Neisseria meningitidis ကြောင့်ဖြစ်သော ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ
Neisseria meningitidis ဘက်တီးရီးယားပိုးမှာ အုပ်စု၀င်များစွာရှိပြီး ၎င်းတို့ထဲက A, B, C, W, Y ဆိုတဲ့ အုပ်စု၀င် 5 မျိုးဟာ ပိုပြီးကူးစက်မြန်ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေပါတယ်။ ဒါ့အပြင် ရောဂါသိပ်ပြင်းထန်လွန်းရင် သွေးဆိပ်တက်တဲ့အထိဖြစ်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ သွေးဆိပ်တက်ခြင်းဆိုတာ ဘက်တီးရီးယားပိုးမွှားတွေက သွေးစီးကြောင်းအတွင်းသို့ ၀င်ရောက်ကာ ပွားများခြင်းကြောင့် သွေးကြောနံရံများအပါအ၀င် နေရာအန့ှံရှိတစ်သျှူးများ ပျက်ဆီးခြင်းကို ဆိုလိုပါတယ်။
ဒီရောဂါဟာ ရောဂါပိုးရှိသူ၏ နှာရည်၊ ချောင်းဆိုးရာမှ (သို့) စကားပြောရာမှ စင်သောတံထွေး တို့မှတဆင့် အသက်ရှူလမ်းကြောင်းအတွင်းသို့၀င်ရောက်ပြီး ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ Meningococcal ရောဂါဖြစ်နေပြီလို့ သံသယရှိပါက ကုသမှု အချိန်မီခံယူဖို့ အလွန်အရေးကြီးပါတယ်။
ပြင်းထန်သော ရောဂါဖြစ်ပြီး လျင်မြန်စွာသိရှိ၍ ကုသမှုမရရှိလျှင် နာရီအနည်းငယ် အတွင်း အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။
♦ ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ
အသက်အရွယ်မရွေး ရောဂါပိုး၀င်ရောက်ကူးစက် ခံရနိုင်ပြီးကလေးငယ်များနှင့် သက်လတ်ပိုင်းများတွင် အဖြစ် အများဆုံး ဖြစ်ပါတယ်။
ကမ်ဘာ့တ၀ှမ်းလုံးမှာတွေ့ရပေမယ့် meningitis belt (ဦးနှောက်အမြှေးရောင်ရပ်၀န်း) လို့ခေါ်တဲ့ အာဖရိကရှိ Sub Saharan မှာ အများဆုံးဖြစ်တာ ကိုတွေ့ရပါတယ်။ ပူပြင်းတဲ့ရာသီတွင် အများဆုံးဖြစ်လေ့ရှိပြီး ၎င်းဒေသသို့ ခရီးသွားရောက်သူများမှာ ကူးစက်ခံရနှုန်း အမြင့်ဆုံးဖြစ်နေပါတယ်။
♦ ဖြစ်ပွားရတဲ့ အကြောင်းအရင်း
လူ 10 ယောက်မှာ 1 ယောက်က ရောဂါပိုးကို နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းမှာ သယ်ဆောင်ထားပြီး ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ ဒါ့ကြောင့် ထိုသူကိုရောဂါပိုး သယ်ဆောင်ထားသူ (Carrier) လို့ခေါ်ပါတယ်။ Carrier မှတဆင့် အခြားသူများကို ကူးစက်နိုင်ပါတယ်။
အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်ပြီး ရောဂါပိုးကူးစက်ခံရသူနဲ့ တအိပ်ရာတည်းအတူတူအိပ်ခြင်း၊ နမ်းရှုံ့ခြင်း၊ အချိန်အတော်ကြာ တအိမ်တည်း (သို့) လုပ်ငန်းခွင်အတွင်း နီးကပ်စွာ နေခြင်းတို့ဖြင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူရဲ့ နှာရည်၊ တံတွေး စတာတွေနဲ့ ထိတွေ့မိပြီး ရောဂါပိုးကူးစက်ခံရပြီး 3 ရက်မှ 7 ရက်အကြာမှာ ရောဂါလက္ခဏာပြလေ့ရှိပါတယ်။
♦ ရောဂါလက္ခဏာများ
လူကြီးတွေမှာ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း၊ အလင်းရောင်ကို မခံနိုင်ခြင်း၊ မူးေ၀ခြင်း၊ မှိန်းခြင်း တို့ကို ခံစားရနိုင်ပါ တယ်။ ရောဂါပိုပြင်းထန်လာပြီဆိုရင်တော့ အလွန်အမင်းနုံးချိခြင်း၊ အလွန်အမင်းအော့ အန်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ ခိုက်ခိုက်တုန်အောင်ချမ်းခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သားများ အလွန်အမင်း နာကျင်ကိုက်ခဲခြင်း၊ အသက်ရှုနှုန်းမြန်ခြင်း၊ ၀မ်းလျှောခြင်း၊ တက်ခြင်း၊ အနီကွက်ထွက်ခြင်းတို့နဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
