သွေးအားနည်းရောဂါ
ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်သယ်ပေးနိုင်တဲ့ ကျန်းမာတဲ့သွေးနီဥတွေ လုံလောက်စွာ မရှိဘူးဆိုရင် သွေးအားနည်းရောဂါဖြစ်စေပါတယ်။ သွေးအားနည်းရောဂါက ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေနဲ့ အမျိုးသမီး ဆယ်ယောက်မှာတစ်ယောက်ကြုံတွေ့ရလေ့ရှိပါတယ်။ အမျိုးသားတွေနဲ့ ကလေးတွေမှာလည်းဖြစ်တတ်ပြီးတော့ အခြားရောဂါတွေကြောင့် သွေးအားနည်းတာလည်းဖြစ်နိုင်ပါတယ်။
♦ ရောဂါလက္ခ္ခဏာများ
ကောင်းကောင်းအိပ်ပျော်ပေမဲ့ မကြာခဏမောခြင်း၊ ပုံမှန်အလုပ်တွေကိုတောင်လုပ်ဖို့အားမရှိခြင်း စတာတွေက သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
- အားနည်းခြင်း
- မူးဝေခြင်း
- အသားအရေဖြူဖျော့ခြင်း
- ခေါင်းကိုက်ခြင်း
- ခြေလက်များထုံခြင်း၊ အေးခြင်း
- ခန္ဓာကိုယ်အပူချိန်နည်းခြင်း
နှလုံးနှင့်ဆက်နွယ်သောရောဂါလက္ခဏာများ
သွေးအားနည်းတဲ့သူတွေရဲ့သွေးထဲမှာ အောက်ဆီဂျင်နည်းတဲ့အတွက် နှလုံးက အခြားအင်္ဂါတွေဆီအောက်ဆီဂျင်အလုံအလောက်ရဖို့အတွက် ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒါကြောင့် နှလုံးစည်းချက်မမှန်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့နှလုံးပြဿနာတွေဖြစ်လာစေပါတယ်။
♦ ကလေးများတွင် သွေးအားနည်းခြင်း
အသက် 2 နှစ်အရွယ်ကလေး 7 ယောက်မှာ 1 ယောက်က သွေးအားနည်းရောဂါဖြစ်လေ့ရှိပြီး အများအားဖြင့် အစားအစာထဲမှာ သံဓာတ်ပါဝင်မှုနည်းလို့ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါရှိတဲ့ကလေးတွေမှာ ရွှံ့၊ အမှိုက်၊ ရေခဲ စတဲ့ ရှေ့မှာတွေ့တာကို ကောက်စားတတ်တဲ့လက္ခဏာရှိပါတယ်။ ကုသမှုမခံယူဘူးဆိုရင် ရောဂါပြင်းထန်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
♦ သွေးအားနည်းရောဂါဖြစ်နိုင်ချေများသောအချက်များ
နာတာရှည်ရောဂါရှိတဲ့သူတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ချေပိုများပါတယ်။ ရာသီလာချိန်မှာ သွေးတွေအများကြီးဆင်းခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးထုထည်ပြောင်း လဲခြင်းတွေကြောင့် သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။
ကျောက်ကပ်ရောဂါကဲ့သို့သော နာတာရှည်ရောဂါတွေကလည်း ခန္ဓာကိုယ်ရဲ့ သွေးနီဥတွေပြုလုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ နေ့စဉ်အစားအစာမှာ သံဓာတ်၊ folate၊ ဗီတာမင် B12 ပါဝင်မှုနည််းရင်လည်းဖြစ်နိုင်သလို အချို့သောသွေးအားနည်းရောဂါတွေက မွေးရာပါ လည်းဖြစ်နိုင်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ မကြာခဏမောခြင်းက သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအရွယ်တွေမှာ ကြီးထွားမှုမြန်တဲ့အတွက် သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်နိုင်သလို ဓမ္မတာလာခြင်းကြောင့်လည်း သွေးအားနည်းနိုင်ပါတယ်။
