မွေးရာပါ သံဓာတ်များစုပုံခြင်း (Hereditary hemochromatosis)
သံဓာတ်စုပုံခြင်းကိုဖြစ်စေတဲ့ မျိုးဗီဇဟာ မျိုးရိုးစဉ်ဆက်ဆင်းသက်လာတာဖြစ်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်စေနိုင်တဲ့မျိုးဗီဇကတော့ လူအနည်းငယ်မှာသာ တွေ့ရပါတယ်။ မျိုးရိုးကြောင့်ဖြစ်တဲ့ သံဓာတ်စုပုံခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ များသောအားဖြင့် သက်လတ်ပိုင်းအရွယ်မှာမှ ပေါ်လာလေ့ရှိပါတယ်။
မျိုးရိုးလိုက်တဲ့ သံဓာတ်များစုပုံခြင်းဟာ အစားအစာတွေမှ သံဓာတ်တွေကို အလွန်အကျွံစုပ်ယူစေကာ ပိုလျှံနေတဲ့ ၎င်းသံဓာတ်တွေကို အသည်း၊ နှလုံးနဲ့ ပန်ကရိယ စတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ သိုလှောင်သိမ်းဆည်းစေပါတယ်။ ခန္ဓာကိုယ်တွင်း သံဓာတ်များနေခြင်းဟာ အသည်းရောဂါ၊ နှလုံးပြဿနာများနဲ့ ဆီးချိုရောဂါ စတဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေအထိ ကြုံတွေ့စေနိုင်ပါတယ်။
ကုထုံးအနေနဲ့ကတော့ ခန္ဓာကိုယ်မှသွေးတွေကို ပုံမှန်ဖယ်ရှားပစ်ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ သံဓာတ်အများစုဟာ သွေးနီဥထဲမှာရှိတာဖြစ်လို့် ဒီကုထုံးဟာ သံဓာတ်ပမာဏကိုလျော့ကျစေနိုင်ပါတယ်။
♦ ရောဂါလက္ခဏာများ
အများအားဖြင့်ရောဂါလက္ခဏာပြလေ့မရှိဘဲ ကနဦးလက္ခဏာတွေကလည်း အခြားဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေတွေနဲ့ ရောထွေးနေပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ရောဂါလက္ခဏာတွေကတော့ -
- အဆစ်အမြစ်ကိုက်ခဲခြင်း
- ဗိုက်အောင့်ခြင်း
- မောပန်းလွယ်ခြင်း
- အားနည်းခြင်း တို့ဖြစ်ပါတယ်။
နှောင်းပိုင်းလက္ခဏာတွေကတော့ -
- ဆီးချိုရောဂါ
- ကာမအားနည်းခြင်း
- ယောကျာ်းအင်္ဂါမထောင်မတ်နိုင်ခြင်း
- နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း
- အသည်းကောင်းစွာအလုပ်မလုပ်ခြင်းတို့ ဖြစ်ပါတယ်။
♦ ဘယ်အချိန်မှာ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာသလဲ
မျိုးရိုးလိုက်တဲ့သံဓာတ်စုပုံခြင်းသည် မွေးကတည်းကရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ အသက် 50-60 ထိတိုင်အောင် ရောဂါလက္ခဏာတွေမခံစားရပါဘူး။ အမျိုးသမီးများဟာ ကိုယ်ဝန်နဲ့ဓမ္မတာလာခြင်းကြောင့် သံဓာတ်ဆုံးရှုံးမှုမရှိတော့တဲ့ သွေးဆုံးပြီးချိန်နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေစတင်ပေါ်လာလေ့ရှိပါတယ်။
