အချင်းကွာကျခြင်း (Abruptio Placenta)
ဆေးပညာအားဖြင့် Abruptio placenta လို့ခေါ်တဲ့ အချင်းကွာကျခြင်းဟာ ဖြစ်လေ့ဖြစ်ထ သိပ်မရှိပေမဲ့ ပြင်းထန်တဲ့ ကိုယ်၀န်ဆောင်နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်ပါတယ်။
အချင်းဟာကိုယ်၀န်ဆောင်ချိန်မှာ သားအိမ်အတွင်း၌ ဖွ့ံဖြိုးလာတဲ့အင်္ဂါတခုဖြစ်ပြီး သနေ္ဓသားဆီသို့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တွေပို့ဆောင်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။ ပုံမှန်နေရာတွင်တည်ရှိနေတဲ့ အချင်းမှသွေးထွက်ပြီး လုံး၀ (သို့) တ၀က်တပျက်ကွာကျခြင်းဟာ ရုတ်တရက်ဖြစ်နိုင်ပြီး မကုသဘဲထားပါက မိခင်ရောကလေးပါ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်ပါတယ်။
အချင်းကွာကျခြင်းဟာ များသောအားဖြင့် ကိုယ်၀န် 24 ပတ်နောက်ပိုင်းတွင်ဖြစ်လေ့ရှိပြီး အထူးသဖြင့် မီးဖွားရန် ရက်သတ္တပတ်အလိုခန့်မှာ ဖြစ်လေ့ရှိပါတယ်။ အချင်းကွာခြင်းရဲ့ လက္ခဏာတွေအနေနဲ့ -
- သွေးဆင်းခြင်း
- ၀မ်းဗိုက်အောင့်ခြင်း
- ခါးနာခြင်း
- သားအိမ်ညှစ်အားခပ်မြန်မြန်ဖြစ်လာခြင်း
- သားအိမ်နေရာ၌နာကျင်ခြင်း
ဆက်တိုက် (သို့) ပေါ်လိုက် ပျောက်လိုက်ဖြင့် ဗိုက်နာခြင်းတို့ကိုတွေ့ရပါတယ်။ ဗိုက်နာခြင်း၊ ခါးနာခြင်းတို့ဟာ ရုတ်တရက်ဖြစ်နိုင်ပြီး သွေးယိုဆင်းတဲ့ပမာဏကို ကြည့်ခြင်းအားဖြင့် အချင်းဘယ်လောက်ကွာကျတယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။ တခါတရံမှာ ပြင်းပြင်းထန်ထန်အချင်းကွာကျခြင်း ရှိနေပေမဲ့ သားအိမ်အတွင်းမှာ အချင်းနှင့်တားပြီး သွေးများခိုအောင်းနေတာကြောင့် သွေးဆင်းတာကိုမတွေ့ရလည်းဖြစ်နိုင်ပါတယ်။
အချို့သော ကိုယ်၀န်ဆောင်များတွင် အချင်းဟာတဖြေးဖြေးချင်း ကွာကျနေတာကြောင့် သွေးအနည်းငယ်ဆင်းနိုင်ပါတယ်။ သနေ္ဓသားလှုပ်ရှားမှု နည်းသွားခြင်း (သို့) ကင်းမဲ့သွားခြင်း၊ သနေ္ဓသားရဲ့ နှလုံးခုန်သံပျောက်သွားခြင်းတို့ကို လက္ခဏာအနေနဲ့ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။
အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရှိပါက ဆရာ၀န်နှင့်အမြန်ဆုံးပြသသင့်ပါတယ်။ အချင်းကွာကျခြင်းရဲ့ အကြောင်းရင်းကိုတိတိကျကျ မသိရသော်လည်း ၀မ်းဗိုက်ထိခိုက်ရခြင်းနှင့် ရေမြွှာရေနည်းခြင်းတို့က အချင်းကွာကျခြင်းကို ဖြစ်စေပါတယ်။
