/
node/4434

ခြေ၊ လက်များသို့ သွေးကောင်းစွာမလျှောက်သောရောဂါ (Peripheral Artery Disease)

Category
ကျန်းမာရေး (A-Z)

          Peripheral Artery Disease (PAD) ဆိုတာ ခြေ၊ လက်များကိုသွေးထောက်ပံ့ပေးနေသော သွေးကြောများကျဉ်းမြောင်းလာခြင်းကြောင့် ခြေလက်များဆီသို့ သွေးစီးဆင်းမှုမကောင်းရာမှဖြစ်ပေါ်လာတဲ့ ရောဂါကိုဆိုလိုတာဖြစ်ပါတယ်။ အဓိက ကတော့ ခြေထောက်တွေဆီကို စီးဆင်းတဲ့သွေးလွှတ်ကြောတွေမှာ ဖြစ်ပွားပါတယ်။

          PAD ရှိနေခြင်းဟာ ခြေ၊ လက်များကိုထောက်ပံ့ပေးနေတဲ့ သွေးကြောနံရံများမှာသာမက အခြားသောအင်္ဂါ (ဥပမာ - နှလုံး၊ ဦးနှောက်) များကိုပါ ထောက်ပံ့ပေးနေတဲ့ သွေးကြောများမှာပါ အဆီဖတ်တွေစုပုံနေခြင်း၊ သွေးကြောများမာကြောလာခြင်းရဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

        လူအများစုတွင် ရောဂါလက္ခဏာပြလေ့မရှိပေမယ့် အချို့သောသူများတွင် claudication လို့ခေါ်တဲ့ လမ်းလျှောက်ရာ၌ ခြေထောက်နာကျင်ခြင်းကိုခံစားရပါတယ်။ claudication ဆိုတာ လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုတစ်ခုခုပြုလုပ်ချိန်တွင် ခြေထောက် (သို့) လက်မောင်းရှိကြွက်သားများနာကျင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ နာကျင်မှုက အနားယူပြီးနောက် မိနစ်ပိုင်းအတွင်းသက်သာသွားလေ့ရှိပြီး သွေးကြောတလျှောက်ပိတ်ဆို့နေတဲ့ နေရာပေါ်မူတည်ပြီး နာကျင်မှုကိုခံစားရနိုင်ပါတယ်။ ခြေသလုံးကြွက်သားမှာအဖြစ်အများဆုံးဖြစ်ပြီး နာကျင်မှုကမသက်မသာဖြစ်စေသော အသေးစားနာကျင်မှုမှသည် နေ့စဉ်လုပ်ငန်းဆောင်တာများပျက်ယွင်းတဲ့အထိပြင်းထန်နိုင်ပါတယ်။

          PAD ရဲ့ ရောဂါလက္ခဏာတွေကတော့ -

- လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်းတို့ပြုလုပ်ပြီးချိန်တွင် တင်ပါး၊ ပေါင်နှင့် ခြေသလုံးရှိ ကြွက်သားများနာကျင်ခြင်း

- ခြေထောက်ထုံကျင်ခြင်း

- ခြေဖျားများအေးစက်နေခြင်း (အခြားသောတဖက်နှင့်ယှဉ်လျှင်)

- ခြေထောက်အရောင်ပြောင်းခြင်း

- ခြေထောက်တွင် အမွေးများပါးလာခြင်း

- ခြေသည်းရှည်ထွက်နှုန်းနှေးလာခြင်း

- ခြေထောက်ရှိအရေပြားပြောင်းလက်လာခြင်း

- ခြေထောက် (သို့) ခြေချောင်းရှိ သွေးခုန်နှုန်းအားနည်းလာခြင်း (သို့) သွေးခုန်နှုန်း စမ်း၍မရခြင်း

- ပန်းသေပန်းညှိုးဖြစ်ခြင်း

- ရောဂါတဖြည်းဖြည်းပြင်းထန်လာပါက နားနေချိန်မှာဖြစ်စေ၊ လဲလျောင်းနေစဉ်မှာဖြစ်စေ နာကျင်မှုကိုခံစားရနိုင်ပါတယ်။

ခြေထောက်နာကျင်ခြင်းနှင့်ပတ်သက်၍ ပေါ့ဆမနေဘဲအောက်ပါအခြေအနေတွေမှာ ဆရာဝန်နှင့်ပြသသင့်ပါတယ်။