♦ ဖြစ်ပွားရသည့်အကြောင်းအရင်းများ
အစားအစာတွေထဲမှာပါတဲ့ သံဓာတ်ကိုခန္ဓာကိုယ်မှ စုတ်ယူနိုင်စွမ်းကို ထိန်းချုပ်တဲ့မျိုးဗီဇက ပြောင်းလဲသွားခြင်းကြောင့် သံဓာတ်တွေစုပုံလာရတာဖြစ်ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲခြင်းဟာ မိဘမှသားသမီးဆီသို့ သက်ဆိုင်နိုင်ပြီး အဖြစ်အများဆုံး သံဓာတ်စုပုံခြင်းအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။
သံဓာတ်စုပုံခြင်းကိုဖြစ်စေတဲ့ မျိုးဗီဇ ပြောင်းလဲခြင်းများ
HFE လို့ခေါ်တဲ့ မျိုးဗီဇတစ်မျိုးဟာ မျိုးရိုးလိုက်တဲ့သံဓာတ်စုပုံခြင်းကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ အကယ်၍ မိဘနှစ်ပါးလုံးစီက မကောင်းတဲ့မျိုးဗီဇတစ်ခုစီ (စုစုပေါင်း နှစ်ခု) ဆက်ခံရရှိပါက ဝေဒနာခံစားရနိုင်ပြီး မကောင်းတဲ့ မျိုးဗီဇတစ်ခုသာရရှိပါက ရောဂါမဖြစ်ဘဲ သယ်ဆောင်သူအနေနဲ့သာရှိနေမှာဖြစ်ပါတယ်။
♦ ကိုယ်တွင်းကလီစာတွေကို ဘယ်လိုထိခိုက်စေနိုင်သလဲ
သွေးဖြစ်ပေါ်မှုစတဲ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအများအပြားမှာ သံဓာတ်ဟာ အရေးကြီးတဲ့အခန်းကဏ္႑ကပါဝင်ပါတယ်။ ဒါပေမယ့် သံဓာတ်များခြင်းဟာလည်း အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
အသည်းကထုတ်တဲ့ hepcidin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိ်ုးဟာ သံဓာတ်အသုံးပြုခြင်း၊ စုတ်ယူခြင်း၊ သိမ်းဆည်းခြင်းတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သံဓာတ်စုပုံတဲ့ဝေဒနာခံစားနေရတဲ့သူတွေမှာ ၎င်းဟော်မုန်းဟာ ပုံမမှန်ဖြစ်နေတာကြောင့် သံဓာတ်တွေကို ခန္ဓာကိုယ်မှ လိုအပ်တဲ့ပမာဏထက် ပိုမိုစုတ်ယူစေပါတယ်။
ပိုနေတဲ့သံဓာတ်တွေကို အသည်းကဲ့သို့အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ သိမ်းဆည်းထားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သိမ်းထားတဲ့သံဓာတ်တွေရဲ့ဖျက်ဆီးမှုကြောင့် ကိုယ်အင်္ဂါအလုပ်မလုပ်တော့တာတွေ၊ အသည်းခြောက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ လူအများစုမှာ သံဓာတ်စုပုံစေတဲ့ မျိုးဗီဇရှိနေပေမယ့်လည်း 10% လောက်သာ ကိုယ်တွင်းကလီစာများပျက်စီးသည်အထိ ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။
