ကူးစက်တတ်သောရောဂါများ
ကူးစက်တတ်သောရောဂါတွေဆိုတာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို (သို့) ကပ်ပါးကောင်တွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဆိုလိုပါတယ်။ သက်ရှိပိုးမွှားအများစုဟာ ခန္ဓာကိုယ်တွင်းကိုယ်ပမှာ နေထိုင်ကြ၍ ပုံမှန်အားဖြင့် အန္တရာယ်မရှိကြပေ။ သို့သော် အခြေအနေတချို့မှာတော့ ပိုးမွှားတွေကြောင့် ရောဂါဖြစ်စေနိုင်ပါတယ်။
အချို့သောကူးစက်ရောဂါတွေဟာ လူတစ်ဦးမှတစ်ဦး ကူးစက်တာဖြစ်ပြီး အချို့မှာမူ အင်းဆက် (သို့) တိရစာၦန်ကိုက်ရာမှတစ်ဆင့် ရောဂါဖြစ်ပွားနိုင်ပါတယ်။ ထို့ပြင် မသန့်ရှင်းတဲ့အစာ၊ ရေတို့ကို သောက်သုံးခြင်း၊ ပတ်၀န်းကျင်ရှိ ရောဂါပိုးမွှားများနဲ့ ထိတွေ့မိခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
ရောဂါဖြစ်စေတဲ့ ပိုးမွှားပေါ်မူတည်၍ ရောဂါလက္ခဏာအမျိုးမျိုး ကွဲပြားခြားနားနိုင်သော်လည်း အများအားဖြင့် ကိုယ်အပူချိန် မြင့်တက်၍ နုံးခွေနိုင်ပါတယ်။ သာမန်ပိုး၀င်ခြင်းဆိုပါက အိမ်၌အနားယူ၍ ဆေးမြီးတိုများ သောက်သုံးရုံဖြင့် ပျောက်ကင်းနိုင်သော်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ ကူးစက်ရောဂါဖြစ်ပါက ဆေးရုံတင်ရန် လိုအပ်ပါတယ်။
၀က်သက်၊ ရေကျောက်ကဲ့သို့ ကူးစက်ရောဂါမျိုးကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ လက်ကို စင်ကြယ်စွာ မကြာခဏ ဆေးကြောခြင်းဟာလည်း ကူးစက်ရောဂါအများစုမှ ကာကွယ်ပေးနိုင်ပါတယ်။
♦ ရောဂါလက္ခဏာများ
ကူးစက်ရောဂါ တစ်ခုစီတိုင်းမှာ သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ရှိနေတတ်ပါတယ်။ ယေဘုယျအားဖြင့် တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
• အဖျားကြီးခြင်း
• ၀မ်းလျှောခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• ကြွက်သားများ ကိုက်ခဲခြင်း
• ချောင်းဆိုးခြင်း
♦ ဖြစ်ပွားစေသည့် အကြောင်းအရင်းများ
ဘက်တီးရီးယားပိုးများ - ဥပမာ လည်ချောင်းနာခြင်း၊ ဆီးပိုး၀င်ခြင်း၊ ချောင်းဆိုးသွေးပါရောဂါ
ဗိုင်းရပ်စ်ပိုးများ - ဘက်တီးရီးယားထက် သေးငယ်၍ သာမန်အအေးမိဖျားနာခြင်းမှ အစပြုကာ ခုခံအားကျဆင်းသောရောဂါထိ ဖြစ်နိုင်ပါတယ်။
မှိုများ - အရေပြားရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ရုံသာမက အဆုတ်နဲ့ အာရုံကြောစနစ်တို့ကိုလည်း ရောဂါဖြစ်စေတတ်ပါတယ်။
ကပ်ပါးပိုးများ - ငှက်ဖျားရောဂါဆိုတာ ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တဲ့ ကပ်ပါးတစ်မျိုးကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ အခြားကပ်ပါးပိုးတွေကတော့ တိရစာၦန်ရဲ့မစင်မှတစ်ဆင့် လူတွေကို ကူးစက်နိုင်ပါတယ်။
♦ တိုက်ရိုက်နည်းဖြင့် ရောဂါကူးစက်ခြင်း