မီးဖွားချိန်မတိုင်မီ အချင်းကွာကျခြင်းကို မြင့်တက်စေတဲ့ အကြောင်းရင်းတွေကတော့ ယခင်ကိုယ်၀န်ဆောင်ချိန်တွင် အချင်းကွာကျဖူးခြင်း၊ သွေးတိုးရှိခြင်း၊ ၀မ်းဗိုက်ထိခိုက်ဒဏ်ရာရခြင်း၊ ၀မ်းဗိုက်ကို တခုခုနှင့် တိုက်မိခြင်း၊ လဲကျခြင်း၊ ကိုယ်၀န်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အချိန်မတိုင်မီရေမြွှာရေပေါက်ခြင်း (သို့) ရေမြွှာရေစိမ့်ခြင်း၊ သွေးခဲချိန်ပုံမှန် မဟုတ်သောရောဂါတခုခုရှိနေခြင်း၊ အမြွှာကိုယ်၀န်ဖြစ်နေခြင်း၊ အသက် 40 ကျော်မှ ကိုယ်၀န်ဆောင်ခြင်းတွေပဲ ဖြစ်ပါတယ်။
အချင်းကွာကျခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကိုယ်၀န်ဆောင်မိခင်မှာ သွေးလန့်ခြင်း၊ သတိလစ်သွားခြင်း၊ ကျောက်ကပ်အပါအ၀င် အခြားသောအင်္ဂါအစိတ်အပိုင်းများ ထိခိုက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ သနေ္ဓသားဆီသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်တွေပို့ပေးခြင်းကို အချင်းကလုပ်ဆောင်ပေးတာကြောင့် အချင်းကွာကျခြင်းက သနေ္ဓသားဆီသို့ အာဟာရထောက်ပံ့မှု ရပ်ဆိုင်းသွားခြင်း၊ လမစေ့ဘဲမွေးခြင်း၊ အသေမွေးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
စစ်ဆေးခြင်း
အချင်းကွာကျတယ်လို့ ယူဆရပါက ဆရာ၀န်က သားအိမ်နာကျင်ခြင်းရှိ၊ မရှိသိရှိရန် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးပြီး အာထရာဆောင်းရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။
ကုထုံး
ကုထုံးကအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ကိုယ်၀န် 34 ပတ်အောက်၊ သနေ္ဓသားရဲ့ နှလုံးခုန်နှုန်းပုံမှန်ဖြစ်နေပါက ဆေးရုံတင်ပြီး စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ သွေးဆင်းတာလည်း ရပ်သွားပြီး သနေ္ဓသားရဲ့ အခြေအနေလည်း စိတ်ချရတယ်ဆိုရင်တော့ အိမ်မှာပဲအနားယူလို့ရပါတယ်။
မွေးဖွားရက် နီးနေချိန်တွင် အချင်းကွာကျပြီး သနေ္ဓသားနှလုံးခုန်နှုန်း ပုံမှန်မဟုတ်ပါက အမြန်ဆုံးမီးဖွားရန်စီစဉ်ရပါမယ်။
ကာကွယ်မှု
အချင်းကွာကျခြင်းမဖြစ်အောင် တိုက်ရိုက်မကာကွယ်နိုင်ပေမယ့် အချင်းကွာကျခြင်းဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဆေးလိပ်နှင့် မူးယစ်ဆေးဝါး မသုံးစွဲပါနှင့်။ သွေးတိုးရောဂါရှိနေပါက ဆရာ၀န်နှင့်ပြသပြီး သွေးပေါင်ထိန်းညှိပါ။ အရင်ကိုယ်၀န်ဆောင်ချိန်က အချင်းကွာကျဖူးတဲ့ ပြဿနာရှိပါက ကိုယ်၀န်ကို ဆရာ၀န်နှင့်သေချာစွာအပ်ပါ။
ကိုယ်၀န်ဆောင်စဉ် ၀မ်းဗိုက်ကို ထိခိုက်မိပါကပေါ့ဆမနေဘဲ ဆရာ၀န်နှင့်ပြသပါ။
Dr. Htet Htet Aung















