/
node/4997

Lymphedema (ခေါ်) ခြေလက်အင်္ဂါများလွန်စွာကြီးထွားလာသည့် ေ၀ဒနာ

Category
ကျန်းမာရေး (A-Z)

          Lymphedema ဆိုတာ ခြေတစ်ဖက် (သို့) လက်တစ်ဖက်ဟာ ပုံမှန်အရွယ်အစားထက်ကြီး၍ ဖောင်းနေတာကိုခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ခြေနှစ်ဖက်လုံး (သို့) လက်နှစ်ဖက်လုံးဖြစ်တတ်ပါတယ်။

          ၎င်းဝေဒနာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းကတော့ ကင်ဆာရောဂါကုသရာမှာ ပြန်ရည်အကျိတ်တွေကို ထိခိုက်မိခြင်း (သို့) ဖယ်ရှားလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တစ်ခုဖြစ်တဲ့ ပြန်ရည်ကြောစနစ်တစ်ခုလုံးဟာ ပိတ်သွားပြီး ပြန်ရည်ကြောတွေမစီးဆင်းနိုင်တော့တဲ့အတွက် အရည်တွေစုလာပြီး ရောင်လာရတာဖြစ်ပါတယ်။

          Lymphedema အတွက် ကုသမှုကုထုံးမရှိပေမယ့်လည်း စောစီးစွာသိရှိပါက ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်နိုင်တဲ့အပြင် ဝေဒနာခံစားနေရတဲ့ ခြေလက်တွေကို သေချာစွာဂရုစိုက်ဖို့ နည်းလမ်းတွေကို သိနိုင်ပါတယ်။

ရောဂါလက္ခဏာများ

- လက် (သို့) ခြေထောက်တစ်စိတ်တစ်ပိုင်း (သို့) တစ်ခုလုံးရောင်ရမ်းနေခြင်း (လက်ချောင်း၊ ခြေချောင်းလေးများလည်း ပါတတ်ပါတယ်။)

- လေးလံ၍ တင်ကြပ်ခြင်းကိုခံစားရတတ်ခြင်း

- ကောင်းစွာမလှုပ်ရှားနိုင်ခြင်း

- နာကျင်ခြင်း (သို့) နေရထိုင်ရခက်ခြင်း

- မကြာခဏပိုးဝင်ခြင်း

- အရေပြားထူပြီးမာလာခြင်း (အသားမာတက်ခြင်း)

          Lymphedema ကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းဟာ မသိမသာမှစတင်ကာ အလွန်အကျွံကြီးမားခြင်းကြောင့် ခြေ၊ လက်များ အသုံးပြုရခက်ခဲသည်အထိ အမျိ်ုးမျိုးဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ

        ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ပြန်ရည်ကြောစနစ်ဟာ အသက်တမျှအရေးကြီးလှပါတယ်။ ပြန်ရည်ကြောတွေဟာ အသားဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ပြန်ရည်တွေကိုခန္ဓာကိုယ်အနှံ့စီးဆင်းစေပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အညစ်အကြေးတွေကို သိမ်းဆည်းပေးပါတယ်။ ၎င်းနောက် ပြန်ရည်တွေနဲ့ထိုအန္တရာယ်ရှိပစ္စည်းတွေကို ပြန်ရည်အကျိတ်တွေဆီသို့ သယ်ဆောင်လာပေးပါတယ်။ ထိုအညစ်အကြေးတွေကို သွေးဖြူဥတစ်မျိုးက စစ်ထုတ်ကာ ခန္ဓာကိုယ်မှဖယ်ရှားပေးပါတယ်။

          လက် (သို့) ခြေထောက်မှ ပြန်ရည်ကြောတွေဟာ ပြန်ရည်တွေကို ကောင်းစွာမစီးဆင်းစေနိုင်တော့တဲ့အချိန်မှာတော့   ခြေလက်အင်္ဂါများလွန်စွာကြီးထွားတဲ့အခြေအနေကို ကြုံတွေ့ရပါတော့တယ်။ Lymphedema မှာ ကနဦး (ပင်ကို) ဖြစ်တဲ့ အခြေအနေနဲ့ တဆင့်ခံဖြစ်တဲ့အခြေအနေ (အခြားရောဂါနဲ့ အကြောင်းအရင်းများကြောင့်) ဆိုပြီး နှစ်မျိ်ုးရှိရာ တဆင့်ခံဖြစ်တဲ့ အခြေအနေကိုပိုမိုတွေ့ရလေ့ရှိပါတယ်။

