နိုင်ငံအ၀ှမ်း ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းဗဟိုအဆင့် ဖွင့်ပွဲကျင်းပ
ပြည်သူ့ကျန်းမာရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အစိုးရသစ်လက်ထက်၏ ရက် 100 ကျန်းမာရေးစီးမံကိန်း ထဲတွင် တစ်စိတ်တဒေသပါ၀င်သည့် နိုင်ငံအ၀န်းပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန် အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး (PCV) ကို စတင်ထည့်သွင်းထိုးနှံခြင်းအခမ်းအနားကို ဇူလိုင်လ 7 ရက်နေ့က နေပြည်တော်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အစည်းေ၀းခန်းမတွင် ကျင်းပခဲ့သည်။
ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PCV) စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးကော်မတီမှ လူကြီးများ၊ Gavi, The Vaccine Alliance မှ ကိုယ်စားလှယ်များ၊ WHO and UNICEF အပါအ၀င် အဖွဲ့အစည်းအချို့မှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။
“မြန်မာနိုင်ငံမှာ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျေွးရေးလုပ်ငန်းများကို (1978) ခုနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံမှုကောင်းမွန်စေ ရန် ဆောင်ရွက်နိုင်ခဲ့သလို အခြားကိုယ်၀န်ဆောင်စောင့်ရှောက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် ခဲ့လို့ မြန်မာနိုင်ငံကိုသက္ကရာဇ် (2010) ပြည့်နှစ်မှာ မိခင်နှင့်မွေးကင်းစကလေး မေးခိုင်ရောဂါ ကို ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းေ၀းကြောင်း ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြှင့်တင်နိုင်ရေးနှင့် ရောဂါပျံ့နှံ့ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ်များကို ရက် 100၊ 6 လအတွင်းနှင့် 12 လအတွင်း စီမံချက်များရေးဆွဲပြီးဆောင်ရွက်လျှက်ရှိပါတယ်။
ဒီနေ့ဆိုရင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ရက် (100) စီမံချက်မှာ ဆောင်ရွက်ရန်ရှိတဲ့ လုပ်ငန်းတွေထဲက အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PCV) ကာကွယ်ဆေးအသစ် ထည့်သွင်းထိုးနှံခြင်းကို ကျွန်တော်တို့ရည်မှန်းထားတဲ့အတိုင်း နိုင်ငံတစ်၀ှမ်းလုံးမှာ ဆောင်ရွက်နိုင်ပြီဖြစ်ပါ တယ်။” ဟု အားကစားနှင့် ကျန်းမာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။
PCV ကာကွယ်ဆေးကို အသက် 2 လအရွယ်ကလေးမှစ၍ 4 လ၊ 6 လ စသဖြင့် သုံးကြိမ်တိုင်ထိုးနှံပေးရမည်ဖြစ်ပြီး ကလေးများအတွင်းကူးစက်ရောဂါကြောင့်ဖြစ်သော သေဆုံးမှု၊ မသန်စွမ်းဖြစ်စေနိုင်မှုများကို လျော့ချပေးနိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေဖြင့်လည်း နောက်ထပ်ရောဂါကာကွယ်ဆေး 2 မျိုးဖြစ်သော ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် (Rota Virus) ၀မ်းပျက်၀မ်းလျောရောဂါကာကွယ်ဆေးများ ထပ်မံထည့်သွင်းပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေခြင်းများလည်းရှိနေသည်ဟု သိရသည်။
May Su Hlaing (Dr Myanmar)















