/
node/4067

G6PD ချို့တဲ့ခြင်း (G6PD Deficiency)

Category
ကျန်းမာရေး (A-Z)

         G6PD  လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ် ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကမ်ဘာတ၀န်းရှိလူပေါင်း 400 မီလီယံခန့်ဟာ G6PD ချို့တဲ့မှုကို ခံစားနေရပါတယ်။

          G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့အခြေအနေတခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ စစ်တမ်းများအရ အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှာနေထိုင်တဲ့ လူတွေမှာပိုပြီး အဖြစ်များတယ်လို့သိရပါတယ်။

 

♦ G6PD ရဲ့အရေးပါပုံ

           ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အောက်စီဂျင်ရောက်ရှိအောင် သွေးနီဥတွေက လုပ်ဆောင်ပေးပါတယ်။ G6PD က သွေးနီဥတွေ အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးပြီး တခုခုမဖြစ်သွားအောင်လည်း အကာအကွယ်ပေးပါတယ်။

          G6PD ချို့တဲ့လာပါက သွေးနီဥတွေကို အကာအကွယ် မပေးနိုင်တာကြောင့် သွေးနီဥတွေ ဖျက်ဆီးခံရပြီး အလုံအလောက်ပြန်မထုတ်ပေးနိုင်တဲ့အခါမှာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

 

♦ G6PD ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ

          G6PD ရှိတဲ့ မွေးကင်းစကလေးငယ်တွေမှာ အသားဝါဖြစ်နိုင်ပြီး မီးပြတဲ့နည်းဖြင့် ကုသနိုင်ပါတယ်။ များသောအားဖြင့် G6PD ရှိတဲ့ ကလေးငယ်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိဘဲ ရောဂါပိုး (ဗိုင်းရပ်စ်/ဘက်တီးရီးယား) ကူးစက်ခံရခြင်း၊ ပဲကြားစားသုံးမိခြင်း၊ ပရုတ်လုံးအနံ့ရှုမိခြင်း၊ အချို့သောဆေးဝါးများသုံးစွဲမိခြင်းစတဲ့ အခြေအနေမှာ သွေးနီဥတွေ ယိုယွင်းပျက်ဆီးပြီး သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ -

-     အသားအရေဖြူဖျော့ခြင်း

-     နုံးခွေခြင်း

-     ရင်တုန်ခြင်း

-     အသက်ရှုမြန်ခြင်း

-     အသက်ရှုမ၀ခြင်း

-     မျက်လုံးဝါခြင်း/ အသားဝါခြင်း

-     ခါးနာခြင်း/ ဘေလုံးကြီးခြင်း

-     ဆီးအရောင်ရင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

          အထက်ပါလက္ခဏာတွေ တွေ့ရှိပါက ဆရာ၀န်နှင့်အမြန်ဆုံးပြသပါ။ G6PD ချို့တဲ့သူနဲ့ မတည့်တဲ့အရာတွေကို ဖယ်ရှားလိုက်တာနှင့် ရောဂါလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာလာမှာဖြစ်ပါတယ်။

          G6PD ချို့တဲ့သော အခြေအနေရှိသူတယောက်အနေဖြင့် မိမိနှင့်မတည့်သော အစားအစာ၊ ဆေးဝါးတွေကို သိထားဖို့ လိုအပ်ပါတယ်။

 

♦ G6PD ချို့တဲ့သောသူများရှောင်ကြည်ရမယ့်ဆေးဝါးများ

 

1. acetylsalicylic Acid ပါ၀င်သောဆေးဝါးများ (ဥပမာ - Aspirin)

2. vitamin C လို့လူသိများတဲ့ Ascorbic Acid

3. chloramphenicol

4. chloroquine

5. dapsone

6. dimercaprol

7. doxorubicin

8. mepacrine

9. methylene blue

10. methyldopa 

11. nalidixic acid

12. naphthalene

13. nitrofurantoin

14. phenazopyridine

15. primaquine

16. quinine

17. sulfacetamide

18. sulfadiazine

19. sulfamethoxazole (Co-trimoxazole, Septra)

20. sulfanilamide

21. sulfapyridine

22. sulfisoxazole (Pediazole)

23. toluidine blue

          ဆေးဝါးကုသမှုခံယူရာမှာလည်း ဆေးရောင်းသူကိုဖြစ်စေ၊ ဆရာ၀န်ကိုဖြစ်စေ၊ ကုသမှုပေးတဲ့ ကျန်းမာရေး၀န်ထမ်းကိုဖြစ်စေ မိမိမှာ G6PD ချို့တဲ့မှုရှိကြောင်းကြိုတင်ပြောပြထားပါ။

          သွေးနီဥတွေဖျက်ဆီးနှုန်းနဲ့ သောက်သုံးလိုက်တဲ့ဆေးဝါးပမာဏ ဆက်စပ်နေပါတယ်။ ပမာဏများလေလေ၊ သွေးနီဥ ပျက်စီးနှုန်းပိုများပြီး ပိုမိုပြင်းထန်လေဖြစ်ပါတယ်။

 

 

♦ G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ

 

1. Fava Beans အပါအ၀င် အခြားသော ပဲတောင့်ရှည်များ

          ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအ၀င် အခြားသော ပဲအမျိုးမျိုး

 

2. Methol (ပရုတ်အေး)

          သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအ၀င် အခြားသောပရုတ်အေးပါသော အစားအစာများ

 

3. လူတို့ဖန်တီးပြုလုပ်ထားသော ဆိုးဆေးများ

          အပြာရောင်အပါအ၀င် အစားအစာ ဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင်တွေကြောင့် သွေးနီဥတွေ ပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိတဲ့ သဘာ၀အရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါတယ်။

 

4. Ascorbic Acid (ဗီတာမင် C)

          များသောအားဖြင့် အစားအစာနှင့် ဗီတာမင် ဖြည့်စွက်ဆေးတွေမှာ လူတွေပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေ ပါ၀င်နေပါတယ်။ အစားအစာအတော်များများမှာ ထည့်သွင်းအသုံးပြုကြတာကြောင့် သတိမထားမိလိုက်တဲ့အချိန်မှာပင် ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေ ပျက်စီးခြင်းကိုဖြစ်စေပါတယ်။

 

5. အားဖြည့်ရေ (Tonic Water)

          Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါ၀င်နေတာကြောင့်ရှောင်ရှား ရမည့်အရာ ဖြစ်ပါတယ်။

 

6. Gluten free products (Gluten ပါ၀င်မှုမရှိသော အစားအစာထုတ်ကုန်များ)

          ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါ၀င်နေတတ် တာကြောင့် အစားအစာများကို မ၀ယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။

 

7. ကြက်ဟင်းခါးသီး

          အလွယ်တကူ၀ယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာ G6PD ချို့တဲ့သူတွေအတွက်ကတော့ ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။

 

8. ဗီတာမင် K

          G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါက သွေးနီဥများပျက်ဆီးခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ်သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။

 

9. Sulfites နှင့် Sulfites ပါ၀င်သော အစားအစာများ

          Sulfites ကို အစားအစာအမျိုးမျိုးမှာ ထည့်သွင်းလေ့ရှိတာကြောင့် မ၀ယ်မီနှင့် မစားသုံးမီမှာ အညွှန်းစာရွက်ကို သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။

 

10. တရုတ်တိုင်းရင်းဆေးများ

          အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (lch mci hua), Flos Ionicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါ၀င်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com