- အသက် 70 ကျော် သက်ကြီးရွယ်အိုများ

- အသက် 50 နှင့်အထက် ဆေးလိပ်သောက်သူများ

- ဆီးချိုဝေဒနာရှိသူများ

- အသက် 50 အောက်ပင်ဖြစ်သော်ငြားလည်း ဆီးချိုသွေးချိုရောဂါရှိသူများ

- အဝလွန်နေသူများ၊ သွေးတိုးရောဂါရှိသူများ

ဖြစ်ပေါ်ရတဲ့အကြောင်းအရင်း

        PAD ကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းကတော့ သွေးကြောနံရံများတလျှောက်တွင် အဆီဖတ်များစုပုံနေခြင်းကြောင့် သွေးကြောတလျှောက်ကျဉ်းမြောင်းလာပြီး သွေးစီးဆင်းမှုလျော့နည်းသွားတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောများရောင်ရမ်းခြင်း၊ ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း၊ ဓာတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း၊ အရွတ်နှင့်ကြွက်သားများတည်ဆောက်ပုံမမှန်ခြင်း စတာတွေကြောင့်လည်း PAD ဖြစ်နိုင်ပါတယ်။

PAD ဖြစ်ပွားခြင်းကို မြင့်တက်စေနိုင်တဲ့အကြောင်းအရင်းများ

- ဆေးလိပ်သောက်ခြင်း

- ဆီးချိုသွေးချိုရောဂါရှိခြင်း

- အဝလွန်ခြင်း

- သွေးဖိအားမြင့်တက်ခြင်း

- သွေးတွင်းရှိ အဆီဓာတ်မြင့်မားနေခြင်း

- အသက်အရွယ်ကြီးလာခြင်း (အသက် 50 နှင့်အထက်)

- မိသားစုမျိုးရိုးထဲတွင် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် PAD ရောဂါရှိခြင်း

- တစ်သျှူးများတည်ဆောက်ရာနှင့် ပြုပြင်ထိန်းသိမ်းရာတွင် ကူညီပေးနိုင်တဲ့ ပရိုတင်း homocystcine များနေခြင်း

နောက်ဆက်တွဲဆိုးကျိုးများ

- ခြေတံလက်တံများသို့ သွေးစီးဆင်းမှုပျက်ယွင်းတာကြောင့် ခြေ၊ လက်ရှိ တစ်သျှူးများပုပ်သိုးခြင်း

- ဦးနှာက်နှင့် နှလုံးကိုထောက်ပံ့ပေးရသော သွေးကြောများမှာပါ အဆီဖတ်များနှင့်စုပုံလာခြင်းကြောင့် လေဖြတ်နိုင်ချေနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမြင့်တက်လာခြင်း

စမ်းသပ်စစ်ဆေးခြင်း

        PAD ရှိ/မရှိသိရှိဖို့အတွက် ဆရာဝန်ကအောက်ပါ စမ်းသပ်မှုတွေပြုလုပ်ပါလိမ့်မည်။

1. အထွေထွေကျန်းမာရေးစစ်ဆေးခြင်း

        PAD ရဲ့လက္ခဏာတွေဖြစ်တဲ့ ကျဉ်းမြောင်းနေတဲ့သွေးကြောအောက်ပိုင်းနေရာများတွင် သွေးခုန်နှုန်းအားနည်းနေခြင်း (သို့) သွေးခုန်နှုန်းမရှိခြင်း။ သွေးကြောပေါ်သို့ နားကြပ်နှင့်စမ်းသပ်သောအခါ ညည်းသံ (bruit) ကြားရခြင်း။ သွေးမလျှောက်သောနေရာများတွင် အနာဖြစ်ပါက အနာကောင်းစွာမကျက်ခြင်း။ PAD ဖြစ်ရသောခြေထောက်တွင် သွေးဖိအားကျနေခြင်း စတဲ့လက္ခဏာတွေရှိ/မရှိ စစ်ဆေးပေးမှာဖြစ်ပါတယ်။

2. Ankle-brachial index (ABI)

        အသုံးများတဲ့စစ်ဆေးမှုဖြစ်ပြီး ခြေကျင်းဝတ်ရှိသွေးဖိအားနှင့် လက်မောင်းရှိ သွေးဖိအားကိုတိုင်းတာနှိုင်းယှဉ်တဲ့နည်းဖြစ်ပါတယ်။

