/
node/995

အာရုံစူးစိုက်မှုအားနည်းသောရောဂါ (ADHD)

Category
ကျန်းမာရေး (A-Z)

        ADHD ဆိုသည်မှာ Attention Deficit Hyperactivity Disorder ၏ အတိုကောက်ဖြစ်ပြီး မည်သည့်အရာကိုမှ အာရုံစူးစိုက်မှုမပြုလုပ်နိုင်ဘဲ အလွန်အမင်းတက်ကြွလွန်းနေသည့် ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါကို ကမ်ဘာပေါ်တွင်ရှိသော ကလေးများစွာခံစားနေရပြီး တစ်ခါတစ်ရံ အသက်အရွယ်ကြီးရင့်သည်အထိ ကာလကြာရှည်စွာ ဖြစ်ပွားတတ်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ရောဂါလက္ခဏာများသည် အသက်ကြီးလာတာနှင့်အမျှ ပျောက်ကင်းသွားလေ့ရှိပါတယ်။

ဖြစ်ပွားရသည့်အကြောင်းအရာ

        ADHD ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းခံကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒါပေမယ့် ADHD ရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်တက်စေတဲ့ အကြောင်းအရင်းတွေကတော့ -

-      မိဘ (သို့) မောင်နှမသားချင်းများတွင် ADHD (သို့) စိတ်ရောဂါတစ်မျိုးမျိုး ရှိသူများ

-      ခန္ဓာကိုယ်ကို အဆိပ်သင့်စေသော ပစ္စည်းများနှင့် ကာလကြာရှည်ထိတွေ့သူများ (ဥပမာ- ခဲဆိပ်သင့်သူများ)

-      ကိုယ်၀န်ဆောင်ကာလတွင် အရက်(သို့) ဆေးလိပ်သောက်သူများနှင့် ဆေးစွဲသူများမှမွေးသော ကလေးများ

-      ကိုယ်၀န်ဆောင်ကာလတွင် အဆိပ်သင့်စေသောအရာများနှင့်ထိတွေ့သူများ

-      လမစေ့ဘဲမွေးသော ကလေးများ

ရောဂါလက္ခဏာများ

        အချို့သောကလေးများတွင် ရောဂါလက္ခဏာများကို ၂ နှစ် ၃ နှစ် အရွယ်မှစ၍ တွေ့ရပါတယ်။

ရောဂါလက္ခဏာများမှာ

-    အာရုံစိုက်ရန်ခက်ခဲခြင်း

-    မကြာခဏ စိတ်ကူးယဉ်ခြင်း

-    ခိုင်းစေချက်များကို လိုက်နာဆောင်ရွက်ရန်ခက်ခဲခြင်း

-    မကြာခဏပစ္စည်းမေ့ကျန်ခြင်း

-    အလုပ်တာ၀န်များကို ပြီးမြောက်အောင်မလုပ်နိုင်ခြင်း

-    အလွယ်တကူအာရုံထွေပြားခြင်း

-    ဂဏှာမငြိမ်ဖြစ်ခြင်း

-    လှုပ်ဆောင်မှုများ ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်ခြင်း

-    အလွန်အမင်းစကားများခြင်း

-    အခြားသူများကို နှောင့်ယှက်ခြင်း

-    ကျိုးကြောင်းဆင်ခြင်မှုမရှိဘဲ လုပ်ဆောင်ခြင်း

          ADHD ရောဂါသည် ယောကျ်ားလေးများတွင်ပိုပြီး အဖြစ်များလေ့ရှိပါတယ်။

စစ်ဆေးခြင်း

        ADHD ရောဂါရှိနေကြောင်းကို အထွေထွေစစ်ဆေးခြင်းဖြင့်လည်းကောင်း ကလေးငယ်နဲ့ပတ်သက်သော အချက်အလက်များမှလည်းကောင်း၊ ကလေးကိုပြုစုစောင့်ရှောက်သူများ (သို့) ကလေးအနီးတွင် အနီးကပ်နေသူများမှလည်းကောင်း သိနိုင်ပါတယ်။