ကူးစက်ရောဂါအများစု ဖြစ်ပွားစေတဲ့ အလွယ်ကူဆုံးနည်းလမး်ကတော့ ရောဂါရှိတဲ့လူ (သို့) တိရစာၦန်တွေနဲ့ ထိတွေ့မိခြင်းပါပဲ။ ရောဂါပိုး တိုက်ရိုက်ကူးစက်စေနိုင်တဲ့ နည်းလမ်း 3 မျိုးကတော့ -
• လူတစ်ဦးမှတစ်ဦး ကူးစက်ခြင်း - ရောဂါပိုငးတွေ ကူးစက်လေ့ရှိတဲ့ နည်းလမ်းကတော့ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ခြင်း၊ နမ်းရှုပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတို့မှတစ်ဆင့် ကူးစက်တတ်ပါတယ်။
ထို့ပြင် လိင်ဆက်ဆံရာမှ ခန္ဓာကိုယ်တွင်းအရည်များနဲ့ ထိတွေ့ပြီးတော့လည်း ကူးစက်နိုင်ပါတယ်။ မည်သည့်ရောဂါလက္ခဏာမျှ မရှိသည့်သူတစ်ဦး ဖြစ်သည့်တိုင်အောင် ရောဂါပိုး သယ်ဆောင်သူတစ်ဦး ဖြစ်နေနိုင်သေးပါတယ်။
• တိရစာၦန်မှ လူသို့ ကူးစက်ခြင်း - ရောဂါပိုးရှိတဲ့ တိရစာၦန်တွေရဲ့ ကိုက်ခဲခြင်း၊ ကုတ်ခြစ်ခြင်းကို ခံရပါက ဖျားနာနိုင်တဲ့အပြင် ရောဂါပြင်းထန်ပါက သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တိရစာၦန်အညစ်အကြေးတွေနဲ့ ထိတွေ့ခြင်းဟာလည်း အန္တရာယ်များလှပါတယ်။ (ဥပမာ - ကြောင်ရဲ့မစင်မှတစ်ဆင့် ကူးစက်တတ်တဲ့ toxoplasmosis ရောဂါ)
• မိခင်မှတစ်ဆင့် သနေ္ဓသားလောင်းကို ကူးစက်ခြင်း - ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးမှာရှိတဲ့ ကူးစက်ရောဂါပိုးတွေဟာ အချင်းမှတစ်ဆင့် သနေ္ဓသားလောင်းသို့ ရောက်ရှိသွားနိုင်ပါတယ်။ မိန်းမကိုယ်တွင်းမှာရှိတဲ့ ရောဂါပိုးတွေကတော့ ကလေးမွေးဖွားတဲ့အချိန်ကျမှသာ ကလေးဆီသို့ ကူးစက်နိုင်မှာ ဖြစ်ပါတယ်။
♦ သွယ်၀ိုက်သောနည်းဖြင့် ရောဂါကူးစက်ခြင်း
သက်ရှိမဟုတ်တဲ့အရာတွေဖြစ်တဲ့ စားပွဲမျက်နှာပြင်၊ တံခါးလက်ကိုင်ဖု စတာတွေမှာ ကပ်ငြိနေတဲ့ ရောဂါပိုးမွှားတွေဟာ သွယ်၀ိုက်သောနည်းဖြင့် ရောဂါဖြစ်စေနိုင်ပါတယ်။
ဥပမာအားဖြင့် ရောဂါရှိသူတစ်ယောက် ကိုင်တွယ်သွားတဲ့ တံခါးလက်ကိုင်ကို ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိတွေ့မိခြင်းဖြင့် ရောဂါကူးနိုင်ပါတယ်။
♦ အင်းဆက်ပိုးများ ကိုက်ခံရခြင်း
အချို့သောပိုးမွှားတွေဟာ ခြင်၊ ယင်၊ သန်း၊ မှက် စတဲ့ အင်းဆက်ပိုးမွှားများ အကူအညီနဲ့ တစ်ဦးမှတစ်ဦး ရောဂါကူးစက်စေပါတယ်။ (ဥပမာ - ခြင်သည် ငှက်ဖျားရောဂါ ဖြစ်စေနိုင်တဲ့ ရောဂါပိုးကို သယ်ဆောင်ခြင်း)
♦ မသန့်ရှင်းသော အစားအစာများ
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အခြားနည်းလမ်းတစ်ခုကတော့ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကို စားသောက်မိခြင်းကြောင့် ဖြစ်ပါတယ်။ ဤကဲ့သို့ ရောဂါကူးစက်နည်းမျိုးဟာ ပင်မအရင်းအမြစ်တစ်ခုတည်းမှ လူအမြောက်အမြားကို ရောဂါဖြစ်တတ်ပါတယ်။ (ဥပမာအားဖြင့် မကျက်တကျက်အသားများ၊ ပိုးမသတ်ထားသော သစ်သီးဖျော်ရည်များတွင် ပါ၀င်သော E.coli ဘက်တီးရီးယား)
♦ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အချက်များ
