စားချဥ့်ပြန်ရောဂါ
စားချဥ့်ပြန်ရောဂါကို Gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။ ဒီရောဂါက နာတာရှည်အစာမျိုပြွန်နှင့် အစာအိမ်ဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီး အစာအိမ်အတွင်းမှ အက်ဆစ် (သို့) အစာနှင့်အရည်များ (သို့) သည်းခြေရည်များဟာ အစာမျိုပြွန် (esophagus) အတွင်းသို့ တက်လာခြင်းဖြစ်ပါတယ်။ အက်စစ်ဓာတ်ပါသောအချဉ်ရည်များ လည်ချောင်းအထက်သို့ ပြန်တက်ခြင်းကြောင့်် ရင်ပူခြင်းကို ခံစားရပြီး ဒီလိုဖြစ်နေတာ တစ်ပတ်မှာ အနည်းဆုံး 2 ကြိမ်(သို့) နေ့စဉ်နေထိုင်မှုကို နှောင့်ယှက်သည်အထိဖြစ်လာပါက GERD ဟု သတ်မှတ်ပါတယ်။
ဘာကြောင့် စားချဥ့်ပြန်ရောဂါ ဖြစ်တာလဲ?
ပုံမှန်ဆိုရင် အစာမျိုပြွန်အောက်ပိုင်းကို ပိတ်နိုင်သော ကြွက်သား (lower esophageal sphincter) ဟာ အစာမျိုချချိန်မှာ အစာအိမ်ထဲသို့ ရေနှင့်အစာတို့ရောက်ရှိစေရန် ဖြေလျှော့ပေးပါတယ်။ ပြီးမှ ကြွက်သားကိုပြန်ညှစ်ပြီး အောက်ရောက်ပြီးသော အစာနှင့်ရေများ ပြန်မတက်လာစေဖို့အတွက် စေ့နေအောင် ပိတ်ထားလိုက်ပါတယ်။ အကယ်၍ အဲဒီနေရာမှာ အားနည်းနေပါက အစာအိမ်အတွင်းမှ အက်ဆစ်များ (သို့) အစာနှင့်အရည်များ (သို့) သည်းခြေရည်များသည် အပေါ်သို့ ပြန်ဆန်တက်လာနိုင်ပါတယ်။ အက်ဆစ်များကြောင့် အစာမျိုပြွန်ရောင်ရမ်းလာနိုင်ပြီး ရောဂါပိုဆိုးလာပါက သွေးထွက်ခြင်း (သို့) အသက်ရှူရခက်သော ပြဿနာများဖြစ်လာနိုင်ပါတယ်။
စားချဥ့်ပြန်ရောဂါဖြစ်အောင် ဘာတွေကတွန်းအားပေးနေလဲ?
စားချဥ့်ပြန်ရောဂါဖြစ်အောင် တွန်းအားပေးတဲ့အရာတွေရှိပါတယ်။ ဒါတွေကတော့
1. အ၀လွန်ခြင်း
2. ကိုယ်၀န်ရှိခြင်း
3. ဆေးလိပ်သောက်ခြင်း
4. ပန်းနာရင်ကျပ်ရောဂါရှိခြင်း
5. ဆီးချိုရောဂါရှိခြင်း တို့ ဖြစ်ကြပါတယ်။
စားချဥ့်ပြန်ရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ?
1. ရင်ဘတ်အတွင်းပူလောင်သကဲ့သို့ခံစားရခြင်း၊ တစ်ခါတစ်ရံ လည်ပင်းထဲထိရောက်၍ ပါးစပ်အတွင်းချဉ်သည့်အရသာခံစားရခြင်း
2. ရင်ဘတ်အောင့်ခြင်း
3. အစားအသောက်များ မျိုချရခက်ခြင်း
4. ချောင်းခြောက်ဆိုးခြင်း
5. လည်ပင်းနာခြင်း၊ အသံ၀င်ခြင်း
6. အစာ (သို့) ချဉ်သောအရည်များ ပြန်အန်တတ်ခြင်း
7. လည်ပင်းအတွင်း အဖုအကျိတ်ရှိုနေသကဲ့သို့ခံစားရခြင်း တို့ ဖြစ်ပါတယ်။
စားချဥ့်ပြန်ရောဂါကို ဘယ်လိုစမ်းသပ်စစ်ဆေးကြမလဲ?
