/
news/ကျန်းမာရေး-z/အူမကြီးကင်ဆာcolon-cancer

အူမကြီးကင်ဆာ(Colon Cancer)

Category
ကျန်းမာရေး (A-Z)

အူမကြီး

          အူမကြီးသည် အူသိမ်ပိုင်းနှင့်စအိုကို ဆက်သွယ်ပေးထားသော ၆ ပေရှည်လျားသည့် ကြွက်သားပြွန်တစ်ခု ( Large Intestine) ဖြစ်ပါတယ်။ စအိုနှင့် တစ်စပ်တည်းသော အူမကြီးသည် အညစ်အကြေးစွန့်ပစ်သည့် လုပ်ငန်းဆောင်ရွက်မှုအတွက် အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးသည် မစင်များမှရေကို စုပ်ယူပြီး မစင်များကို ကျစ်လျစ်စေပါတယ်။ အညစ်အကြေးစွန့်ရန်အတွက် အူမကြီးဟာ ၄င်းထဲမှာရှိတဲ့ အညစ်အကြေးများကို စအိုအတွင်းသု့ိ တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စွန့်ထုတ်ပေးပါတယ်။

 

♦ အူမကြီးကင်ဆာ

        အူမကြီးကင်ဆာဟာ အစာခြေစနစ်ရဲ့ အောက်ဆုံးပိုင်းဖြစ်တဲ့ Large Intestine မှာဖြစ်တဲ့ ကင်ဆာဖြစ် ပါတယ်။ စအိုကင်ဆာကတော့ အူမကြီးရဲ့ အောက်ဆုံးအပိုင်းမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီနေရာ ၂ ခုလုံးမှာ ကင်ဆာဖြစ်နေပြီဆိုရင်တော့ အူမကြီးနှင့်စအိုကင်ဆာ (Colorectal Cancer) လို့ ခေါ်ပါတယ်။

        အူမကြီးကင်ဆာအများစုဟာ Adenomatous Polyps လို့ခေါ်တဲ့ အသားလုံးများမှ ကင်ဆာအဖြစ် ကူးပြောင်းလဲလာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

 

ဖြစ်ပွားသည့်အကြောင်းရင်း

၁။       အူမကြီးကင်ဆာလူနာတော်တော်များများမှာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါ ဘူး။ အကြောင်းရင်းခံမရှိဘဲ အူမကြီးအတွင်းထဲက ပုံမှန်ဆဲလ်တွေက ကင်ဆာဖြစ်တဲ့ဆဲလ်တွေအဖြစ် ပုံပြောင်း သွားပြီး ၎င်းဆဲလ်တွေတဖြည်းဖြည်း ပွားလာရာကနေ အူမကြီးကင်ဆာဖြစ်လာပါတယ်။ ဒီကင်ဆာဆဲလ်တွေဟာ အနီးအနားက တစ်သျှူးတွေ (သို့) အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဆီကို ထပ်မံသွားရောက်ပြီး တခြားနေရာတွေမှာပါ ကင်ဆာရောဂါ ဖြစ်ပွားစေပါတယ်။

၂။       အူမကြီးအတွင်းသားတွင် အသားလုံးများဖြစ်ပေါ်လာရာမှ ကင်ဆာအဖြစ်သို့ ကူးပြောင်းသွားပြီးလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ပါတယ်။

၃။       မွေးရာပါမျိုးဗီဇ(gene)ချို့ယွင်းခြင်းကြောင့်လည်း အူမကြီးကင်ဆာဖြစ်ပွားနိုင်ပါတယ်။

 

ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားစေသောအကြောင်းရင်းများ

        အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို မြင့်တက်စေသော အကြောင်းအရင်းများတွင် -