မျိုးရိုးလိုက်တဲ့သံဓာတ်စုပုံခြင်းအပြင် အခြားအမျိုးအစားတွေလည်း ရှိပါသေးတယ်။ ၎င်းတို့မှာ -
1. ငယ်ရွယ်သူများတွင် သံဓာတ်စုပုံခြင်း - သံဓာတ်စုပုံခြင်းဟာ အသက် 15 နှစ်နဲ့ 30 ကြားလောက်မှာ စတင်လေ့ရှိပြီး hepcidin ဟော်မုန်းပြဿနာကြောင့်ဖြစ်လေ့ရှိပါတယ်။
2. မွေးကင်းစကလေးများတွင် သံဓာတ်စုပုံခြင်း - ခန္ဓာကို်ယ်မှ ကိုယ့်ကိုကိုယ်ပြန်လည်တိုက်ခိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ကလေးငယ်ရဲ့အသည်းမှာ သံဓာတ်တွေအလျင်အမြန်စုပုံလာတဲ့ ဆိုးရွားတဲ့အခြေအနေတစ်မျိုးပဲဖြစ်ပါတယ်။
3. တဆင့်ခံအကြောင်းအရင်းများကြောင့် သံဓာတ်စုပုံခြင်း - သွေးအားနည်းရောဂါနဲ့ နာတာရှည်အသည်းရောဂါရှိတဲ့သူတွေမှာ အကြိမ်ပေါင်းများစွာသွေးသွင်းဖို့လိုတာကြောင့် သံဓာတ်များစုပုံခြင်းကိုဖြစ်စေနိုင်တာဖြစ်ပါတယ်။
♦ ဖြစ်ပွားမှုနှုန်းမြင့်တက်စေတဲ့အချက်များ
1. မကောင်းတဲ့ မျိုးဗီဇ HFE နှစ်ခုရှိနေခြင်း
2. မိသားစုမျိုးရိုး (မိဘ၊ မောင်နှမသားချင်း) ထဲ၌ ရောဂါရှိနေခြင်း
3. မျိုးနွယ်စု - ဥရောပမြောက်ပိုင်းသားတွေမှာ ပိုဖြစ်လေ့ရှိပြီး အာဖရိကန်-အမေရိကန်၊ စပိန်လူမျိုးနဲ့ အာရှ-အမေရိကန် တွေမှာ ဖြစ်ပွားမှုနှုန်းလျော့နည်းတာကိုတွေ့ရပါတယ်။
4. အမျိုးသားတွေမှာ အမျိ်ုးသမီးတွေထက် ရောဂါလက္ခဏာပိိုစောလျင်စွာတွေ့ရတတ်ပါတယ်။ အကြောင်းအရင်းမှာ အမျိ်ုးသမီးတွေဟာ ဓမ္မတာလာခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဖြင့် သံဓာတ်တွေဆုံးရှုံးနေတာကြောင့် အမျိုးသားတွေလောက် သံဓာတ်သိမ်းဆည်းမှုမများပါဘူး။ သွေးဆုံးပြီးချိန် (သို့) သားအိမ်ထုတ်ပြီးချိန်မှာတော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေပိုမိုမြင့်မားလာပါတယ်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
မျိုးရိ်ုးကြောင့် သံဓာတ်စုပုံတဲ့ရောဂါကို မကုသဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးများစွာခံစားရနိုင်ပါတယ်။ အထူးသဖြင့် အဆစ်အမြစ်တွေနဲ့ ပိုလျှံနေတဲ့သံဓာတ်တွေကို သိမ်းထားတဲ့ကိုယ်တွင်းကလီစာ (အသည်း၊ ပန်ကရိယ၊ နှလုံး) တွေမှာဖြစ်ပါတယ်။
1. အသည်းပြဿနာများ - အသည်းခြောက်ခြင်းကြောင့် အသည်းကင်ဆာနဲ့ အခြားအသက်အန္တရာယ်စိုးရိမ်ရတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
