အစာအိမ်ကင်ဆာ (Gastric Cancer/ Stomach Cancer)
အစာအိမ်ကင်ဆာ (Gastric Cancer/ Stomach Cancer) သည် ၀မ်းဗိုက်အလယ်ပိုင်း၊ နံရိုးအိမ်၏ အောက်တွင်ရှိသော ကြွက်သားများဖြင့် တည်ဆောက်ထားသော အစာအိမ်တွင်ဖြစ်သည့် ကင်ဆာဖြစ်ပါတယ်။ အစာအိမ်ကင်ဆာအမျိုးအစားများထဲတွင် အစာအိမ်ရှိအချွဲများကို ထုတ်ပေးသော အကျိတ်ဆဲလ်များတွင်ဖြစ်သည့် ကင်ဆာ (Adenocarcinoma) သည် အဖြစ်အများဆုံးဖြစ်ပြီး လေ့လာမှုများအရ တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် အဖြစ်များလေ့ရှိကြောင်း သိရှိရပါတယ်။
♦ ရောဂါလက္ခဏာများ
- ၀မ်းဗိုက်အပေါ်ဘက်ခြမ်း အလယ်ပိုင်းတွင် နာခြင်း
- အစာစားပြီးလျှင် လေပွသလိုခံစားရခြင်း၊အစာနည်းနည်းစားရုံမျှဖြင့် ပြည့်အင့်ခြင်း
- အစာမကျေခြင်း
- အစာမျိုရခက်ခြင်း
- ရင်ပူခြင်း
- ပျို့အန်ခြင်း၊
- သွေးအန်ခြင်း
- သွေး၀မ်းသွားခြင်း
- နုံးခွေခြင်း၊
- အကြောင်းတစ်စုံတစ်ရာမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
♦ ဖြစ်ပွားရသည့်အကြောင်းရင်း
ယေဘူယျအားဖြင့် အစာအိမ်အတွင်းရှိ ဆဲလ်တစ်မျိုးမျိုး၏ DNA များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာပြီး ပွားများ ကြီးထွားလာခြင်းကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီ DNA တွေ ပုံစံ ပြောင်းလဲလာရတာလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ ဒါပေမယ့် ကင်ထားတဲ့အစားအစာတွေ၊ ဆားသိပ်ထားတဲ့အစားအစာတွေ နဲ့ အချဉ်ဖောက်ထားတဲ့အစားအစာတွေ မကြာခဏစားသုံးမှုနဲ့ ဆက်စပ်နေတာ ကိုတော့ လေ့လာတွေ့ရှိထားပါတယ်။
♦ အစာအိမ်ကင်ဆာအမျိုးအစားများ
၁။ Adenocarcinoma - အစာအိမ်အတွင်း အချွဲများကို ထုတ်လုပ်ပေးသော အကျိတ်ဆဲလ် (Glandular Cells) များတွင် စတင်ဖြစ်ပေါ် သည့် အစာအိမ်ကင်ဆာ
၂။ Lymphoma - အစာအိမ်နံရံရှိ ခုခံစွမ်းအားစနစ်ဆိုင်ရာဆဲလ်များတွင် စတင် ဖြစ်ပေါ်သည့် အစာ အိမ်ကင်ဆာ
၃။ Carcinoid Cancer - အစာအိမ်နံရံရှိ ဟော်မုန်းထုတ်လုပ်သည့် ဆဲလ်များတွင် စတင်ဖြစ်ပေါ်သည့် အစာအိမ်ကင်ဆာ
၄။ Gastrointestinal Stromal Tumor (GIST) - အစာအိမ်အတွင်းရှိ သီးသန့်အာရုံကြောစနစ်မှဆဲလ်များတွင် စတင်ဖြစ်ပေါ်သည့် အစာအိမ်ကင်ဆာ
အထက်ပါ ကင်ဆာအမျိုးအစား (၄) မျိုးတွင် Adenocarcinoma ကင်ဆာအမျိုးအစားသည် အဖြစ်အများ ဆုံးဖြစ်ပါတယ်။
♦ အစာအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိသူများ
- အစာအိမ်အတွင်းအလုံးအကြိတ်ရှိသူများ
- အငန်ဓါတ်ပါ၀င်မှုမြင့်မားသောအစားအစာများကို မကြာခဏစားသုံးသူများ
- ကျပ်တိုက်ထားသောအစားအစာများကို မကြာခဏစားသုံးသူများ
- Aflatoxin မှိုကပ်ညှိနေသောအစားအစာများကို အသုံးပြုသူများ ( ဥပမာ- ထိန်းသိမ်းသည့်နည်းစနစ် မမှန်ကန်သော ငရုပ်သီးတောင့်များတွင် Aflatoxin မှိုစွဲကပ်နိုင်ပါတယ်။)