3. အာလ်ထရာဆောင်းရိုက်ခြင်း

        Dappler Ultrasound ကို အသုံးပြုပြီး ကျဉ်းမြောင်းနေသော သွေးကြော (သို့) ပိတ်ဆို့နေသော သွေးကြောကိုရှာဖွေခြင်း။ သွေးကြောအတွင်းသို့ ထိုးဆေးထိုး၍ သွေးကြောပုံရိုက်ခြင်း (Angiography) ပေါင်ခြံရှိသွေးကြောမှတဆင့် ပြွန်ထည့်ပြီးသွေးကြောတလျောက်ကျဉ်းမြောင်းသောနေရာကို စစ်ဆေးခြင်း။ (Catheter Angiography) သွေးတွင်းရှိအဆီဓာတ်နှင့် သကြားဓာတ်ကို သိရှိရန်စစ်ဆေးခြင်း။

ကုသမှု

        ကုသမှုမှာ အဓိကအားဖြင့် အပိုင်း (2) ပိုင်းပါဝင်ပါတယ်။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေသက်သာလျော့ပါးစေရန်နှင့် နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ဖြစ်ပွားခြင်းကို လျော့ချနိုင်ရန်အတွက် သွေးကြောတွင်းအဆီများစုပုံလာခြင်းနှင့် သွေးကြောများထူထဲမာကြောလာခြင်းကို တားဆီးရန်တို့ပဲဖြစ်ပါတယ်။ ကုသမှုမှာ ဆေးဝါးများပေး၍ကုသခြင်း၊ ခွဲစိတ်မှုပြုလုပ်ခြင်းနှင့် နေထိုင်စားသောက်မှုပုံစံပြုပြင်ပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။

ဆေးဝါးများဖြင့်ကုသခြင်း

        သွေးတွင်းရှိ ကိုလက်စထရောလ်ပမာဏကျဆင်းဖို့အတွက် Statin ကဲ့သို့သော ဆေးဝါးတွေသောက်သုံးနိုင်ပါတယ်။ PAD ရှိသူတွေအနေဖြင့် သွေးတွင်းရှိမကောင်းတဲ့ကိုလက်စထရောလ် CLDU ပမာဏကို 100 mg/dl အောက်မှာသာရှိအောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။

          သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိနေပါက မိမိနှင့်သင့်တော်တဲ့သွေးတိုးကျဆေး၊ ဆီချိုကျဆေးကို ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သုံးရပါမယ်။ သွေးပေါင်ချိန်ကို အပေါ်သွေး 110 mmHg၊ အောက်သွေး 90 mmg ထက်မကျော်လွန်အောင် ထိန်းသိမ်းရမှာဖြစ်ပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါတွဲနေပါက 130/80 mmHg ထက်မကျော်သင့်ပါဘူး။ သွေးခဲများဖြစ်ပေါ်ခြင်းကိုကာကွယ်နိုင်ရန် အင်စပရင် (Aspirin)၊ ကလိုပီဒရိုဂရယ် (Clopidogrel) ကဲ့သို့သော ဆေးဝါးတွေသုံးစွဲနိုင်ပါတယ်။

Cilostazol ကဲ့သို့သော ဆေးဝါးတွေက သွေးကျဲစေတဲ့အာနိသင်ရှိစေပြီး သွေးကြောတွေကို ကျယ်စေတာကြောင့် claudication ဖြင့်သက်သာစေဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

ခွဲစိတ်ကုသခြင်း

        အချို့သောလူနာများတွင် ဆေးဝါးများနှင့် မသက်သာပါကခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ပါတယ်။

ခွဲစိတ်ခြင်းနေနဲ့

Angioplasty - သွေးကြောပြုပြင်ခြင်း

          သွေးကြောများမှတဆင့် သေးငယ်တဲ့ဘောလုံးပါဝင်တဲ့ပြွန်ကို သွေးကြောအတွင်းသို့ထိုးသွင်းပြီး ပြွန်ထဲရှိဘောလုံးကို လေသွင်းကာ သွေးကြောကိုချဲ့ပြီး သွေးစီးဆင်းမှုကောင်းမွန်အောင်ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။

Bypass Syrgery - အခြားသောနေရာမှ သွေးကြောကိုအစားထိုးအသုံးပြု၍ဖြစ်စေ၊ အမျှင်များဖြင့်ပြုလုပ်ထားတဲ့ လူလုပ်သွေးကြောများကို အသုံးပြု၍ဖြစ်စေ သွေးလှည့်ပတ်လမ်းကိုလွဲပြောင်းပေးတဲ့နည်းဖြစ်ပါတယ်။