1. ရောဂါလက္ခဏာများ မေးမြန်းခြင်း
2. အစာမျိုပြွန်အတွင်းရှိ အက်ဆစ်ပမာဏကို စမ်းစစ်ခြင်း
3. အစာခြေစနစ်အပေါ်ပိုင်းကို ဓာတ်မှန်ရိုက်ခြင်း (X-Ray of upper digestive system)
Barium swallow (သို့) Upper GI Series ဟုလည်းခေါ်ပြီး အဖြူရောင်အရည်တစ်မျိုးကိုသောက်၍ X-Ray ရိုက်ယူခြင်းဖြစ်ကာ အစာမျိုပြွန်၊ အစာအိမ်နှင့် အူအခြေအနေတို့အား သိနိုင်ပါတယ်။
4. မှန်ပြောင်းကြည့်ခြင်း (Endoscopy)
ကင်မရာတပ်မှန်ပြောင်းအား လည်ပင်းအတွင်းမှတဆင့်မျိုစေပြီး အစာမျိုပြွန်နှင့် အစာအိမ်တို့အား စစ်ဆေးနိုင်ပါတယ်။
5. အစာမျိုပြွန်၏ လှုပ်ရှားနိုင်မှုကို စမ်းသပ်ခြင်း
စားချဥ့်ပြန်ရောဂါကို ဘယ်လိုကုသမလဲ?
I. ဆေးဝါးများဖြင့် ကုသခြင်း
1. အစာအိမ်မှအက်ဆစ်အား Antacids ဆေးဝါးများဖြင့် လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အစာမျိုပြွန်ရောင်နေပါက Antacids ဆေးဝါးအပြင် အခြားဆေးများကိုပါ ထပ်ပြီးမှီ၀ဲဖို့လိုပါတယ်။
2. အက်ဆစ်ထုတ်လုပ်မှုကို တားဆီးနိုင်သည့် H-2 receptor blocker များကိုလည်း သုံးစွဲနိုင်ပါတယ်။ (ဥပမာ- Cimetidine, Famotidine, Ranitidine)
3. အက်ဆစ်ထုတ်လုပ်မှုကိုတားဆီး၍ အစာမျိုပြွန်ကို သက်သာစေနိုင်သည့် ဆေးများသုံးနိုင်ပါတယ်။ Proton pump inhibitor များသည် အက်ဆစ်ထုတ်လုပ်မှုကိုတားဆီး၍ ပျက်စီးသွားသော အစာမျိုပြွန်မှတစ်သျှူးများ ပြန်ကောင်းလာစေရန် အချိန်ရစေပါတယ်။ (ဥပမာ- Lansoprazole, omeprazole)
4. အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင်သောကြွက်သား (lower esophageal sphincter) ကို ပြန်လည်ကောင်းမွန်လာအောင် အချို့ဆေးဝါး များကိုလည်း ဆရာ၀န်ညွန်ကြားသည့်အတိုင်း သောက်သုံးနိုင်ပါတယ်။ (ဥပမာ- Baclofen)
အချို့အစာအိမ်ဆေးများသည် ရှားရှားပါးပါးဘေးထွက် ဆိုးကျိုးအနေဖြင့် အရိုးပွတတ်သဖြင့် လိုအပ်ပါက ဆရာ၀န်မှ ကယ်လ်စီယမ်ဖြည့်စွက်မှုကို ညွှန်ကြားပါလိမ့်မယ်။
II. ခွဲစိတ်ကုသခြင်း
စားချဥ့်ပြန်ရောဂါ (GERD) ရောဂါအများစုကို ဆေးဖြင့်ကုသထိန်းသိမ်းနိုင်သော်လည်း ဆေးဖြင့်မသက်သာခြင်း (သို့) ရေရှည်ဆေးမသောက်လိုပါက အစာမျိုပြွန်အောက်ပိုင်းကိုပိတ်နိုင်သောကြွက်သား (lower esophageal sphincter)ကို ပြန်လည်သန်မာလာစေမည့် ခွဲစိတ်ကုသမှုမျိုးကို ပြုလုပ်ရန်လိုအပ်ပါတယ်။
စားချဥ့်ပြန်ရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ?
အစာမျိုပြွန်ရေရှည်ရောင်ရမ်းပါက အောက်ပါပြဿနာများဖြစ်ပွားလာနိုင်ပါတယ်။
1. အစာမျိုပြွန်ကျဉ်းခြင်း
အက်ဆစ်ကြောင့် ဆဲလ်များပျက်စီး၍ အမာရွတ်များဖြစ်ကာ အစာမျိုပြွန်ကျဉ်းသွားနိုင်ပြီး အစာမျိုချရခက်စေပါတယ်။
2. အနာဖြစ်ခြင်း
အက်ဆစ်များကြောင့် အနာဖြစ်၍ သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ အစာမျိုရခက်ခြင်းများ ဖြစ်နိုင်ပါတယ်။
3. Barrett’s esophagus (ကင်ဆာမတိုင်မီအဆင့်)
အစာမျိုပြွန်အောက်ပိုင်းတစ်သျှူးများ၏ မူရင်းပုံစံပြောင်းလဲသွားပြီး အစာမျိုပြွန်ကင်ဆာဖြစ်သည်အထိ အန္တရာယ်များပါတယ်။
ဒီရောဂါကိုခံစားနေရရင် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲဖို့လိုလား?