        အရမ်းငယ်လွန်းတဲ့ကလေးတွေမှာတော့ ရောဂါ ရှိ၊ မရှိ စစ်ဆေးရတာ ခက်ပါတယ်။ တချို့ကလေးတွေက အသက် ၁ နှစ်နဲ့ ၆ လလောက်မှာတင် စကားစပြောပေမယ့် တချို့က ၂ နှစ် လောက်ထိတောင် စကားတစ်လုံးစ နှစ်လုံးစ ပြောတာပဲရှိပါတယ်။ ဒါဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူလို့ ဖွ့ံဖြိုးမှု ပုံစံခြင်းမတူတာပါပဲ။ ADHD ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါကြောင့် သိမ်ငယ်လွန်းတဲ့ ကလေးတွေမှာ ADHD ရောဂါ ခံစားနေရတာ ဟုတ်မဟုတ် သေချာဖို့အတွက် စိတ်ကျန်းမာရေးဆရာ၀န်တွေ၊ စကားပြောဆိုခြင်းဆိုင်ရာ ကျွမ်းကျင် ဆရာ၀န်တွေ၊ စိတ်နှင့်ခန္ဓာ ဖွ့ံဖြိုးတိုးတက်ခြင်းဆိုင်ရာ ကလေးအထူးကုဆရာ၀န်တွေနဲ့ သေချာပြသဖို့လိုပါတယ်။

ADHD နှင့် ဆင်တူသောရောဂါများ

        အချို့သောရောဂါများမှာ ADHD ၏ ရောဂါလက္ခဏာများနှင့် နှင့်ဆင်တူလေ့ရှိတာကြောင့် ကျွမ်းကျင်ဆေးပညာရှင်နှင့် တိုင်ပင်ရန်လိုအပ်ပါတယ်။ ( ဥပမာ- စိတ်ကျရောဂါ၊ အတက်ရောဂါ၊ အမြင်အာရုံ အကြားအာရုံနှင့်ပတ်သက်သောရောဂါ၊ အိပ်စက်ခြင်းနဲ့ဆိုင်သောရောဂါ)

ကုသခြင်း

အာရုံကြောစနစ်ကို လှုံ့ဆော်ပေးသော ဆေးဝါးများ

       Methylphenidate (Metadate) Dextroamphetamine (Dexedrine), Dextroamphetamine – Amphetamine (Adderall XR)၊ Iisdexamfetamine (Vyvanse) စတဲ့ဆေးဝါးများဟာ ဟော်မုန်းများကို ထိန်းညှိပေးပြီး အလွန်အမင်းတက်ကြွခြင်းနဲ့ အာရုံစူးစိုက်မှု မရှိခြင်းတို့ကို သက်သာစေပါတယ်။ ၎င်းဆေးဝါးများတိုက်ကျေွးရာတွင် မှန်ကန်သောပမာဏကို မှန်ကန်သောအချိန်မှာ မိဘများကိုယ်တိုင်စနစ်တကျ တိုက်ကျေွးဖို့လိုအပ်ပါတယ်။

ကုသမှု

        အခြားအသုံးပြုလေ့ရှိသောဆေးများ -

-      Atomoxetine

-      Buropion

-      Desipramine

-      Clonidine

-      Guanfacine တို့ဖြစ်ပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

        ADHD ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ ပညာသင်ကြားရာတွင် အခက်အခဲဖြစ်ခြင်း၊ မတော်တဆထိခိုက်မှုများဖြစ်ခြင်း၊ အားငယ်ခြင်း၊ အခြားသောကလေးများ၏ ဖယ်ကျဉ်မှုကို ခံရခြင်း၊ အရက်နှင့်အခြားဆေးများစွဲခြင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံမှုအဆင်မပြေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်တက်လိုက်၊ ကျလိုက်ဖြစ်ခြင်း၊  ရန်လိုခြင်း၊ ပစ္စည်းခိုးခြင်း၊ ဖျက်ဆီးခြင်း၊ အခြားသူများကိုအန္တရာယ်ပြုခြင်း၊ ဆက်ခနဲဆက်ခနဲအကြောဆွဲသော Tourette Syndrome ခံစားရခြင်းတို့ဖြစ်ပါတယ်။

