ခွေးရူးပြန်ရောဂါဆိုင်ရာ အသိပညာဟောပြောပွဲများပြုလုပ်မည်
“World Rabies Day” အထိမ်းအမှတ် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာကျန်းမာရေးဟောပြောပွဲများကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆရာ၀န်အသင်း (ဗဟို)၊ မြန်မာနိုင်ငံဆရာ၀န်အသင်းမန္တလေး (ပညာရေး)အဖွဲ့နှင့် သက်ပိုင်စိုးကုမ္ပဏီ တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
နှစ်စဉ် စက်တင်ဘာလ 28 ရက်နေ့သည် ကမ်ဘာ့ခွေးရူးပြန်ရောဂါနေ့ဖြစ်ပြီး အဆိုပါနေ့ရက် ရက်သတ္တပတ်များအတွင်းတွင် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိရာ ခွေးများအား ရောဂါပိုးကာကွယ်ဆေး လိုက်လံထိုးနှံခြင်းအပါအ၀င် ရောဂါ၏ လက္ခဏာရပ်များနှင့် အချက်အလက်များအား ပြည်သူလူထုတစ်ရပ်လုံး ကျယ်ပြန့်စွာသိရှိနိုင်ရန် လုပ်ဆောင်လျှက်ရှိနေရာ ယခုနှစ်တွင်လည်း အသိပညာပေးမှုများ၊ ဆွေးနွေးဟောပြောပွဲများကို လုပ်ဆောင်သွားမည်ဟုသိရသည်။
လာမည့် အောက်တိုဘာလ 1 ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆရာ၀န်အသင်းဗဟိုမှကြီးမှူး၍ သိမ်ဖြူလမ်းရှိ အသင်းခန်းမဆောင် (A) ၌ “World Rabies Day” အထိမ်းအမှတ် ခွေးရူးပြန်ရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်မည်ဖြစ်ကာ ဆေးပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခဒေါက်တာနန်းဖြူဖြူအောင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးတို့က ရောဂါအကြောင်းဟောပြောပေးမည်ဖြစ်သည်။
မန္တလေးမြို့တွင်လည်း အောက်တိုဘာလ၊ 3 ရက်နေ့၊ နံနက် 9 နာရီမှ 11 နာရီအထိ မန္တလေးမြို့ 26 လမ်းနှင့် 71 လမ်းဒေါင့်ရှိ မြို့တော်ခန်းမတွင်ကျင်းပသွားမည်ဖြစ်ကာ “လူတွင်ဖြစ်သောခွေးရူးပြန်ရောဂါ” ခေါင်းစဉ်ဖြင့် မန္တလေး၊ ဆေးတက္ကသိုလ်၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာနမှ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးမျိုးခိုင်က ပြောကြားပေးမည်ဖြစ်ပြီး “တိရိစၧာန်များတွင်ဖြစ်သော ခွေးရူးပြန်ရောဂါ” အကြောင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက အသိပညာပေးဟောပြောပေးမည်ဖြစ်၍ စိတ်ပါ၀င်စားသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်းသိရသည်။
May Su Hlaing