-      အသက်အရွယ်ကြီးရင့်သူများ

-      အာဖရိကန် နှင့် အမေရိကန် လူမျိုးများ

-      အူမကြီးနှင့်စအိုတွင် အသားလုံးရှိဖူးသူများ

-      အူမကြီးကင်ဆာမျိုးရိုးရှိသူများ

-      အမျှင်ဓာတ်နည်းပါးပြီး အဆီများသော အစားအစာများကို အစားများသူများ

-      အကင်အစားများသူများ၊ ကျွမ်းနေသည့် (သို့) တူးနေသည့်နေရာများကို မခြစ်ထုတ်ဘဲ စားသူများ

-      ကိုယ်လက်လှုပ်ရှားမှုမရှိသူများ

-      ဆီးချိုရောဂါရှိသူများ

-      အ၀လွန်သူများ

-      ဆေးလိပ်နှင့်အရက်သောက်သုံးသူများ

-      ၀မ်းဗိုက်အတွင်းပိုင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် ကင်ဆာဖြစ်ဖူးပြီး ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှု ခံယူဖူးသူများ

 

ကင်ဆာအဆင့်သတ်မှတ်ခြင်း

        ကင်ဆာဆဲလ်များ၏ ပျံ့နှံ့မှုပေါ်မူတည်၍ အူမကြီးကင်ဆာကို အဆင့်ငါးဆင့် ခွဲခြားထားပါတယ်။

Stage 0            -    ကင်ဆာဖြစ်လာမည့် ပုံမှန်မဟုတ်သောဆဲလ်များကို အူမကြီး၏ အတွင်းဆုံးအလွှာ(muco sa) တွင် တွေ့ရပါက Stage 0 ဟု သတ်မှတ်ပါတယ်။

Stage I             -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အတွင်းဆုံးအလွှာ(mucosa) ကိုဖောက်ထွက်ပြီး အလယ်အလွှာ (submucosa) (သို့) ကြွက်သားအလွှာ (muscle layer) သို့ ရောက်ရှိနေ ပါက Stage I ဟု သတ်မှတ်ပါတယ်။

Stage II A        -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) အထိ ရောက်ရှိနေပါက Stage II A ဟု သတ်မှတ်ပါတယ်။

Stage II B         -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) ကိုပါ ဖောက်ထွက် လျက်ရှိနေပြီဖြစ်သော်လည်း အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများဆီ မပျံ့သေးပါက Stage II B ဟု သတ်မှတ်ပါတယ်။

Stage II C        -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) ကိုပါ ဖောက်ထွက်ပြီး အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများသို့ပါ ပျံ့န့ှံသွားပါက Stage II C ဟု သတ်မှတ် ပါတယ်။

Stage III A       -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ ကြွက်သားအလွှာ (muscle layer) အထိ ရောက်ရှိ နေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၁ - ၃ ခုအထိတွင်လည်း ကောင်း၊ သို့မဟုတ် ပြန်ရည်ကြောအကျိတ်နားရှိ တစ်သျှူးများတွင်လည်းကောင်း ကင်ဆာ ဆဲလ်များ ပျံ့န့ှံရောက်ရှိနေပါက Stage III A ဟု သတ်မှတ်ပါတယ်။ (သို့)

              -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အလယ်အလွှာ (submucosa) သို့ပါ ရောက်ရှိနေ ပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၄ - ၆ ခုအထိတွင် ကင်ဆာ ဆဲလ်များ ပျံ့နှံ့နေပါက Stage III A ဟု သတ်မှတ်ပါတယ်။

Stage III B     - ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) (သို့) ၎င်း၏  အပြင်ဘက်သို့ ရောက်ရှိနေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၁ - ၃ ခု အထိတွင်လည်းကောင်း၊ သို့မဟုတ် ပြန်ရည်ကြောအကျိတ်နားရှိ တစ်သျှူးများ တွင်လည်းကောင်း ကင်ဆာဆဲလ်များပျံ့နှံ့ရောက်ရှိနေပါက Stage III B ဟု သတ်မှတ် ပါတယ်။ (သို့)