2. ပန်ကရိယပြဿနာများ - ပန်ကရိယ ပျက်စီးမှုကြောင့် ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။
3. နှလုံးပြဿနာ - နှလုံးမှာ သံဓာတ်တွေစုပုံနေတာကြောင့် ခန္ဓာကိုယ်မှလိုအပ်တဲ့ သွေးပမာဏကို လုံလောက်စွာမညှစ်ထုတ်ပေးနိုင်တော့တဲ့အပြင် နှလုံးခုန်မမှန်ခြင်းကိုလည်းဖြစ်နိုင်ပါတယ်။
4. မျိုးပွားခြင်းဆိုင်ရာ ပြဿနာများ - သံဓာတ်တွေစုပုံနေတာကြောင့် အမျိုးသားများတွင် လိင်အင်္ဂါမထောင်မတ်နိုင်ခြင်းနဲ့ ကာမစိတ်အားနည်းခြင်းတို့ ကြုံတွေ့ရနိုင်ပြီး အမျိုးသမီးများတွင်မူ ဓမ္မတာသွေးမမှန်တာတွေဖြစ်နိုင်ပါတယ်။
5. အသားအရောင်ပြောင်းလဲခြင်း - အရေပြားမှာ သံဓာတ်တွေစုပုံလာတာကြောင့် အရေပြားအရောင်ဟာ ကြေးနီရောင် (သို့) ခဲရောင်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
♦ ရောဂါရှာဖွေခြင်း
မျိုးရိုးကြောင့်ဖြစ်တဲ့ သံဓာတ်စုပုံခြင်းဟာ ရောဂါနာမည်တပ်ဖို့ အလွန်ပင်ခက်ခဲပါတယ်။ ကနဦး ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အဆစ်အမြစ်ရောင်ခြင်းနဲ့ မောပန်းလွယ်ခြင်းတို့ဖြစ်ပြီး ၎င်းတို့ဟာလည်း အခြားအခြေအနေတွေကြောင့်ဖြစ်တတ်ပါတယ်။
လူအများစုမှာ သွေးတွင်းသံဓာတ်ပမာဏတတ်နေတာကလွဲလို့ ဘာလက္ခဏာမှမရှိပါဘူး။ အခြားအကြောင်းကြောင့် သွေးစစ်ဆေးရာပုံမှန်မဟုတ်တဲ့ သွေးစစ်ချက်အဖြေရတာ (သို့) သံဓာတ်စုပုံခြင်းရောဂါရှိတဲ့လူနာရဲ့ မိသားစုဝင်တွေကို စစ်ဆေးတာတွေမှသာ သံဓာတ်စုပုံတဲ့ရောဂါရှိနေမှန်းသိကြရတာဖြစ်ပါတယ်။
သွေးစစ်ဆေးခြင်း
အဓိက စစ်ဆေးနည်းနှစ်ခုကတော့ -
အဆင့် (1) - သံဓာတ်နဲ့ပေါင်းနေတဲ့ ပရိုတင်း (transfemin) ပမာဏကို တိုင်းတာခြင်း
အဆင့် (2) - အသည်းမှာ သိမ်းဆည်းထားတဲ့သံဓာတ်ပမာဏကို တိုင်းတာခြင်း
အခြားအကြောင်းတွေကြောင့်လည်း အသည်းရဲ့သံဓာတ်ပမာဏတက်နေနိုင်တာကြောင့် ဒီရောဂါရှိတဲ့သူတွေမှာဆိုရင် သွေးစစ်ဆေးမှုနှစ်ခုလုံးဟာ ပုံမှန်မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ အစာမစားမီ သွေးဖောက်တာဖြစ်ပြီး အမှန်ကန်ဆုံးအဖြေရရှိနိုင်ဖို့အတွက် စစ်ဆေးမှုတွေကိုအဖန်တလဲလဲပြုလုပ်သင့်ပါတယ်။
သံဓာတ်စစ်ဆေးမှုပုံမှန်ဟုတ်တဲ့သူတွေဟာ မျိုးရိုးဗီဇစစ်ဆေးခြင်းတွေကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်။ လူအများစုမှာတော့ မျိုးဗီဇနှစ်ခုလုံးပြောင်းလဲနေတာတွေ့ရနိုင်ပါတယ်။
♦ အခြားစမ်းသပ်စစ်ဆေးခြင်းများ