- မိဘမျိုးရိုးရှိသူများ
- H.pylori ပိုးကူးစက်ခံထားရသူများ
- အစာအိမ်ခဏခဏရောင်သူများ
- ဆေးလိပ်သောက်သူများ
- Pernicious Anaemia သွေအားနည်းရောဂါရှိသူများ
- ဟင်းသီးဟင်းရွက်နှင့် အသီးအနှံအစားနည်းသူများ
♦ စစ်ဆေးခြင်း
အစာအိမ်ကင်ဆာရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။
(၁) အစာအိမ်အတွင်းသို့ ကင်မရာသုံး၍ ကြည့်ရှုခြင်း (Upper Endoscopy)
(၂) CT Scan ရိုက်ခြင်း
(၃) Barium အရည်ကိုသောက်ပြီး Barium & Swallow X-ray ရိုက်ခြင်း
အစာအိမ်ကင်ဆာအဆင့်ကို သတ်မှတ်ဖို့အတွက် CT Scan ရိုက်ခြင်း၊ PET Scan ရိုက်ခြင်း၊ Exploratory Surgery ( ၀မ်းဗိုက်တွင် မှန်ပြောင်းတစ်ခု၀င်စာနေရာလေး တစ်ခုခွဲပြီး မှန်ပြောင်းထည့်ကာ အသင့်တပ်ထားသော ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခြင်း) တို့ ပြုလုပ်နိုင်ပါတယ်။
♦ အစာအိမ်ကင်ဆာအဆင့်သတ်မှတ်ခြင်း
ကင်ဆာဆဲလ်များ၏ ပျံ့နှံ့မှုပေါ်မူတည်၍ အစာအိမ်ကင်ဆာကို အဆင့်ငါးဆင့် ခွဲခြားထားပါတယ်။
Stage 0 - ကင်ဆာဖြစ်လာမည့် ပုံမှန်မဟုတ်သောဆဲလ်များကို အစာအိမ်နံရံ၏ အတွင်းဆုံးအလွှာ (mucosa) တွင် တွေ့ရပါက Stage 0 ဟု သတ်မှတ်ပါတယ်။
Stage I A - ကင်ဆာဆဲလ်များကို အစာအိမ်နံရံ၏ အလယ်အလွှာ (submucosa) အထိ တွေ့ရပါက Stage I A ဟု သတ်မှတ်ပါတယ်။
Stage I B - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အလယ်အလွှာ (submucosa) သို့ ရောက်ရှိ နေရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၁ - ၂ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage I B ဟု သတ်မှတ်ပါတယ်။ (သို့)
ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ ကြွက်သားအလွှာ (muscle layer) အထိပါ ရောက်ရှိနေပါက Stage I B ဟု သတ်မှတ်ပါတယ်။
Stage II A - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ အပြင်ဆုံးအလွှာ serosa မရောက်ခင်ကပ်လျက် အလွှာဖြစ်သည့် (subserosa) အထိ ရောက်ရှိနေပါက Stage II A ဟု သတ်မှတ် ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ ကြွက်သားအလွှာ (muscle layer) အထိ ရောက်ရှိနေပြီး အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၁ - ၂ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage II A ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အလယ်အလွှာ (submucosa) သို့ ရောက်ရှိ နေရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၃ - ၆ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage II A ဟု သတ်မှတ်ပါတယ်။