              -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ ကြွက်သားအလွှာ (muscle layer) (သို့) အပြင်အ လွှာ(serosa) သို့ ရောက်ရှိနေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၄ - ၆ ခုအထိတွင် ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III B ဟု သတ်မှတ်ပါတယ်။ (သို့)

              -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အလယ်အလွှာ(submucosa) (သို့) ကြွက်သားအ လွှာ (muscle layer) သို့ ရောက်ရှိနေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအ ကျိတ် ၇ ခု နှင့် အထက်ထိ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III B ဟု သတ်မှတ်ပါတယ်။

Stage III C        -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa)၏ အပြင်ဘက်အထိပါ ရောက်ရှိနေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၁ - ၃ ခုအထိတွင် ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III C ဟု သတ်မှတ်ပါတယ်။  (သို့)

              -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) (သို့) ၎င်း၏  အပြင် ဘက်သို့ ရောက်ရှိနေပြီး အူမကြီးအပြင်ဘက်တွင်လည်း ပြန်ရည်ကြောအကျိတ် ၇ ခု နှင့် အထက်ထိ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III C ဟု သတ်မှတ်ပါတယ်။  (သို့)

              -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံ၏ အပြင်ဆုံးအလွှာ (serosa) ကို ဖောက်ပြီး အနီးအ နားရှိ အင်္ဂါအစိတ်အပိုင်းများဆီသို့ ရောက်ရှိနေပြီ ဖြစ်သည့်အပြင် အူမကြီးအပြင်ဘက်တွင် လည်း ပြန်ရည်ကြောအကျိတ် ၁ - ၃ ခုအထိတွင်လည်း ကောင်း၊ သို့မဟုတ် ပြန်ရည်ကြော အကျိတ်နားရှိ တစ်သျှူးများတွင်လည်းကောင်း ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage III C ဟု သတ်မှတ်ပါတယ်။ 

Stage IV A         -  ကင်ဆာဆဲလ်များသည် အူမကြီးနံရံတလျှောက်နှင့် အနီးအနားရှိကိုယ်တွင်း အင်္ဂါအစိတ် အပိုင်းများ၊ အနီးရှိပြန်ရည်ကြောအကျိတ်များဆီသို့ ပျံ့န့ှံရောက်ရှိ နေသည့်အပြင် အသည်း(သို့) အဆုတ်(သို့) သားဥအိမ်စသည့် အေ၀းရှိ ကိုယ်တွင်းအင်္ဂါတစ်ခုခုသို့သော် လည်းကောင်း၊ အေ၀းရှိ ပြန်ရည်ကြော အကျိတ် ၁ ခု သို့သော်လည်းကောင်း ကင်ဆာ ဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage IV A ဟု သတ်မှတ်ပါတယ်။  (သို့)

 

Stage IV B         -    ကင်ဆာဆဲလ်များသည် အူမကြီးနံရံတလျှောက်နှင့် အနီးအနားရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၊ အနီးရှိပြန်ရည်ကြောအကျိတ်များဆီသို့ ပျံ့န့ှံရောက်ရှိနေပြီ ဖြစ်သည့်အပြင် အသည်း၊ အဆုတ်၊ သားဥအိမ် စသည့် အေ၀းရှိ ကိုယ်တွင်းအင်္ဂါ တစ်ခုမကထက်သော် လည်းကောင်း၊  ၀မ်းဗိုက်၏ အတွင်းသားနံရံသို့ သော်လည်းကောင်း ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေပါက Stage IV B ဟု သတ်မှတ်ပါတယ်။

 

ရောဂါလက္ခဏာများ

အစောပိုင်း ကင်ဆာအဆင့်များတွင် လူအများစုသည် မည်သည့်ရောဂါလက္ခဏာများကိုမှ ခံစားရခြင်းမရှိ ပါ။ တဖြည်းဖြည်းနှင့် ရောဂါရင့်လာပါက အောက်ပါ လက္ခဏာရပ်များန့ဲ ကြုံတွေ့ရတတ်ပါတယ်။