မည်သူမဆို ရောဂါကူးစက်နိုင်ခြေရှိသော်လည်း ခုခံအားစနစ် အားနည်းတဲ့သူတွေကတော့ ဖျားနာဖို့ ပိုမိုလွယ်ကူပါတယ်။
• စတီးရွိုက် (သို့) ခုခံအားနည်းစေတဲ့ဆေးများ သောက်သုံးခြင်း (ဥပမာ - ကိုယ်အင်္ဂါ အစားထိုးထားတဲ့အတွက် တုံ့ပြန်မှုမရှိအောင် ဖိနှိပ်ထားသောဆေးများ)
• ခုခံအား ကျဆင်းသောရောဂါ ခံစားနေရခြင်း
• ကင်ဆာ (သို့) ခုခံအားစနစ်ကို ထိခိုက်စေနိုင်သောရောဂါများ
ထို့ပြင် ခန္ဓာကိုယ်တွင်း တစ်ခုခုထည့်ထားခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ မွေးကင်းစကလေးဖြစ်ခြင်း စတဲ့အချက်တွေကြောင့်လည်း ရောဂါကူးစက်ခံနိုင်ခြေ ပိုမိုမြင့်မားစေနိုင်ပါတယ်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
ကူးစက်ရောဂါအများစုမှာ သာမန်ဆိုးကျိုးတွေသာ ဖြစ်ပွားလေ့ရှိပေမယ့်လည်း အဆုတ်ရောင်ရောဂါ၊ ခုခံအားကျဆင်းတဲ့ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ စတဲ့ ကူးစက်ရောဂါတွေကတော့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ရေရှည်မှာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေများတဲ့ ရောဂါပိုးတွေကတော့ -
• Human Papilloma ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ခေါင်းကင်ဆာနှင့် ဆက်စပ်နေခြင်း
• Helicobacter Pylori သည် အစာအိမ်ကင်ဆာ၊ အစာအိမ်နာကင်ဆာများနှင့် ဆက်စပ်နေခြင်း
• အသည်းရောင် အသားဝါ ဘီနှင့် စီပိုးတို့သည် အသည်းကင်ဆာနှင့် ဆက်စပ်နေခြင်း
ထို့ပြင် အချို့သောရောဂါပိုးတွေဟာ နှစ်ပေါင်းများစွာ ဘာရောဂါလက္ခဏာမျှမပြဘဲ နောင်တစ်ချိန်ကျမှသာ ပြန်လည်ဖြစ်ပွားတတ်ပါတယ်။ ဥပမာအားဖြင့် ရေကျောက်ပေါက်ဖူးသူတစ်ဦးဟာ တစ်ချိန်မှာ ရေယုန်ဖြစ်နိုင်ပါတယ်။
♦ ရောဂါရှာဖွေခြင်း
ရောဂါေ၀ဒနာ ခံစားရစေတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ ဆရာ၀န်မှ ဓာတ်ခွဲစမ်းသပ်မှုများနဲ့ ပုံရိပ်ဖော် စစ်ဆေးချက်များကို ပြုလုပ်ရန် ညွှန်ကြားပါလိမ့်မယ်။
♦ ဓာတ်ခွဲစမ်းသပ်မှုများ
• သွေးစစ်ဆေးခြင်း
• ဆီးစစ်ဆေးခြင်း
• လည်ချောင်းမှ နမူနာယူကြည့်ခြင်း
• ၀မ်းနမူနာယူခြင်း
• ခါးရိုးကျောမကြီးကိုဖောက်၍ ဦးနှောက်ဆိုင်ရာ ကျောရိုးအရည်ကို ရယူခြင်း
♦ ပုံရိပ်ဖော်စစ်ဆေးမှုများ
ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် စတဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်ရုံသာမက မိမိရောဂါမဟုတ်တဲ့ အခြေအနေတွေကိုလည်း ဖယ်ထုတ်နိုင်ပါတယ်။
♦ အသားစယူခြင်း
အင်္ဂါအစိတ်အပိုင်းတစ်ခုမှ သေးငယ်တဲ့ နမူနာတစ်သျှူးစကိုယူ၍ ရောဂါရှာဖွေတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။
♦ ကုသမှုခံယူခြင်း
ရောဂါဖြစ်ပွားစေတဲ့ ပိုးအမျိုးအစားကို သိတာနဲ့ ဆရာ၀န်မှ သင့်တော်တဲ့ ကုသမှုကိုပေးရန် အလွန်ပင် လွယ်ကူသွားပြီ ဖြစ်ပါတယ်။
♦ ပဋိဇီ၀ဆေးဝါးများ