- အသည်းလုပ်ဆောင်မှုဆိုင်ရာစစ်ဆေးမှုများ
- သံလိုက်လှိုင်းဓာတ်မှန်
- မျိုးဗီဇပြောင်းလဲခြင်းဆိုင်ရာ စစ်ဆေးမှုများ
- အသည်းမှ အသားစယူ၍ စစ်ဆေးခြင်း
ကျန်းမာနေတဲ့သူများကို သံဓာတ်စုပုံခြင်းရှိ/မရှိ ကြိုတင်စစ်ဆေးခြင်း
မိသားစုဆွေမျိုးထဲမှာ သံဓာတ်စုပုံတဲ့ရောဂါရှိနေပါက မျိုးဗီဇစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။ မိဘတစ်ဦးတည်းမှာသာ မျိုးရိုးဗီဇပြောင်းလဲခြင်းတွေ့ရှိရပါက ကလေးများကိုထပ်မံစစ်ေ်ဆးဖို့ မလိုအပ်ပါဘူး။
♦ ကုသခြင်း
1. သွေးများကိုဖယ်ရှားခြင်း
သံဓာတ်စုပုံခြင်းရောဂါအတွက် လုံခြုံစိတ်ချရဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်မှသွေးများကို ပုံမှန်ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သံဓာတ်ပမာဏကို ပုံမှန်အတိုင်းဖြစ်စေဖို့ဖြစ်ပါတယ်။ ဘယ်လောက်ပမာဏစုတ်ထုတ်ရမယ်ဆို်တာကတော့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ရောဂါဆိုးရွားပြင်းထန်မှုတို့ အပေါ်မူတည်ပါတယ်။ ပုံမှန်သံဓာတ်ပမာဏရောက်ဖို့အတွက် တစ်နှစ်ခန့်ကြာနိုင်ပါတယ်။
1. ကနဦးကုသမှုအချိန်ဇယား - ပထမဦးစွာ တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် သွေး 470 မီလီလီတာခန့် ထုတ်ယူဖို့လိုပါတယ်။ ဆေးရုံ (သို့) ဆေးခန်းရဲ့ ထိုင်ခုံမှာ ထိုင်နေစဉ် သွေးပြန်ကြောထဲသို့ အပ်ထိုးထည့်ကာ သွေးအိတ်နဲ့ ဆက်ထားတဲ့ပြွန်ထဲသို့ သွေးများကိုစီးဆင်းစေပါတယ်။
2. ထိန်းသိမ်းကုသမှုအချိန်ဇယား - သံဓာတ်ပမာဏ ပုံမှန်သို့ရောက်သွားပြီဆိုပါက 2 လမှ 4 လ တစ်ကြိမ်ခန့်သာ သွေးထုတ်ဖို့လိုပါတော့တယ်။ အချို့ကတော့ လုံးဝထုတ်ယူဖို့မလိုတော့ဘဲ အချို့ကတော့ တစ်လတစ်ကြိမ်လိုနေပါသေးတယ်။ အချိန်ဇယားက သံဓာတ်ပြန်လည်စုပုံတဲ့ နှုန်းပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားပါတယ်။
မျိုးရိုးဗီဇဆိုင်ရာ သံဓာတ်စုပုံလာခြင်းကိုကုသခြင်းဖြင့် အခြားလက္ခဏာတွေဖြစ်တဲ့ မောပန်းလွယ်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အသားအရောင်မည်းလာခြင်းတို့ကိုလည်း သက်သာစေပါတယ်။ ထို့ပြင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အကယ်၍အထက်ပါရောဂါ တစ်မျိုးမျိုးခံစားနေရပြီဆိုလျှင်တောင် သွေးများကိုဖယ်ရှားခြင်းဖြင့် ရောဂါဆိုးရွားမှုကို နှေးကွေးစေပြီး အချို့သူများတွင် လုံးဝပြန်လည်ကောင်းမွန်စေပါတယ်။