၁။      ၀မ်းသွားသော အလေ့အထ ပြောင်းလဲလာခြင်း ( ၀မ်းပျက်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းအပျော့အမာ ပြောင်းလဲခြင်း)

၂။      ၀မ်းထဲတွင် သွေးပါခြင်း (သို့) စအိုမှ သွေးယိုခြင်း

၃။      ၀မ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း ၊ ဗိုက်နာခြင်း

၄။      ၀မ်းသွားရာတွင် မ၀ခြင်း

၅။      အားအင်ကုန်ခမ်းခြင်း

 

ရောဂါရှာဖွေ စစ်ဆေးခြင်း

          အူမကြီးကင်ဆာရှိနေကြောင်းကို

၁။      အူမကြီးအတွင်းသို့ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း ( Colonoscopy)

၂။      ၀မ်းဗိုက်ကို CT Scan ရိုက်ပြီး စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။

 

ရောဂါကုသခြင်း

            အူမကြီးကင်ဆာကို ခွဲစိတ်ခြင်းဖြင့်လည်းကောင်း၊ ဓာတ်ရောင်ခြည်ဖြင့်လည်းကောင်း၊ ကင်ဆာဆေးသွင်း ခြင်းဖြင့်လည်းကောင်း၊ ကင်ဆာဆဲလ်များကြီးထွားနှုန်းကို ရပ်တန့်စေသောဆေးများဖြင့်လည်းကောင်း ကုသနိုင်ပါ တယ်။

ရောဂါကုထုံးများသည် ရောဂါ၏ အဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

 

အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ခြင်း

        အူမကြီး ကင်ဆာမျိုးရိုးရှိသူတွေအနေနဲ့ အသက် ၄၅-၅၀ လောက်ကစပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ် သင့်ပါတယ်။

အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချနိုင်ရန်အတွက် အောက်ပါနည်းလမ်းများကို လုပ်ဆောင်ပေးပါ။

၁။       ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို စုံလင်စွာ စားပေးပါ။

၂။       အရက်လျှော့သောက်ပါ။ အမျိုးသားများဆိုလျှင် တစ်နေ့ကို အများဆုံး ၂ ခွက်၊ အမျိုးသမီးများဆိုလျှင် တစ်နေ့ကို အများဆုံး ၁ ခွက် ပဲသောက်ပါ။

၃။       ဆေးလိပ်လုံး၀မသောက်ပါနဲ့။

၄။       တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။

၅။       မပိန်လွန်း မ၀လွန်းစေဘဲ  ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ကြိုးစားပါ။

၆။     Aspirin ၊ Celecoxib စတဲ့ အကိုက်အခဲပျောက်ဆေးတွေက အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို  လျှော့ချပေးပါ တယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား ဖြစ်နိုင်တာကြောင့် ဆရာ၀န်ညွှန်ကြားမှသာ သောက် သုံးသင့်ပါတယ်။

 

အူမကြီးကင်ဆာေ၀ဒနာရှင်များ စားသင့်သည့် အစားအစာများ

        လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ Omega -3 ပါ၀င်သော ငါးများ၊ ကောက်နှံတစ်ခုလုံး ပါ၀င်တဲ့ အစားအစာများနှင့် အဆီထုတ်ထားသော နို့ထွက်ပစ္စည်းများဟာ အူမကြီးကင်ဆာေ၀ဒနာရှင်များ စားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။

 

အူမကြီးကင်ဆာေ၀ဒနာရှင်များ ရှောင်ကြဉ်ရမည့် အစားအစာများ

       အရက်၊ ဆေးလိပ်၊ အဆီများသော အစားအစာ၊ အသင့်စားအစားအစာများ၊ ၀က်ပေါင်ခြောက်၊ ခရက်ကာ၊ ၀က်အူချောင်းကဲ့သို့သော Sodium ဓာတ်များစွာပါ၀င်တဲ့ အစားအစာများကိုတော့ ရှောင်ရှားပေးရမှာ ဖြစ်ပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com