လိုပါတယ်။ နေထိုင်စားသောက်မှုပုံစံပြောင်းလဲပါက တစ်နေ့တာအတွင်း ရင်ပူသည့် အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။
1. ကိုယ်အလေးချိန်ထိန်းခြင်း
ကိုယ်အလေးချိန်ပိုပါက ၀မ်းဗိုက်နှင့် အစာအိမ်ကိုဖိစေပြီး အက်ဆစ်များ အစာမျိုပြွန်အတွင်းသို့တက်လာနိုင်ပါတယ်။ ကိုယ်အလေးချိန်အနေတော်ဆိုပါက ဆက်လက်ထိန်းထား၍ အ၀လွန်နေပါက တစ်ပတ် လျှင် 1 ပေါင် (သို့) 2 ပေါင်မျှလျှော့ချပါ။ လိုအပ်ပါက ဆရာ၀န်နှင့်တိုင်ပင်၍ ကိုယ်အလေးချိန်လျှော့ချပါ။
2. ကျပ်သောအ၀တ်များရှောင်ခြင်း
ကိုယ်ခန္ဓာပေါ်တွင် ကျပ်နေသောအ၀တ်များကြောင့် ၀မ်းဗိုက်ကိုဖိအားတက်စေနိုင်၍ ရှောင်ကြဉ်ပါ။
3. ရင်ပူစေနိုင်သော အစားအစာများရှောင်ခြင်း
အောက်ပါအစားအစာများဟာ ရင်ပူစေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
- အဆီများသောအစားအစာများ
- ပူရှိန်း
- ချောကလက်
- အရက်
- နီကိုတင်း(ဆေးလိပ်)
- ကဖင်းပါသောအစားအစာများ (ကော်ဖီ၊ ကိုလာ)
- ဆိုဒါပါသောအချိုရည်များ
- ချဉ်သောအသီးနှင့်ဖျော်ရည်များ
- စပ်သောအစားအစာများ
- ခရမ်းချဉ်သီးဆော့စ်
4. တစ်ကြိမ်လျှင် နည်းနည်းသာစားခြင်း
အကြိမ်ရေများများနှင့် တစ်ကြိမ်လျှင် နည်းနည်းစီသာ စားပါ။ အလွန်အကျွံစားသုံးခြင်းကို ရှောင်ပါ။ ကျေညက်အောင်ဝါးစားပါ။
5. အစာစားပြီးပြီးချင်း မလှဲပါနှင့်
အစာစားပြီး လှဲလျောင်းရန် (သို့)အိပ်စက်ရန် အနည်းဆုံး 3 နာရီစောင့်ပေးပါ။
6. ကုတင်ခေါင်းရင်းကို မြှင့်ပေးခြင်း
ညဘက်တွင်ဖြစ်တတ်ပါက ကုတင်ကို 6 လက်မခန့် ခေါင်းရင်းဘက်မှ မြှင့်ထားလျှင်၊ ဘယ်ဘက်စောင်းအိပ်လျှင် သက်သာနိုင်သည်။ (ခေါင်းအုံးမြှင့်ရမည်ကို ဆိုလိုခြင်းမဟုတ်ပါ။ ကုတင်ကို မြှင့်ရမှာ ဖြစ်ပါတယ်။)
7. ဆေးလိပ်ဖြတ်ပါ။
8. ဆေးများ
ကိုယ်၀န်တားဆေး၊ Tetracycline (ပဋိဇီ၀ပိုးသတ်ဆေး)၊ သံဓာတ်အားဆေး၊ ပိုတက်ဆီယမ်ပါ၀င်သောအားဆေး၊ Aspirin/ Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများနှင့် အရိုးပွရောဂါအတွက်သုံးသော ဆေးအချို့မှာ ဘေးထွက်ဆိုးကျိုးအနေဖြင့် ရင်ပူစေတတ်ပါတယ်။ အကယ်၍ ဆေးကြောင့်ဖြစ်သည်ဟု သံသယရှိပါက ဆရာ၀န်နှင့် တိုင်ပင်ပြီး ဆေးပြောင်းသောက်ပါ။ ဆရာ၀န်နှင့်မတိုင်ပင်ဘဲ သောက်နေသည့်ဆေးကို မရပ်ပစ်ပါနှင့်။
Dr. Thinzar Wynn




