Stage II B - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အပြင်ဆုံးအလွှာ (serosa) အထိ ရောက်ရှိ နေပါက Stage II B ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ အပြင်ဆုံးအလွှာ serosa မရောက်ခင်ကပ်လျက် အလွှာဖြစ်သည့် (subserosa) အထိ ရောက်ရှိနေရုံသာမက အနီးအနားရှိ ပြန်ရည်ကြော အကျိတ် ၁ - ၂ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage II B ဟု သတ်မှတ် ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ ကြွက်သားအလွှာ (muscle layer) အထိ ရောက်ရှိနေပြီး အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၃ - ၆ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage II B ဟု သတ်မှတ်ပါတယ်။
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အလယ်အလွှာ (submucosa) သို့ ရောက်ရှိ နေရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၇ ခု နှင့် အထက်တွင်ပါ ကင်ဆာ ဆဲလ်များ ပျံ့န့ှံနေပါက Stage II B ဟု သတ်မှတ်ပါတယ်။
Stage III A - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏အပြင်ဆုံးအလွှာ (serosa)အထိရောက်ရှိနေရုံသာ မက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၁-၂ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage III A ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ အပြင်ဆုံးအလွှာ serosa မရောက်ခင်ကပ်လျက် အလွှာဖြစ်သည့် (subserosa) အထိ ရောက်ရှိနေရုံသာမက အနီးအနားရှိ ပြန်ရည်ကြော အကျိတ် ၃-၆ ခုတွင်ပါ ကင်ဆာဆဲလ်များပျံ့န့ှံနေပါက Stage III A ဟု သတ်မှတ်ပါ တယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ ကြွက်သားအလွှာ (muscle layer) အထိ ရောက်ရှိနေပြီး အနီးအနားရှိပြန်ရည်ကြောအကျိတ် ၇ ခု နှင့် အထက်တွင်ပါ ကင်ဆာဆဲလ် များ ပျံ့န့ှံနေပါက Stage II B ဟု သတ်မှတ်ပါတယ်။
Stage III B - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံအတွင်းနှင့် အစာအိမ်အနီးရှိ အခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ(ဥပမာ- ဘေလုံး၊ ပန်ကရိယ၊ ကျောက်ကပ်၊ အသည်း၊ အူသိမ်၊ အူမကြီး) သို့ ပျံ့နှံ့ရောက်ရှိနေရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၁ - ၂ ခုတွင်ပါ ကင်ဆာဆဲလ်များပျံ့နှံ့ရောက်ရှိနေပါက Stage III B ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အပြင်ဆုံးအလွှာ (serosa) အထိ ရောက်ရှိနေ ရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၃-၆ ခု တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေ ပါက Stage III B ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ အပြင်ဆုံးအလွှာ serosa မရောက်ခင်ကပ်လျက် အလွှာ ဖြစ်သည့် (subserosa) အထိ ရောက်ရှိနေရုံသာမက အနီးအနားရှိ ပြန်ရည်ကြော အကျိတ် ၇ခု နှင့် အထက်တွင်ပါ ကင်ဆာဆဲလ်များ ပျံ့န့ှံနေပါက Stage III B ဟု သတ်မှတ်ပါတယ်။