အကယ်၍ ဆရာ၀န်မှ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သိရှိပါက ဆေးကုသရာမှာ ပိုမိုထိရောက်နိုင်ပါတယ်။
ပဋိဇီ၀ဆေးတွေကို ဘက်တီးရီးယားရောဂါပိုးအတွက်သာ အသုံးပြုရခြင်းအကြောင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါေ၀ဒနာတွေအပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှမရှိလို့ ဖြစ်ပါတယ်။ ဒါပမေဲ့ ဘယ်ရောဂါပိုးကြောင့်ဖြစ်လဲ ဆိုတာတော့ တိတိကျကျ ပြောရခက်ခဲပါတယ်။ ဥပမာ - အဆုတ်ရောင်ရောဂါဟာ ဘက်တီးရီးယားပိုးကြောင်းလည်း ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပဋိဇီ၀ဆေးကို အလွန်အကျွံ အသုံးပြုခြင်းဖြင့် ဘက်တီးရီးယားပိုးတွေဟာ ထိုဆေးတွေကို ပိုမိုခံနိုင်ရည်ရှိလာပြီး ဆေးကုသမှုမှာ ခက်ခဲစေနိုင်ပါတယ်။
♦ ဗိုင်းရပ်စ်ရောဂါ ပိုးသတ်ဆေးများ
ဗိုင်းရပ်စ်ရောဂါပိုး အားလုံးအတွက်မဟုတ်ဘဲ အချို့အတွက်သာ ပိုးသတ်ဆေးရှိပါတယ်။ ၎င်းတို့မှာ -
• ခုခံအားကျဆင်းသောရောဂါ
• ရေယုန်ရောဂါ
• အသည်းရောင် အသားဝါဘီရောဂါ
• အသည်းရောင် အသားဝါစီရောဂါ
• တုပ်ကွေးရောဂါ
♦ မှိုသတ်ဆေးများ
မှိုလိမ်းဆေးတွေဟာ အရေပြား (သို့) လက်သည်းခြေသည်း မှိုရောဂါ စွဲကပ်တဲ့ရောဂါတွေမှာ အသုံးပြုကြပါတယ်။ အဆုတ် (သို့) ချွဲအမြှေးပါးကို ထိခိုက်စေတဲ့ မှိုရောဂါတွေအတွက်ကိုတော့ သောက်ဆေးတွေပေးဖို့ လိုအပ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ မှိုရောဂါပိုးများ (အထူးသဖြင့် ခုခံအားနည်းတဲ့သူများ) အတွက်မူ ထိုဆေးများ လိုအပ်ပါတယ်။
♦ ကပ်ပါးရောဂါ ပျောက်ဆေးများ
ငှက်ဖျားအပါအ၀င် အချို့သောရောဂါတွေဟာ ကပ်ပါးပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကပ်ပါးပိုးတွေကို ကုသဖို့ ဆေးတွေရှိပေမယ့်လည်း ဆေးဒဏ်ခံနိုင်ရည်ရှိတဲ့ ကပ်ပါးအသစ်တွေ ထပ်မံပေါ်ထွက်လာနေတုန်းပဲ ဖြစ်ပါတယ်။
♦ တိုင်းရင်းဆေးများ
တိုင်းရင်းဆေးတွေနဲ့ ပတ်သက်ပြီး သုတေသနများစွာ ပြုလုပ်ဖို့ လိုသေးပေမယ့်လည်း ရောဂါကာကွယ်နိုင်တယ် (သို့) ရောဂါဖြစ်ပွားချိန်ကို လျှော့ချပေးနိုင်တယ်လို့ ယူဆကြတဲ့ အရာတွေကတော့ -
• ကရန်ဘယ်ရီသီး
• ဒေစီပန်း
• ကြက်သွန်ဖြူ
• ချင်း (ဂျင်း)
• လိမေ္မာ်မြစ်
• ဗီတာမင်စီ
• ဗီတာမင်ဒီ
• ဇင့် တို့ပဲ ဖြစ်ပါတယ်။
အချို့သောပစ္စည်းတွေဟာ ဓာတ်မတည့်တာတွေ ဖြစ်နိုင်သလို မိမိသောက်သုံးရတဲ့ ဆေးဝါးများနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် မသောက်သုံးမီ ဆရာ၀န်နှင့် ဦးစွာတိုင်ပင်သင့်ပါတယ်။
♦ လူနေမှုပုံစံနှင့် အိမ်သုံးဆေးမြီးတိုများ
အအေးမိဖျားနာခြင်းကဲ့သို့ ကူးစက်ရောဂါတွေဟာ သူ့ဘာသာ အလိုအလျောက် ကောင်းသွားလေ့ရှိပါတယ်။ ရောဂါေ၀ဒနာ ခံစားနေရတဲ့ အတောအတွင်းမှာ ရေများများသောက်၍ အနားယူဖို့ပဲ လိုအပ်ပါတယ်။
♦ ကာကွယ်ခြင်း