အနီကွက်များထွက်လာခြင်းက သွေးဆိပ်တက်နေခြင်းကို ညွှန်ပြနေတာဖြစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အတွက် ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် လိုပါတယ်။
ကလေးငယ်များမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ချင်မှ တွေ့ရနိုင်တာကြောင့် မိဘတွေအနေနဲ့ မိမိကလေးငယ်မှာ မှိန်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အရင်ထက် အစားနည်းသွားခြင်း၊ ပျို့အန်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရှိရပါ က ပေါဆမနေသင့်ပါဘူး။
♦ ရောဂါရှာဖွေခြင်းနှင့် ကုသမှု
သွေးနှင့်ခါးရိုးကြောမကြီးမှ အရည် (CSF) ကိုယူပြီး ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။ Culture မွေးမြူ ခြင်းဖြင့် တိကျတဲ့ ဘက်တီးရီးယားအမျိုးအစားကိုပါ သိနိုင်တာကြောင့် ရောဂါပိုးကိုသတ်နိုင်တဲ့ ပဋိဇီ၀ဆေးရွေးချယ်ရာ မှာ အထောက်အကူပြုပါတယ်။
ကုသမှုအနေနဲ့ ပိုးသတ်ဆေးလို့ခေါ်တဲ့ ပဋိဇီ၀ဆေးတွေပေးပြီး ကုသပါတယ်။ ရောဂါပြင်းထန်နေတာကြောင့် အထူးကြပ်မတ်ကုသဖို့ လိုအပ်ပါတယ်။
ခံစားနေရတဲ့ ရောဂါလက္ခဏာပေါ်မူတည်ပြီး အဖျားကျစေရန် ရေပတ်တိုက်ပေးခြင်း၊ ကိုယ်ပူကျဆေးတိုက် ကျေွးခြင်း၊ အောက်စီဂျင်ပေးခြင်းတို့ကို ပြုလုပ်ရပါတယ်။
♦ ကာကွယ်ခြင်း
1. ကာကွယ်ဆေးထိုးမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်များနဲ့ သေချာတိုင်ပင်သင့်ပါတယ်။ Neisseria Meningitidis ဘက်တီးရီးယားအုပ်စု၀င် A, B, C, W နဲ့ Y (5) မျိုးလုံးကို ကာကွယ်ဆေးတစ်မျိုးတည်းနဲ့ မကာကွယ်နိုင်ပါဘူး။ တချို့ဆေးတွေက Neisseria Meningitidis ဘက်တီးရီးယားအုပ်စု၀င် 1 မျိုး၊ တချို့ဆေးတွေက 2 မျိုးနဲ့ တချို့က 4 မျိုးထိ ကာကွယ်ပေးနိုင်ပါတယ်။
2. ရောဂါဖြစ်ပွားနှုန်းမြင့်တက်နေတဲ့ ဒေသများကို ခရီးသွားမယ်ဆိုပါက ကာကွယ်ဆေးကြိုတင်ထိုးထားပါ။
3. ကူးစက်ရောဂါဖြစ်တာကြောင့် ရောဂါပိုးရှိသူနဲ့အတူနေတဲ့ မိသားစု၀င်များနဲ့ ပြုစုစောင့်ရှောက်ကုသပေးတဲ့ ကျန်းမာရေး၀န်ထမ်းများအနေနဲ့ Rifampiein၊ Ciproflaxacin စတဲ့ ဆေးဝါးများ ကြိုတင်သောက်ထားဖို့ လိုပါတယ်။
4. လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်သေချာစွာဆေးကြောပါ။ ဆပ်ပြာနှင့်ရေမရှိပါက အယ်လ်ကိုဟော 60 % ပါ၀င်သော လက်သန့်စင်ဆေးရည် အသုံးပြုပါ။
5. မျက်လုံး၊ နှာခေါင်း၊ ပါးစပ် တို့ကို လက်ဖြင့် ပွတ်သပ်ခြင်းမပြုပါနှင့်။
6. ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပုဝါ နှင့် အုပ်ပြီးဆိုးပါ။ လက်ကိုင်ပုဝါမရှိလျှင် လက်မောင်းနဲ့အုပ်ပြီး ဆိုးပါ။
7. လူထူထပ်တဲ့နေရာနဲ့ ဖုန်ထူတဲ့နေရာတွေကို သွားတာမျိုးရှောင်ပါ။
8. အကြောင်းတစုံတရာမရှိဘဲ နေမကောင်းဖြစ်နေသူနဲ့ ထိတွေ့ဆက်ဆံခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။
Dr. Htet Htet Aung















