၊ ဖျားခြင်း၊ နုံးခွေခြင်း
- ညနေဘက်တွင် တငွေ့ငွေ့ဖျားခြင်း၊ အလွန်အမင်းချေွးပြန်ခြင်း
- ချမ်းတုန်ခြင်း
- အစားမစားလိုခြင်းတို့ ဖြစ်ပါတယ်။
တီဘီရောဂါဟာ ခန္ဓာကိုယ်ရှိအစိတ်အပိုင်းအသီးသီးတွင် ဖြစ်နိုင်ပြီးဖြစ်ပွားသော အင်္ဂါအစိတ်အပိုင်းအလိုက် ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။
အောက်ပါလူပုဂ္ဂိုလ်များတွင် တီဘီရောဂါရှိ၊ မရှိကြိုတင်စစ်ဆေးသင့်ပါတယ်။
- HIV/AIDS ရောဂါေ၀ဒနာရှင်များ
- မူးယစ်ဆေးဝါးသုံးစွဲသူများ
- တီဘီရောဂါရှိသူနှင့် ထိတွေ့မှုရှိသူများ
- ကျန်းမာရေး၀န်ထမ်းများ
♦ နောက်ဆက်တွဲဆိုးကျိုးများ
TB ရောဂါဟာ ကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ကြီးပါတယ်။ အဆုတ်ထိခိုက်ခြင်းအပြင် အာရုံကြောမကြီးနာကျင်ခြင်း၊ အရိုးအဆစ်များပျက်ဆီးခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အသဲနှင့် ကျောက်ကပ် ထိခိုက်ခြင်းနှင့် နှလုံးထိခိုက်ခြင်းတို့ အထိ ဖြစ်သွားနိုင်ပါတယ်။
♦ စစ်ဆေးခြင်း
တီဘီရောဂါရှိနေကြောင်းကို ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်းကောင်း (CXR)၊ သလိပ်စစ်ခြင်းဖြင့် လည်းကောင်း (Sputum test)၊ အထွေထွေကျန်းမာရေး စစ်ဆေးခြင်းဖြင့် လည်းကောင်း၊ သွေးစစ်ဆေးခြင်းဖြင့်လည်းကောင်း၊ အရေပြားအောက်သို့ PPD tuberculin ထိုးသွင်းခြင်းဖြင့်လည်းကောင်း၊ စမ်းသပ်ရှိနိုင်ပါတယ်။
♦ ကုသမှု
တီဘီရောဂါ ဖြစ်နေပြီဆိုပါက ပဋိဇီ၀ဆေးဝါးများကို အနည်းဆုံး 6 လမှ 9 လအထိ သောက်ရမှာဖြစ်ပါတယ်။ သောက်သုံးရမည့် ဆေးဝါးနှင့်သောက်သုံးရမည့် အချိန်ကာလအတိအကျတို့မှာ အသက်၊ အထွေထွေကျန်းမာရေး၊ ဆေးယဉ်ပါးမှု၊ တီဘီရောဂါအမျိုးအစား၊ ကူးစက်ခံရသော အင်္ဂါတို့ပေါ်မူတည်၍ တွက်ချက်ပြီးသောက်သုံးရမှာဖြစ်ပါတယ်။ သုတေသီများကလည်း တီဘီရောဂါကုဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်နှင့် ကုသမှုခံယူရမည့် အချိန်ကာလကို လျော့ချရန် ပိုမိုကောင်းမွန်သော ဆေးဝါးများကို ပေါင်းစပ်ကုသနိုင်ရန် သုတေသနများကပြုလုပ်လျက်ရှိပါတယ်။
တီဘီရောဂါတွင် အသုံးများသော ဆေးဝါးများမှာ -
- Isoniazid
- Rifampicin
- Ethambutol
- Pyrazinamide တို့ဖြစ်ပါတယ်။
ဆေးယဉ်ပါး တီဘီရောဂါများတွင် Fluoroquinolone နှင့် Amikacin, Kanamycin or Caperomycin ကဲ့သို့သော ထိုးဆေးများ ပေါင်းစပ်အသုံးပြုပါတယ်။
ဆေးယဉ်ပါးတီဘီရောဂါများအတွက် အသုံးပြုရန်ရည်ရွယ်ထားတဲ့ ဆေးဝါးများကတော့
- Bedaquiline
- Delamanid
- PA 824
- Linezolid
- Sutezolid တို့ဖြစ်ပါတယ်။