♦ သွေးအားနည်းစေသောအကြောင်းအရင်းများ
1. သံဓာတ်အစားနည်းခြင်း
နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ သံဓာတ်ပါဝင်မှုနည်းရင် သွေးအားနည်းနိုင်ပါတယ်။ အပင်နဲ့ ဆေးတွေကရတဲ့ သံဓာတ်က အသားကရတဲ့သံဓာတ်လို စုပ်ယူမှုမကောင်းပါဘူး။ Crohn’s disease, celiac disease စတဲ့ အစာချေစနစ်ရောဂါတွေနဲ့ အစာအိမ်ခွဲစိတ်မှုတွေက သံဓာတ်စုပ်ယူမှုကို ထိခိုက်စေပါတယ်။ အချို့သောအစားအစာနဲ့ ဆေးဝါးတွေကို သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့အတူစားသုံးရင် သံဓာတ်စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ ဒါတွေကတော့
- နို့နှင့်နို့ထွက်ပစ္စည်းများ
- ကယ်ဆီယမ်ကြွယ်ဝသောအစားအစာများ
- ကယ်ဆီယမ်ဆေးများ
- ဗိုက်အောင့်ပျောက်ဆေးများ (antacids)
- ကော်ဖီ
- လက်ဖက်ရည်
2. ဗီတာမင်ချို့တဲ့ခြင်း
သွေးနီဥထုတ်လုပ်ဖို့အတွက် ဗီတာမင် B12 နဲ့ folate လိုပါတယ်။ ဒီဗီတာမင်တွေစားတာနည်းရင် သွေးအားနည်းနိုင်ပါတယ်။ ကိုယ်ခံအားကြွတဲ့ရောဂါတွေ၊ အစာချေစနစ်နဲ့ဆိုင်တဲ့ရောဂါတွေကြောင့် ဗီတာမင် B12 လုံလောက်စွာစုပ်ယူနိုင်မှုကို အဟန့်အတားဖြစ်စေပါတယ်။ တိရိစၧန်မှရရှိတဲ့အစားအစာတွေ၊ ကောက်ပဲသီးနှံတွေမှာ ဗီတာမင် 12 ကြွယ်ဝပြီး folate ကြွယ်ဝတဲ့အစားအစာတွေကတော့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပဲအခြောက် စတာတွေဖြစ်ပါတယ်။
3. ရောဂါများ
နာတာရှည်ရောဂါတွေနဲ့ ရောဂါပိုးတွေကြောင့် ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေနည်းသွားပြီး hemoglobin ကျသွားစေပါတယ်။ သွေးဆုံးရှုံးမှုများရင် သံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ အချို့သောဆေးဝါးတွေနဲ့ကုထုံးတွေကြောင့်လည်း သွေးအားနည်းနိုင်ပါတယ်။ သံဓာတ်နဲ့ အခြားဖြည့်စွက်စာတွေလိုမလို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
4. Aplastic anemia
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးဆဲလ်တွေကို ရိုးတွင်းခြင်ဆီကလုံလောက်စွာထုတ်မပေးနိုင်တဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်ပါတယ်။ လူတစ်သိန်းမှာ တစ်ယောက်လောက်ပဲဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည်ထိတွေ့မှုများခြင်း၊ ဓာတုပစ္စည်းအချို့နှင့်ထိတွေ့မှုများခြင်း၊ ဗိုင်းရပ်စ်ပိုး၊ ကိုယ့်ရိုးတွင်းခြင်ဆီကို ကိုယ်ပြန်ဖျက်ဆီးတဲ့ ခုခံအားရောဂါတွေကြောင့်ဖြစ်တတ်သလို ရောဂါဖြစ်သူ 5 ယောက်မှာ 1 ယောက်က မွေးရာပါဖြစ်ပါတယ်။ ရောဂါပြင်းထန်ရင် သွေးသွင်းကုသမှု (သို့) ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့လိုအပ်ပါတယ်။