တဆင့်ခံဖြစ်ပွားရသည့် အကြောင်းအရင်းများ

        အခြေအနေအကြောင်းတစ်ခုခုကြောင့် ပြန်ရည်အကျိတ်တွေ (သို့) ပြန်ရည်ကြောတွေ ပျက်စီးသွားတာကြောင့် ခြေလက်အင်္ဂါများ လွန်စွာကြီးထွားတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ ၎င်းတို့မှာ -

1. ခွဲစိတ်ကုသခြင်း - ပြန်ရည်အကျိတ်နဲ့ ပြန်ရည်ကြောတွေကို ဖယ်ရှားခြင်း (သို့) ထိခိုက်မိခြင်းကြောင့် Lymphedema ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ကင်ဆာရောဂါပျံ့နှံ့မှုကို စစ်ဆေးရန်ပြန်ရည်အကျိတ်များကို ရယူခြင်းနဲ့ ခြေ၊ လက်များရှိ သွေးကြောများကိုခွဲစိတ်ကုသရာ၌ ပြန်ရည်အကျိတ်များအား ထိခိုက်မိခြင်းတို့ဖြစ်ပါတယ်။

2. ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကို ကုသခြင်းကြောင့် အမာရွတ်များဖြစ်စေ၍ ပြန်ရည်ကြောများကိုလည်း ရောင်ရမ်းစေပါတယ်။

3. ကင်ဆာ - ကင်ဆာဆဲလ်တွေဟာ ပြန်ရည်ကြောတွေကို ပိတ်ဆို့တာကြောင့် Lymphedema ဖြစ်စေနိုင်တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြန်ရည်အကိျတ်တွေနားမှာဖြစ်တဲ့ ကင်ဆာတွေဟာ ကြီးလာတာနဲ့အမျှ ပြန်ရည်ကြောစီးဆင်းမှုကို ဟန့်တားနိုင်ပါတယ်။

4. ရောဂါပိုးဝင်ခြင်း - ပြန်ရည်အကျိတ်များကို ပိုးဝင်ခြင်း (သို့) ကပ်ပါးကောင်တွေဟာ ပြန်ရည်စီးဆင်းခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ ရောဂါပိုးကြောင့်ဖြစ်တဲ့ Lymphedema အပူပိုင်းဇုန်တွေနဲ့ ဖွ့ံဖြိုးဆဲနိုင်ငံတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

ပင်ကိုပြန်ရည်ကြောပြဿနာများကြောင့် ခြေလက်အင်္ဂါများ အဆမတန်ကြီးလာရတဲ့ အကြောင်းအရင်းများ

        မွေးရာပါ ပြန်ရည်ကြောဖွ့ံဖြိုးမှုပြဿနာများကြောင့်ဖြစ်တဲ့ Lymphedema ဟာ ရှားပါးပါတယ်။ ဖြစ်စေတဲ့ အချို့အကြောင်းအရင်းတွေကတော့ -

1. Milroy’s ရောဂါ - မွေးကင်းစအရွယ်မှာပင်စတင်ဖြစ်ပွားကာ ပြန်ရည်အကျိတ်တွေ ပုံမမှန်ဖြစ်နေတာဖြစ်ပါတယ်။

2. Meige’s ရောဂါ - အပျိုဖော်၊ လူပျိုဖော်ဝင်တဲ့အချိန်နားလောက်နဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဖြစ်တတ်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ အသက် 35 နှစ်အရွယ်လောက်မှ ဖြစ်လေ့ရှိပါတယ်။