Stage III C - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံအတွင်းနှင့် အစာအိမ်အနီးရှိ အခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ(ဥပမာ- ဘေလုံး၊ ပန်ကရိယ၊ ကျောက်ကပ်၊ အသည်း၊ အူသိမ်၊ အူမကြီး) သို့ ပျံ့နှံ့ရောက်ရှိနေရုံသာမက အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၃ ခု နှင့် အထက် တွင်ပါ ကင်ဆာဆဲလ်များပျံ့နှံ့ရောက်ရှိနေပါက Stage III C ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အပြင်ဆုံးအလွှာ (serosa) အထိ ရောက်ရှိနေပြီး အနီးအနားရှိ ပြန်ရည်ကြောအကျိတ် ၇ ခု နှင့် အထက်တွင်ပါ ကင်ဆာဆဲလ်များပျံ့နှံ့ နေပါက Stage III C ဟု သတ်မှတ်ပါတယ်။ (သို့)
- ကင်ဆာဆဲလ်များသည် အစာအိမ်နံရံ၏ အပြင်ဆုံးအလွှာ (serosa) ကို ဖောက်ပြီး အနီးအ နားရှိ အင်္ဂါအစိတ်အပိုင်းများဆီသို့ ရောက်ရှိနေပြီ ဖြစ်သည့်အပြင် အူမကြီးအပြင်ဘက်တွင် လည်း ပြန်ရည်ကြောအကျိတ် ၁ - ၃ ခုအထိတွင်လည်းကောင်း၊ သို့မဟုတ် ပြန်ရည်ကြော အကျိတ်နားရှိ တစ်သျှူးများတွင်လည်းကောင်း ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III C ဟု သတ်မှတ်ပါတယ်။
Stage IV A - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံတလျှောက်နှင့် အနီးအနားရှိ ကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများ၊ အနီးရှိပြန်ရည်ကြောအကျိတ်များဆီသို့ ပျံ့န့ှံရောက်ရှိနေသည့်အပြင် အသည်း (သို့) အဆုတ်(သို့) သားဥအိမ် စသည့် အေ၀းရှိကိုယ်တွင်းအင်္ဂါတစ်ခုခုသို့သော်လည်းကောင်း၊ အေ၀းရှိ ပြန်ရည်ကြော အကျိတ် ၁ ခု သို့သော်လည်းကောင်း ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage IV A ဟု သတ်မှတ်ပါတယ်။ (သို့)
Stage IV B - ကင်ဆာဆဲလ်များသည် အစာအိမ်နံရံတလျှောက်နှင့် အနီးအနားရှိ ကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းများ၊ အနီးရှိပြန်ရည်ကြောအကျိတ်များဆီသို့ ပျံ့န့ှံရောက်ရှိနေပြီဖြစ်သည့်အပြင် အသည်း၊ အဆုတ်၊ သားဥအိမ် စသည့် အေ၀းရှိ ကိုယ်တွင်းအင်္ဂါတစ်ခုမကထက်သော် လည်းကောင်း၊ ၀မ်းဗိုက်၏ အတွင်းသားနံရံသို့ သော်လည်းကောင်းကင်ဆာဆဲလ်များပျံ့နှံ့ ရောက်ရှိနေပါက Stage IV B ဟု သတ်မှတ်ပါတယ်။
♦ ကုသခြင်း
ကုထုံးများသည် ရောဂါအဆင့်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ခွဲစိတ်ခြင်း
ခွဲစိတ်မှုအနေနဲ့ကတော့ ကင်ဆာအစောပိုင်းအဆင့်များတွင် အစာအိမ်၏ အတွင်းသားနံရံမှ အနားသတ်များကိုသာ ဖယ်ရှားခြင်း (Endoscopic Mucosal Resection)၊ ကင်ဆာဖြစ်နေသော အစိတ်အပိုင်းကိုသာဖယ်ရှားခြင်း (Subtotal Gastrectomy)နှင့် အစာအိမ်တစ်ခုလုံးကို ဖယ်ရှားနည်း (Total Gastrectomy) တို့ကိုပြုလုပ်နိုင်ပါတယ်။
ဓါတ်ရောင်ခြည်သုံး၍ကုသခြင်း(Radiotherapy)