5. သွေးထွက်များခြင်း
သွေးနီဆဲလ်တွေအများကြီးဆုံးရှုံးခြင်းက သွေးအားနည်းရောဂါအဖြစ်များစေတဲ့အကြောင်း အရင်းဖြစ်ပါတယ်။ ရာသီသွေးဆင်းများခြင်း၊ အနာ၊ ထိခိုက်ဒဏ်ရာ၊ ခွဲစိတ်မှု စတာတွေကြောင့် သွေးထွက်များရင် သံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါဖြစ်စေပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းများတဲ့အမျိုးသမီးတွေဆိုရင် သွေးအားနည်းခြင်းရှိ/မရှိ တစ်နှစ်တစ်ကြိမ်စစ်သင့်ပါတယ်။
6. သွေးထုတ်လုပ်မှုစနစ်လွဲနေခြင်း
မွေးရာပါချို့ယွင်းချက်တွေကြောင့် သွေးနီဥထုတ်လုပ်မှုကိုထိခိုက်စေနိုင်ပါတယ်။ Thalassemias ရောဂါကြောင့် သွေးနီဥနဲ့ သွေးနီဆဲလ်တွေနည်းစေတဲ့အတွက် သွေးသွင်းပြီးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သွေးနီဥတွေပြိုကွဲခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါမှာဆိုရင် သွေးနီဆဲလ်တွေ ပျက်စီးပြီး သွေးစီးကြောင်းထဲက မြန်မြန်ထွက်သွားပါတယ်။
7. Sickle Cell Anemia
ပုံစံမမှန်တဲ့သွေးနီဥတွေကို ထုတ်လုပ်တဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက သွေးနီဆဲလ်တွေကို လုံးဝိုင်းတဲ့ပုံစံကနေ တံစဉ်ပုံစံအဖြစ်ပြောင်းစေပြီး သွေးကြောတွေထဲကို ဒီပုံစံမမှန်တဲ့သွေးဆဲလ်တွေစီးသွားဖို့ခက်စေတဲ့အတွက် ခန္ဓာကိုယ်တစ်သျှူးတွေကို ထိခိုက်မှုများစေပါတယ်။ ဒါ့အပြင်ဒီပုံမမှန်တဲ့ဆဲလ်တွေက မြန်မြန်သေဆုံးလွယ်ပါတယ်။
♦ ရောဂါစမ်းသပ်ဖော်ထုတ်ခြင်း
1. Complete blood count - သွေးနီဆဲလ်၊ သွေးဖြူဆဲလ်၊ သွေးမွှားနဲ့ သွေးနီဥပမာဏကို စစ်ဆေးနိုင်တဲ့အပြင် ဒီသွေးတွေရဲ့ အရွယ်အစား၊ ထုထည်နဲ့ ပါဝင်နှုန်းတွေကို သိနိုင်ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါရှိရင် သွေးနီဆဲလ်တွေက ပုံမှန်ထက် ပိုပြီးသေးနေနိုင်ပါတယ်။
2. အခြားသွေးစစ်ဆေးမှုများ - complete blood count အဖြေအရ သွေးအားနည်းနေတယ်ဆိုရင် နောက်ထပ်သွေးစစ်ဆေးမှုတွေထပ်လုပ်ဖို့လိုပါတယ်။ သွေး ဆဲလ်တွေရဲ့ပုံစံ၊ သွေးနီဥအမျိုးအစား၊ သံဓာတ်လေ့လာခြင်း စတဲ့စစ်ဆေးမှုတွေလုပ်ရပါမယ်။
3. ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း - ခန္ဓာကိုယ်ကနေ သွေးဆဲလ်ထုတ်တာ နည်းလွန်းရင်ပဲဖြစ်ဖြစ်၊ များလွန်းရင်ပဲဖြစ်ဖြစ်၊ ပုံစံမမှန်ရင်ဘဲဖြစ်ဖြစ် ရိုးတွင်းခြင်ဆီစစ်ဆေးဖို့လိုပါတယ်။
♦ ကုထုံးများ