ေ၀ဒနာရှင်များသည် ဆေဝါးများကို မှန်မှန်မသောက်သုံးခြင်း၊ မိမိသဘောဖြင့် ဆေးသောက်သုံးခြင်းကို ရပ်တန့်ပစ်ခြင်းတို့ကြောင့် ဆေးယဉ်ပါးတီဘီရောဂါဖြစ်နိုင်သဖြင့် တီဘီရောဂါေ၀ဒနာရှင်များအနေနဲ့ ဆရာ၀န်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို အချိန်မှန် သောက်သုံးရန်အထူးလိုအပ်ပါတယ်။
♦ ကာကွယ်ခြင်း
မွေးကင်းစကလေးများကို BCG Vaccine ထိုးထားပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
Latent TB ဖြစ်နေကြောင်းသိရှိပါက ဆရာ၀န်၏ ညွှန်ကြားချက်အတိုင်းသောက်သုံးခြင်းဖြင့် Active TB မဖြစ်နိုင်အောင် ကာကွယ်နိုင်သလို အခြားသူများသို့ ကူးစက်ခြင်းမရှိအောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Active TB ဖြစ်နေသော တီဘီရောဂါေ၀ဒနာရှင်များအနေဖြင့် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။
- အိမ်မှာ ပြည့်ပြည့်၀၀ အနားယူပါ
- လေ၀င်လေထွက်ကောင်းပါစေ
- နှာခေါင်းနှင့် ပါးစပ်စည်းအသုံးပြုပါ
- နှာချေလျှင်၊ ချောင်းဆိုးလျှင် ပါးစပ်ကို လက်ကိုင်ပဝါဖြင့်အုပ်ပြီးဆိုးပါ။ သလိပ်များကို စနစ်တကျစွန့်ပစ်ပါ။
♦ TB ေ၀ဒနာရှင်များ စားသုံးသင့်သည့် အစားအသောက်များ
တီဘီရောဂါခံစားနေရသူဟာ အာဟာရပြည့်၀နေစေရန် အစားအစာများကို ဂရုတစိုက် စားသုံးပေးသင့်ပါတယ်။
အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ကောက်နှံတစ်ခုလုံးပါ၀င်သောအစားအစာများ၊ အရောင်တောက်ပသော သစ်သီးများ၊ ပရိုတင်း၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ဗီတာမင်ဓါတ်ကြွယ်၀သောအစားအစာများဟာ တီဘီရောဂါေ၀ဒနာရှင်များအတွက် သင့်တော်သော အစားအစာများဖြစ်ပါတယ်။
♦ TB ေ၀ဒနာရှင်များ ရှောင်ရှားသင့်သည့် အစားအသောက်များ
TB ေ၀ဒနာရှင်များဟာ အောက်ဖော်ပြပါ အစားအစာများကို ရှောင်ရှားသင့်ပါတယ်။
- အဆီများသောအစားအစာများ
အဆီများသောအစားအစာများသည် မကောင်းသောအဆီပမာဏကို တက်စေရုံသာမက ၀မ်းလျောစေနိုင်ပါတယ်။
- စားအုံးဆီကို အသုံးပြုထားသော အစားအသောက်များ
စားအုံးဆီဟာ မကောင်းတဲ့ ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး၊ ရောင်ရမ်းမှုကိုဖြစ်စေ တာကြောင့် ၎င်းဆီပါ၀င်သော မာဂျရင်း၊ ကွတ်ကီး၊ ခရက်ကာစတာတွေကို ရှောင်ရှားစေသင့်ပါတယ်။
- အလွန်အမင်းသန့်စင်ထားတဲ့သကြားနှင့် ဂျုံများပါ၀င်သည့်အစားအစာများ
- ကဖင်းဓါတ်ပါသောအရည်နှင့် အရက်
ကဖင်းဓါတ်ပါသောအရည်နှင့် အရက်တို့ဟာ TB ပျောက်ကင်းဖို့ နှောင့်နှေးစေ တာကြောင့် ရှောင်ရှားသင့်ပါတယ်။
Dr. Htet Htet Aung




