3. အသက် 35 နှစ်နောက်ပို်င်းမှ ဖြစ်လေ့ရှိပြီး အလွန်ပင်ရှားပါးပါတယ်။

ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်တဲ့အချက်များ

        ကင်ဆာရောဂါ၊ ကင်ဆာကုထုံးများနဲ့ အခြားအကြောင်းအရင်းများကြောင့်ဖြစ်ပေါ်လာတဲ့ Lymphedema ကို ပိုဆိုးစေတဲ့ အချက်တွေကတော့ -

1. အသက်အရွယ်ကြီးခြင်း

2. အဝလွန်ခြင်း

3. ခြေဆစ်လက်ဆစ်ရောင်တဲ့ရောဂါများရှိခြင်း

နောက်ဆက်တွဲဆိုးကျိုးများ

ရောဂါပိုးဝင်ခြင်း - ဖြစ်နိုင်ချေရှိတာတွေကတော့ အရေပြားမှာပြင်းထန်ဆိုးရွားတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းနဲ့ ပြန်ရည်ကြောများမှာပိုးဝင်ခြင်းများပဲဖြစ်ပါတယ်။ ခြေလက်တွေဟာ ဒဏ်ရာအနာတရအနည်းငယ်ဖြစ်တာနဲ့ပင် ရောဂါပိုးသည် အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

ကင်ဆာဖြစ်ခြင်း - ကုသမှုမခံယူဘဲ အလွန်ဆိုးရွားတဲ့ Lymphedema တွေမှာဖြစ်လေ့ရှိတဲ့ ရှားပါးသော ကင်ဆာရောဂါတစ်မျိုး (Lymphangiosarcoma) ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခရမ်းရောင် (သို့) နီပြာရောင်အကွက်တွေ အရေပြားပေါ်မှာပေါ်လာတာပဲဖြစ်ပါတယ်။

ရောဂါရှာဖွေခြင်း

        Lymphedema ဖြစ်နိုင်ချေရှိတဲ့သူတွေကို ရောဂါလက္ခဏာတွေပေါ်မူတည်၍ ဆရာဝန်မှ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရန် ညွှန်ကြားပေးလိမ့်မယ်။

1. သံလိုက်ဓာတ်မှန်ရိုက်ခြင်း

2. ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

3. Doppler ကိရိယာသုံး အသံလှိုင်းဓာတ်မှန်

4. ပြန်ရည်ကြောထဲသို့ ရေဒီယိုသတ္တိကြွဆိုးဆေးများထိုး၍ ပုံရိပ်များဖမ်းယူခြင်း

ကုသမှုခံယူခြင်း

        Lymphedema ကို ပျောက်ကင်းအောင်ကုသဖို့ရာ နည်းလမ်းမရှိပေမယ့်လည်း အရောင်လျော့အောင်ပြုလုပ်ခြင်းနဲ့ နာကျင်မှုကိုသက်သာစေခြင်းတို့ကိုမူ ပြုလုပ်နိုင်ပါတယ်။

1. လေ့ကျင့်ခန်းပြုလုပ်ခြင်း - ရောဂါဝေဒနာခံစားနေရတဲ့ ခြေလက်တွေကို လှုပ်ရှားခြင်းဖြင့် ပြန်ရည်ကြောစီးဆင်းမှုကောင်းစေတဲ့အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ - ဟင်းချက်ပစ္စည်းများ သယ်ခြင်း) လုပ်ဆောင်ရာတွင် ပိုမိုအထောက်အကူပေးပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို မပြုလုပ်သင့်ပေမယ့်လည်း ကြွက်သားတွေ ညင်သာစွာကျုံ့ခြင်း၊ ဆန့်ခြင်း ပြုလုပ်မှုကိုတော့ အာရုံစိုက်သင့်ပါတယ်။ မိမိနဲ့သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို ကျွမ်းကျင်သူတွေထံမှ သင်ယူနိုင်ပါတယ်။