          အခြားသောနည်းလမ်းတွေက သွေးကြောအတွင်းသို့ သွေးခဲပျော်ဆေးထိုးသွင်း၍ သွေးခဲကိုချေဖျက်ခြင်းနှင့် သွေးကျဲစေတဲ့အာနိသင်ရှိတဲ့ ginkgo တိုင်းရင်းဆေးဝါးမှီဝဲခြင်းတို့ပဲဖြစ်ပါတယ်။ ginko တိုင်းရင်းဆေးမှီဝဲသူတွေအနေဖြင့် ပမာဏများများသုံးစွဲမိပါက သွေးယိုစီးနိုင်တာကြောင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာသုံးစွဲသင့်ပါတယ်။

နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း

        လူအများစုမှာ နေထိုင်စားသောက်မှုပုံစံပြောင်းလဲလိုက်ခြင်းဖြင့် PAD ရဲ့ ရောဂါလက္ခဏာတွေ သက်သာတာကိုတွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ပါ

        ဆေးလိပ်သောက်ခြင်းက သွေးကြောများကျဉ်းမြောင်းပျက်စီးစေတာကြောင့် PAD ကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ PAD ရှိသူတွေအနေဖြင့် ဆေးလိပ်ဖြတ်ခြင်းက အဓိကဦးစားပေးပြုလုပ်ရမယ့် နေထိုင်စားသောက်မှုဘဝပုံစံပြောင်းလဲခြင်းဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပါ

        သင့်တော်တဲ့လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကြွက်သားတွေရဲ့ အောက်စီဂျင်အသုံးပြုခြင်းကို ပိုမိုအားကောင်းစေပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်တဲ့အစားအစာများ ရွေးချယ်ပါ

        Pseudoephedrine ပါဝင်တဲ့ အအေးမိဝေဒနာပျောက်ဆေးတွေကို သွေးကြောတွေကို ကျဉ်းစေတဲ့အာနိသင်ရှိတာကြောင့် ရှောင်ရှားသင့်ပါတယ်။

          သွေးစီးဆင်းမှုမကောင်းတာကြောင့် ခြေထောက်တွေကို အထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဆီးချိုသွေးချိုဝေဒနာရှင်များတွင် အနာကျက်ရန်ခဲယဉ်းတာကြောင့် အောက်ပါနည်းလမ်းတွေဖြင့် ခြေထောက်ကိုဂရုစိုက်ပါ။

- ခြေထောက်ကိုနေ့စဉ်ဆေးကြောပါ။

- ရေခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။

- အစိုဓာတ်ထိန်းခရင်မ် ခြေချောင်းလိမ်းရာမှာ ကြားထဲသို့မရောက်အောင် ဂရုစိုက်ပါ။ မှိုစွဲနိုင်တာကြောင့်ဖြစ်ပါတယ်။

- မိမိခြေထောက်နှင့်သင့်တော်တဲ့ ဖိနပ်ကိုသာရွေးချယ်ပါ။

- ခြေသည်း၊ လက်သည်းပုံမှန်တိပေးပါ။

- ခြေထောက်မှာ ဒဏ်ရာရှိ/မရှိ နေ့စဉ်စစ်ဆေးပါ။

- ဒဏ်ရာတစ်ခုခုရှိနေပါက ပေါ့ဆမနေဘဲ ဆရာဝန်နှင့်ချက်ချင်းပြသပါ။

ကြိုတင်ကာကွယ်ခြင်း

        Claudication မဖြစ်အောင် ကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာတဲ့လူနေမှုဘဝပုံစံမှာ နေထိုင်ခြင်းပဲဖြစ်ပါတယ်။

- ဆေးလိပ်ဖြတ်ပါ

- ဆီးချိုသွေးချိုရောဂါရှိပါက သွေးတွင်းရှိသကြားဓာတ်ပမာဏကို ထိန်းညှိနိုင်အောင်ကြိုးစားပါ။

- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။

- ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကိုရွေးချယ်ပါ။

- သင့်တင်တဲ့ကိုယ်အလေးချိန်ထားရှိပါ။

 

Dr. Htet Htet Aung

www.drmyanmar.com