သွေးထုတ်ခြင်းဖြင့် အသည်းခြောက်ခြင်းနဲ့ အဆစ်အမြစ်နာကျင်ခြင်းကိုတော့ ပြန်မကောင်းစေပါဘူး။ အသည်းခြောက်ရောဂါရှိပါက အသည်းကင်ဆာဖြစ်နိုင်တာကြောင့် ဝမ်းဗိုက်တယ်လီဗီရှင်းဓာတ်မှန်ရိုက်ခြင်းနဲ့ သွေးစစ်ဆေးခြင်းတို့ကို ပုံမှန်ပြုလုပ်ရန် ဆရာဝန်မှညွှန်ကြားပေးပါလိမ့်မယ်။
2. သွေးစုတ်ထုတ်ခြင်း မပြုလုပ်နိုင်သူများအတွက် သံဓာတ်ဖယ်ရှားခြင်း
သွေးအားနည်းရောဂါ၊ နှလုံးရောဂါရှိသူများအနေနဲ့ သွေးထုတ်ဖို့ရာမဖြစ်နိုင်ပါက ပိုလျှံနေတဲ့ သံဓာတ်တွေကို ဖယ်ရှားဖို့ ထိုးဆေး (သို့) သောက်ဆေးတစ်မျိုးကို ဆရာဝန်မှပေးပါလိမ့်မယ်။ ၎င်းဆေးသည် ပိုနေတဲ့သံဓာတ်တွေကို ပေါင်းလိုက်ပြီး ၎င်းပေါင်းထားတဲ့သံဓာတ်တွေကို ဆီး (သို့) ဝမ်းမှတဆင့် စွန့်ထုတ်အောင်ပြုလုပ်ပေးပါတယ်။ ၎င်းဖြစ်စဉ်ကို သံချေးချွတ်ခြင်း (chelatian) လို့လည်း သိကြပါတယ်။
♦ နေထိုင်စားသောက်မှုပုံစံနှင့် အိမ်သုံးဆေးမြီတိုများ
သွေးများကိုဖယ်ရှားတဲ့ကုထုံးအပြင် နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချဖို့ရာအောက်ပါတို့ကို လိုက်နာသင့်ပါတယ်။
1. သံဓာတ်အားဆေးနဲ့ သံဓာတ်ပါဝင်တဲ့ ဗီတာမင်ဖြည့်စွက်ဆေးများကိုရှောင်ကြဉ်ပါ။
2. ဗီတာမင် C သည် သံဓာတ်စုတ်ယူမှုကို အားပေးတာကြောင့် ဗီတာမင် C အားဆေးများကို ရှောင်ကြဉ်ပါ။ ဒါပေမယ့် အစားအစာတွေမှာပါဝင်တဲ့ ဗီတာမင် C ကိုတော့ အထူးတလည်ရှောင်စရာမလိုပါဘူး။
3. အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ မျိုးရိုးဗီဇဆိုင်ရာ သံဓာတ်စုပုံတဲ့ရောဂါခံစားနေရသူတွေမှာ အရက်ဟာ အသည်းပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ သံဓာတ်စုပုံတဲ့ဝေဒနာရှိတဲ့အပြင် အသည်းရောဂါလည်းရှိနေပါက အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။
4. ငါးအစိမ်းများနဲ့ အခွံမာငါးများစားသုံးခြင်းကိုရှောင်ကြဉ်ပါ။ မျိုးရိုးလိုက်တဲ့သံဓာတ်စုပုံခြင်းရောဂါရှိတဲ့သူတွေမှာ ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်တာကြောင့် ဘက်တီးရီးယားပိုးတွေပါဝင်တဲ့ ငါးအစိမ်းတွေကို မစားသောက်သင့်ပါဘူး။
သွေးစုတ်ထုတ်ခြင်း ကုထုံးခံယူနေတဲ့သူတွေမှာ အခြားထူးထူးခြားခြားစားသောက်မှုပုံစံပြောင်းလဲစရာတော့မလိုပါဘူး။
Dr. Thinzar Wynn