ခွဲစိတ်မှုမပြုလုပ်ခင်မှာ ကင်ဆာဆဲလ်များကျုံ့သွားစေရန် အသုံးပြုသလို ခွဲစိတ်ပြီးချိန်တွင် ကြွင်းကျန်သော ကင်ဆာဆဲလ်များကို ဖယ်ရှားရန်အတွက်အသုံးပြုပါတယ်။
ကင်ဆာဆေးသွင်း၍ကုသခြင်း (Chemotherapy)
ခွဲစိတ်ကုသမှုမပြုမီ ကင်ဆာဆဲလ်များကျုံ့သွားစေရန် ဆေးသွင်းကုသနိုင်သလို ခွဲပြီးနောက်ပိုင်းမှာလည်း ကျန်ရှိနေသေးတဲ့ ကင်ဆာဆဲလ်တွေကို နှိမ်နင်းဖို့အတွက် Chemo ဆေးတွေကို အသုံးပြုပါတယ်။ အများအားဖြင့် ဓါတ်ရောင်ခြည်ပြတာနဲ့ ကင်ဆာဆေးသွင်းတာကို တွဲလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကင်ဆာအဆင့်မြင့်နေတဲ့ လူနာတွေအတွက်ဆိုရင်တော့ ကင်ဆာဆေးသွင်းတာကိုပဲ လုပ်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ ကင်ဆာအဆင့် ၄ ရှိတဲ့ လူနာဆိုရင် တခြားနေရာတွေကိုလည်း ကင်ဆာဆဲလ်တွေ ပျံ့န့ှံနေတဲ့အတွက် နေရာ တိုင်းကို ဓါတ်ရောင်ခြည်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအနေအထားမျိုးတွေမှာ ကင်ဆာဆေး (Chemotherapy) သွင်းတာကိုပဲ လုပ်ရပါတော့တယ်။
Chemo ဆေးတွေက အမျိုးမျိုးရှိပါတယ်။ ရောဂါရဲ့အဆင့်ပေါ်မူတည်ပြီး သုံးရတဲ့ဆေးချင်းမတူသလို ဘေးထွက်ဆိုးကျိုးတွေလည်း ကွဲပြားနိုင်ပါတယ်။
Targeted therapy
ဒီနည်းကတော့ ကင်ဆာဆဲလ်များအတွင်းရှိ မူမမှန်မှုများကို ဆေးများအသုံးပြု၍ ကုသတဲ့နည်းဖြစ်ပါတယ်။
ရောဂါရဲ့အလားအလာကတော့ ဆေးကုတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတဲ့ အပေါ်မူတည် ပါတယ်။ သုံးလေ့ရှိတဲ့ ဆေးတွေကတော့ Trastuzumab (Herceptin) ၊ Imatinib (Gleevec) နဲ့ Sunitinib (Sutent) တို့ဖြစ်ပါတယ်။
♦ အစာအိမ်ကင်ဆာေ၀ဒနာရှင်များအတွက် လမ်းညွှန်ချက်
- ကင်ဆာရောဂါကို ခံစားနေရပြီဆိုပါက ၎င်းရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတများ၊ မိမိရဲ့ရောဂါ အဆင့်နဲ့ ကုသနိုင်မယ့် နည်းလမ်းတွေကို သေချာလေ့လာပါ။
- ကင်ဆာေ၀ဒနာရှင်များကို ကူညီနေသောအဖွဲ့အစည်းများနှင့် ဆက်သွယ်ပါ။
- Online မှ တဆင့်ပဲဖြစ်ဖြစ်၊ မြန်မာပြည်ထဲကပဲဖြစ်ဖြစ် အစာအိမ်ကင်ဆာ ပျောက်ကင်းသွားတဲ့လူတွေဆီက အကြံဉာဏ်ကောင်းတွေ ရယူပါ။
- စိတ်ဓါတ်ကျမနေဘဲ စိတ်ဓါတ်ခွန်အားကို မြင့်တင်ပြီး ဘ၀ကိုရင်ဆိုင်ဖို့အားမွေးပါ။
♦ ကာကွယ်ခြင်း
အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့ချနိုင်ရန်
- လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးပါ။
- ဆားငန်သော အစားအသောက်များနှင့် ကျပ်တိုက်ထားသော၊ ကင်ထားသော အစားအစာများကို လျှော့စားပါ။
- ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်း တော်တော်များများမှာ ကင်ဆာရောဂါဖြစ်ဖို့ အားပေးတဲ့အတွက် လုံး၀စွန့်လွှတ်သင့်ပါတယ်။
- ဆရာ၀န်နှင့်တိုင်ပင်ပြီးလိုအပ်ပါက အစာအိမ်ကင်ဆာရှိ၊ မရှိစစ်ဆေးမှုပြုလုပ်ပါ။
Dr. Htet Htet Aung
















