/
node/4678

မ၀ချင်ရင် စိတ်ဖိစီးမှုမခံပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှု ဆက်သွယ်ချက်ရှိတယ်ဆိုတာကို သိတာအချိန်အတော်ကြာပြီး အခုအခါမှာဆိုရင် သိပ္ပံပညာရှင်တွေက ဒီဆက်သွယ်ချက်ကို သက်သေပြနိုင်တဲ့အချက်တွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဝလွန်ခြင်းနှင့် စိတ်ဖိစီးမှုအကြား ဇီဝဗေဒဆိုင်ရာဆက်သွယ်ချက်

    အများအားဖြင့် စိတ်ဖိစီးမှုများတဲ့အခါ အဆီဓာတ် (သို့) သကြားဓာတ်များတဲ့အစားအစာတွေကို အလွန်အမင်းစားချင်စိတ်တွေဖြစ်လာပါတယ်။  သုတေသီတွေက ဟော်မုန်းတစ်ချို့ရဲ့လွှမ်းမိုးမှုကြောင့် ဒီလိုဖြစ်ရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

Serotonin - စိတ်ဖိစီးမှုအရမ်းများတဲ့အချိန်မှာ အဆီတက်စေတဲ့ အချိုများတဲ့အစားအစာတွေ ကို တောင့်တခြင်းက ကိုယ့်ကိုယ်ကိုသက်သာရာရအောင် ကုသခြင်းတစ်မျိုးပါပဲ။ ကစီဓာတ်တွေကို စားလိုက်တဲ့အခါမှာ serotonin ပမာဏတက်လာပါတယ်။ ဒီ Serotonin ဓာတ်က စိတ်သက်သာရာရစေပါတယ်။

Cortisol - စိတ်ဖိစီးမှုတွေက အချိန်ကြာလာတဲ့အခါမှာ cortisol တွေများများထွက်လာစေပါတယ်။ cortisol ဟော်မုန်းက ကျွနု်ပ်တို့ခန္ဓာကိုယ်မှာ စွမ်းအင်နဲ့ အဆီအသုံးချမှုနဲ့ သိုလှောင်မှုတွေကို ထိန်းချုပ်ပါတယ်။ ဒါ့အပြင် Cortisol က အစာစားချင်စိတ်ကိုများစေပြီး အထူးသဖြင့် အချိုနဲ့ အဆီဓာတ်များတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်စေပါတယ်။

Neuropeptide Y - နောက်ဆုံးတွေ့ရှိချက်အရ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ခန္ဓာကိုယ်ကနေ အစာချေဖျက်ရာမှာ ပုံမှန်မဟုတ်ဘဲ ကွဲပြားသွားပါတယ်။ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာ စိတ်ဖိစီးမှုများတဲအချိန်မှာ  အဆီနဲ့ သကြားဓာတ်များတဲ့အစာတွေစားပြီး ခန္ဓာကိုယ်အဆီတွေတက်လာပြီး အစာပုံမှန်အတိုင်းစားတဲ့ကြွက်တွေကတော့ စိတ်ဖိစီးမှုရှိပေမယ့် အဆီမတက်တာကိုတွေ့ရပါတယ်။ ဒါက စိတ်ဖိစီးမှုများချိန်မှာ Neuropeptide Y ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး အဆီတွေစုစေလို့ဖြစ်ပါတယ်။ အဆီနဲ့ အချိုဓာတ်များတဲ့အစားအစာတွေက ဒီဓာတ်ကို ပိုထွက်စေပါတယ်။

စိတ်ဖိစီးမှုတွေကြားက အဝမလွန်အောင်ဘယ်လိုထိန်းသိမ်းကြမလဲ?

1. အဆာလွန်အောင်မနေပါနဲ့

    အစာမစားတာအချိန်ကြာပြီး အလွန်အမင်းဆာလောင်လာပြီဆိုရင် သွေးထဲက သကြားဓာတ်ပမာဏ ကျဆင်းသွားစေပါတယ်။ ဒီအချိန်မှာ လူက အကျိုးအကြောင်းသေချာမတွေးနိုင်ဘဲ ဘယ်အရာကိုမဆို စားချင်စိတ်များလာပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် အစာကို ပုံမှန်စားပေးပါ။

2. အစားအစာအနည်းငယ်ပဲထည့်စားပါ

    စိတ်ဖိစီးမှုများလာတဲ့အခါ လူတွေက ဘာတွေစားမိနေတယ် ဘယ်လောက်ထိစားမိသွားလဲဆိုတာကို မတွေးနိုင် သတိမထားမိနိုင်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် အစားအစာကို နည်းနည်းပဲထည့်စားမယ်ဆိုရင် ကယ်လိုရီပမာဏကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

3. ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကိုစားပါ

    အသားဓာတ်နဲ့ ကစီဓာတ်ပေါင်းစပ်ထားတဲ့အစားအစာတွေက အစာကြေဖို့နှေးပြီး အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတဲ့အတွက် ဒီလိုအစားအစာတွေစားသင့်ပါတယ်။ အဆီဓာတ်နဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။

4. ဘာတွေစားမိနေလဲဆိုတာကို အမြဲသတိရှိပါစေ

     မှန်ကန်တဲ့အစားအစာတွေကို စနစ်တကျစားသုံးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကို အားဖြည့်ပေးပါတယ်။

5. စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်ဖြေရှင်းလိုက်ပါ

    စိတ်ဖိစီးမှုတွေကို သက်သာစေမယ့်နည်းလမ်းတွေကို ရှာဖွေခြင်းက ကျန်းမာရေးကောင်းဖို့ အထောက်အကူဖြစ်စေပါတယ်။ ရောဂကျင့်စဉ်၊ ထိုက်ချိ၊ တရားထိုင်ခြင်း စသည်ဖြင့် တစ်မျိုးမျိုးပြုလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ သူငယ်ချင်းတွေနဲ့ အချိန်တွေ့ဆုံပါ။ ရင်ဖွင့်ပါ။ ဘဝမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကို တတ်နိုင်သမျှလျှော့ချပါ။

    စိတ်ဖိစီးမှုများတဲ့အချိန်မှာ အချိုတွေ အဆီများတဲ့အစာတွေကိုပဲ စားချင်နေတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါလိုမဖြစ်စေဖို့အတွက် နည်းလမ်းတွေရှာဖွေရပါမယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေရှာပါ။ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးပါ။ စိတ်ဖိစီးမှုဆိုတာ ကျွနု်ပ်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် အဝမလွန်အောင် ထိန်းချုပ်နိုင်ကြပါစေ။

Dr. Mya Myo Myo Swe

www.drmyanmar.com