2. ခြေလက်တွေကို ကြပ်ထုတ်စီးထားခြင်း - ခြေလက်တစ်ခုလုံးကို ပတ်တီးစီးထားခြင်းဟာ ပြန်ရည်တွေကို ခန္ဓာကိုယ်အလည်ပိုင်းသို့ ပြန်ရည်ရောက်ရှိအောင် အကူအညီပေးနိုင်ပါတယ်။ ၎င်းပတ်တီးဟာ ခြေချောင်း၊ လက်ချောင်းတွေနားတစ်ဝိုက်မှာ အတင်းကြပ်ဆုံးဖြစ်၍ အပေါ်ရောက်လာသည့်နှင့်အမျှ လျော့ပြီးစည်းလာရမည်ဖြစ်ပါတယ်။  ဘယ်လိုစည်းနှောင်ရမယ်ဆိုတာ ဆရာဝန်မှ သင်ကြားပေးပါလိမ့်မယ်။

3. နှိပ်နယ်ခြင်း - ပြန်ရည်တွေကိုပြန်လည်စီးဆင်းစေတဲ့ အထူးနှိပ်နယ်ခြင်းနည်းလမ်းကို အသုံးပြုခြင်းဖြင့် ခြေ၊ လက်တွေမှာ ပြန်ရည်တွေစုပုံနေခြင်းကို သက်သာစေပါတယ်။ ထို့ပြင် အမျိုးမျိုးသော အနှိပ်ကုထုံးတွေဟာလည်း ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် အကျိုးရှိစေပါတယ်။ အရေးကြီးတာကတော့ ၎င်းနည်းလမ်းတွေကို သေချာစွာလေ့လာသင်ယူထားတဲ့ ပညာရှင်ဖြင့်သာ ကုသမှုခံယူသင့်ပါတယ်။

          နှိပ်နယ်ခြင်းဟာ လူတိုင်းနှင့်တော့မသင့်တော်ပါ။ အရေပြားမှာပိုးဝင်နေတာဖြစ်ဖြစ်၊ သွေးခဲပိတ်ဆို့နေတာဖြစ်ဖြစ် အနင်းအနှိပ်ခံယူခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

4. လေဖြင့်ဖိအားပေးခြင်း - ဝေဒနာခံစားနေရတဲ့ လက် (သို့) ခြေထောက်မှာ ကိရိယာကိုဝတ်ဆင်၍ ၎င်းကိုတဖြည်းဖြည်းဖောင်းအောင် ပြုလုပ်နိုင်တဲ့လေထိုးတံဖြင့် ချိတ်ဆက်ကာ လေဖိအားဖြင့် ပြန်ရည်တွေကို ခြေ၊ လက်တွေမှ ဖယ်ရှားတဲ့နည်းလမ်းဖြစ်ပါတယ်။

5. အထူးပြုလုပ်ထားတဲ့ ခြေအိတ်အစွပ်ဝတ်ဆင်ခြင်း - ကြီးနေတဲ့ ခြေ၊ လက်တွေကို ဖိအားပေးထားတာကြောင့် ပြန်ရည်တွေကို ခန္ဓာကိုယ်အတွင်းဘက်သို့ ပြန်ရောက်စေပါတယ်။ ၎င်းခြေအိတ်တွေကို လေ့ကျင့်ခန်းပြုလုပ်တဲ့အချိန်မှာ ဝတ်ဆင်သင့်ပါတယ်။

6. နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် ကုထုံးများပေါင်းစပ်ခြင်း (Complete decongestive therapy) - သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ ရောဂါပိုးရှိခြင်း စတဲ့သူတွေမှာ ဒီနည်းလမ်းဟာ မသင့်တော်ပါဘူး။

          အလွန်ဆိုးရွားတဲ့ အခြေအနေမှာတော့ လက်တွေ၊ ခြေထောက်တွေမှာ ပိုနေတဲ့ တစ်သျှူးတွေကို ဖယ်ရှားဖို့ ဆရာဝန်မှ စဉ်းစားပေးလိမ့်မယ်။

ကာကွယ်ခြင်း

        ကင်ဆာရောရောဂါကြောင့် ခွဲစိတ်မှုမခံယူမီ (သို့) ခံယူပြီးနောက်တွင် ခွဲစိတ်မှုမှာ ပြန်ရည်အကျိတ်နဲ့ ပြန်ရည်ကြောတွေ ပါ/မပါကို ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။ ဓာတ်ရောင်ခြည်ဖြင့် ကုသရာမှာလည်း ပြန်ရည်ကျိတ်တွေကို အဓိကထားကုသတာ ဟုတ်/မဟုတ် သိရှိခြင်းဖြင့် ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်တွေကို သတိထားနိုင်ပါတယ်။