ကူးစက်တတ်တဲ့ရောဂါပိုးတွေဟာ ခန္ဓာကိုယ်တွင်းသို့ အောက်ပါနည်းလမ်းများဖြင့် ၀င်ရောက်နိုင်ပါတယ်။
• အရေပြားဖြင့် ထိတွေ့ခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း
• လေထုထဲမှ ပိုးမွှားများကို ရှူမိခြင်း
• မသန့်ရှင်းတဲ့ရေနဲ့ အစားအစာများကို စားသောက်မိခြင်း
• မှက် (သို့) ခြင် ကိုက်ခံရခြင်း
• လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခြင်း
အောက်ပါအချက်များကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်တိုင်သာမက အခြားသူများ ရောဂါဖြစ်ပွားနှုန်းကိုပါ လျှော့ချနိုင်ပါတယ်။
1. လက်ကို စင်ကြယ်စွာဆေးပါ - အစာများကို မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးချိန်၊ အိမ်သာသွားပြီးချိန်များတွင် လက်ဆေးဖို့ အရေးကြီးပါတယ်။ ထို့ပြင် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးမွှားများ ၀င်ရောက်နိုင်တဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်ဖြင့်ပွတ်သပ်ခြင်းမှ ရှောင်ကြဉ်ပါ။
2. ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးထိုးခြင်းဟာ ရောဂါပိုးများစွာကို ကာကွယ်ပေးနိုင်တာကြောင့် မိမိကိုယ်တိုင် သာမက ကလေးငယ်များကိုပါ ပုံမှန်ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။
3. နေမကောင်းဖြစ်တဲ့အချိန်မှာ အိမ်၌သာ အနားယူပါ။ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ဖျားနာခြင်းတို့ကို ခံစားနေရပါက အလုပ်မသွားပါနှင့်။ မိမိကလေးငယ်များ အထက်ပါလက္ခဏာများ ခံစားနေရပါကလည်း ကျောင်းသို့ မသွားခိုင်းပါနှင့်။
4. အစားအသောက်များကို သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ပါ။ အစားအစာတွေ ပြင်ဆင်တဲ့အခါမှာ မီးဖိုချောင် မျက်နှာပြင်ဟာ သန့်ရှင်းနေပါစေ။ ချက်ပြုတ်တဲ့အချိန်မှာလည်း သေချာနူးအောင် ချက်ပြုတ်ပြင်ဆင်သင့်ပါတယ်။
5. ထို့ပြင် ချက်ပြုတ်ပြီးတဲ့ အစားအစာတွေကို အပြင်မှာ ကြာရှည်စွာမထားဘဲ ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပါ။
6. အကယ်၍ မိမိ (သို့) မိမိအဖော်မှ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရာဇ၀င်ရှိပါက ကွန်ဒုံးအသုံးပြုရန် မမေ့ပါနှင့်။
7. တစ်ကိုယ်ရည်သုံးပစ္စည်းများကို ခွဲေ၀မသုံးပါနှင့်။ သွားပွတ်တံ၊ ဘီးနဲ့ ဂျုတ် စတာတွေကို မိမိတစ်ဦးတည်းသာ အသုံးပြုသင့်ပါတယ်။ ထို့ပြင် သောက်သုံးပြီးသား ဖန်ခွက်၊ မီးဖိုချောင်ပစ္စည်းတွေကို ခွဲေ၀သုံးစွဲခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။
8. ပြည်ပနိုင်ငံများသို့ ခရီးသွားတော့မယ်ဆိုပါက ဆရာ၀န်နှင့်တိုင်ပင်၍ လိုအပ်တဲ့ကာကွယ်ဆေးများ (ဥပမာ - အသည်းရောင် အသားဝါ အေ၊ ဘီ၊ အူရောင်ငန်းဖျား) ထိုးသွားသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