ADHD ရောဂါခံစားနေရတဲ့ ကလေးငယ်အတွက် လုပ်ဆောင်ပေးရမည့် အရာများ

        ကလေးတစ်ယောက်ဟာ ဒီရောဂါကို ခံစားနေရပြီဆိုပါက မိဘများအနေနှင့် အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

၁။   ကလေးငယ်ပေါ်မှာထားရှိတဲ့ မိဘမေတ္တာကို ပေါ်လွင်အောင်ပြသပါ။ အမှားတွေ့ပါက နှစ်သိမ့် ပေးပြီး နွေးနွေးထွေးထွေးဆက်ဆံပေးပါ။

၂။   ကလေးငယ်နှင့်အတူ အားလပ်ချိန်များကို ကုန်ဆုံးပါ။

၃။   ကလေး၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြင့်တက်စေမယ့် နည်းလမ်းများကိုအမြဲရှာဖွေပြီး ကလေးငယ်အားလမ်းပြပေးပါ။ ကလေးငယ်ရဲ့ ဝါသနာကိုပြုစုပျိုးထောင်ပေးပါ။

၄။   ကလေးပြုလုပ်မည့်တာ၀န်တွေကို စနစ်တကျ စီစဉ်ပေးထားပါ။

၅။   ကလေးငယ်နဲ့ပြောဆိုရာမှာ လွယ်ကူရှင်းလင်းသောစကားလုံးများကိုသာ အသုံးပြုပုံ ဖြေးဖြေးချင်းရှင်းပြပြောဆိုပါ။

၆။   အစာစားချိန်နဲ့ အိပ်ရာ၀င်ချိန်ကို ပုံမှန်ဖြစ်အောင် လေ့ကျင့်ပေးထားပါ။

၇။   ကလေးငယ်အား အလွန်အကျွံအပင်ပန်းမခံပါစေနှင့်။

၈။   ကလေးငယ်ကို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပါ။

၉။   ကလေးငယ်ရဲ့ ပြဿနာများကို ဆရာ/ဆရာမများနဲ့ တိုင်ပင်ဆွေးနွေးပါ။

၁၀။ မိဘရဲ့ စိတ်ထဲမှာ ကလေးရဲ့ ရောဂါပျောက်ကင်းသွားမယ်လို့ အခိုင်အမာ ယုံကြည်ထားပါ။

၁၁။ ပြုစုနေသော မိဘကိုယ်တိုင် အားရှိဖို့အတွက် သင့်တင့်မျှတသော နားနေချိန်စီစဉ်ထားပါ။

ကာကွယ်ခြင်း

       ကလေးများတွင် ADHD ဖြစ်ပွားနှုန်းကို လျှော့ချရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။

1)   ကိုယ်၀န်ဆောင်ကာလများတွင် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး နဲ့ခဲကဲ့သို့သော သနေ္ဓသားကို ထိခိုက်စေမယ့် အရာများကို ရှောင်ကြဉ်ပါ။

2)   ကလေးငယ်ကို ဆေးလိပ်ငွေ့၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများ၊ စက်ရုံသုံးဓာတုဗေဒပစ္စည်းများ၊ ခဲအစရှိသော အဆိပ်အတောက်ဖြစ်စေနိုင်သည့်ပစ္စည်းများနှင့် ထိတွေ့ခြင်းမရှိစေရန်ဂရုစိုက်ပါ။

3)   အသက် ၅ နှစ်အောက်အရွယ်တွင် တီဗီကြည့်ခြင်း၊ ကွန်ပျူတာကြည့်ခြင်း၊ ဂိမ်းဆော့ခြင်း စသည့် ဦးနှောက်လှိုင်းများကို ထိခိုက်စေသည့်အရာများ ကြာမြင့်စွာအသုံးပြုမှုကို ရှောင်ကြဉ်ခိုင်းပါ။

www.drmyanmar.com