          Lymphedema ဖြစ်ပွားမှုကို လျှော့ချရန်အတွက် -

- လက်နဲ့ ခြေထောက်တွေကိုကာကွယ်ပါ။ ရောဂါဝဒနာခံစားနေရတဲ့ ခြေလက်တွေကို ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ကြဉ်ပါ။ ပြတ်ရှခြင်း၊ ပွန်းပဲ့ခြင်းနဲ့ အပူလောင်ခြင်းတွေဟာ ရောဂါပိုးကို ဖိတ်ခေါ်သလိုဖြစ်တာကြောင့် ဒဏ်ရာရနိုင်တဲ့ပစ္စည်းတွေကို တတ်နိုင်သမျှမသုံးပါနှင့်။ (ဥပမာ- မုတ်ဆိတ်ရိတ်စက်အသုံးပြုခြင်း၊ ဥယျာဉ်စိုက်ခြင်းနဲ့ ချက်ပြုတ်စဉ် လက်အိတ်ဝတ်ဆင်ခြင်း၊ အပ်ချုပ်စဉ် လက်ထိပ်အစွပ်သုံးခြင်း) တတ်နိုင်သမျှ ဝေဒနာဖြစ်နေတဲ့ခြေလက်မှ သွေးဖောက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းများကို မပြုလုပ်ပါနှင့်။

- ခွဲစိတ်ကုသမှုနဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေပြီးနောက် ခြေ၊ လက်တွေကို ကောင်းစွာအနားယူစေပါ။ ကင်ဆာကုထုံးတွေခံယူပြီးတဲ့အချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ဖို့ အားပေးပေမယ့်လည်း အလွန်အကျွံတော့မပြုလုပ်သင့်ပါ။

- ခြေ၊ လက်တွေပေါ်သို့ အပူအိတ်နဲ့ ရေခဲတွေမတင်ပါနဲ့။ ထို့ပြင် ရောဂါဖြစ်နေတဲ့ ခြေလက်တွေကို အလွန်အမင်းမအေးပါစေနဲ့။

- ခြေ၊ လက်တွေကို မြှောက်ထားပါ။ တတ်နိုင်သမျှ ကြီးနေတဲ့ခြေလက်တွေကို နှလုံးအပေါ်သို့ရောက်အောင် မြှောက်ထားပါ။

- တင်းကြပ်တဲ့ အဝတ်အစားတွေဝတ်ဆင်ခြင်းမှရှောင်ကြဉ်ပါ။ ခြေလက်တွေကို ဖိအားဖြစ်စေမယ့် အပြုအမူမှန်သမျှကို ရှောင်ရှားသင့်ပါတယ်။ (ဥပမာ - တင်းကြပ်လွန်းတဲ့အဝတ်များ၊ သွေးပေါင်ချိန်တိုင်းကိရိယာ) သွေးပေါင်ချိန်တိုင်းတာလိုပါက ကောင်းတဲ့ဘက်မှသာ တိုင်းပေးရန် တောင်းဆိုနိုင်ပါတယ်။

- ခြေ၊ လက်တွေကို သန့်ရှင်းစွာထားပါ။ အရေပြားနဲ့ ခြေသည်း၊ လက်သည်းသန့်ရှင်းရေးကို ဂရုပြုလုပ်ဆောင်ပါ။ ရောဂါပိုးဝင်စေနိုင်တဲ့အတွက် ခြေ၊ လက် အရေပြားတွေအပြောင်းအလဲ ရှိ/မရှိနဲ့ အနာရှိ/မရှိကို နေ့စဉ်ကြည့်ရှုစစ်ဆေးပါ။ ခြေဗလာဖြင့် လမ်းမလျှောက်ပါနှင့်။

Dr.Thinzar Hua Wynn (www.drmyanmar.com)