သံဓာတ်အားဆေး - သံဓာတ်ချို့တဲ့ရင် သံဓာတ်အားဆေးသောက်ရပါမယ်။ သံဓာတ်အားဆေးကို လိမေ္မာ်သီးဖျော်ရည်နဲ့ အခြား ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေနဲ့တွဲသောက်ရင် စုပ်ယူမှုအားကောင်းပါတယ်။ သံဓာတ်အားဆေးကို ကယ်ဆီယမ်၊ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့တွဲသောက်ရင် စုပ်ယူမှုမကောင်းတဲ့အတွက် တွဲမသောက်ပါနဲ့။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲမသောက်ပါနဲ့။ ဆေးတွေကို ကလေးနဲ့လက်လှန်းမမှီတဲ့နေရာမှာထားပါ။ အချို့လူတွေမှာ folic acid နဲ့ ဗီတာမင် B12 ဆေးတွေသောက်ဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်နှင့် သံဓာတ် - ကိုယ်ဝန်ဆောင်တစ်ဝက်လောက်က သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်တတ်တဲ့အတွက် နေ့စဉ် သံဓာတ် 30 mg ခန့်စားပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးတွေမှာလည်း သံဓာတ်ပါလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ပြသမှုပထမဆုံးခံယူချိန်နဲ့ မွေးဖွားပြီးချိန်တွေမှာ သွေးအားနည်းရောဂါရှိ/မရှိ စစ်ကြည့်ရပါမယ်။
ဆေးဝါးများ - သွေးအားနည်းရောဂါဖြစ်စေတဲ့ နောက်ခံရောဂါကို ကုသဖို့လိုပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါ၊ ကိုယ်ခံအားရောဂါ အစရှိတဲ့ရောဂါတွေကြောင့် သွေးအားနည်းတာဆိုရင် ဒီရောဂါတွေကို ကုသဖို့လိုပါတယ်။
အခြားကုထုံးများ - သွေးအားနည်းလွန်းရင် သွေးသွင်းဖို့လိုပါတယ်။ ကင်ဆာနဲ့ အခြားမွေးရာပါသွေးအားနည်းရောဂါတွေမှာဆိုရင် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုခံယူရပါမယ်။
♦ ကာကွယ်ရန်နည်းလမ်းများ
အချို့သောသွေးအားနည်းရောဂါတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အနီရောင်ရှိသော အသား၊ အသည်း၊ ငါး၊ တို့ဖူး၊ ပဲ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်၊ သစ်သီးခြောက်များ၊ ဗီတာမင် B12 နဲ့ folate ကြွယ်ဝသော ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဟင်းနုနွယ်ရွက်၊ ငှက်ပျောသီး၊ ဗီတာမင် B12၊ folate နဲ့ သံဓာတ်မျိုးစုံပါဝင်သော ပေါင်မုန့်၊ ကောက်ပဲသီးနှံ စတဲ့အစားအစာတွေ စားသုံးပေးပါ။ ဗီတာမင် C က သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။
♦ သွေးအားနည်းရောဂါရှိလျှင် နေထိုင်နည်းများ
ဆေးကုသမှုခံယူခြင်းနှင့် ကျန်းမာမျှတတဲ့အစားအစာတွေစားသောက်ခြင်းဖြင့် အားအင်ပြည့်ဝစေပြီး နေထိုင်ကောင်းစေပါတယ်။ နာတာရှည်ရောဂါရှင်များအနေနှင့် ဒီရောဂါတွေကိုကောင်းကောင်းထိန်းချုပ်ထားနိုင်မယ်ဆိုရင် သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe





























