မိန်းမသားတို့သိအပ်သည့် ရာသီသွေးဆင်းခြင်းအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
အမျိုးသမီးတိုင်းအတွက် Eposoft မှ စီစဉ်ဆောင်ရွက်သည့် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်၏ ''မိန်းမသားတိုင်းသိသင့်တာ ရာသီ(သို့မဟုတ်)ဓမ္မတာ''အမည်ဖြင့် ကျင်းပသည့် ကျန်းမာရေးဟောပြောပွဲကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ကျန်းမာရေးဟောပြောပွဲသို့ အမျိုးသမီးကြီးငယ်လတ်မရွေး စုံလင်စွာတက်ရောက်ခဲ့ကြပြီး မိမိတို့၏ကျန်းမာရေးပြသနာများကိုလည်း ဆရာကြီးအား တိုက်ရိုက်မေးမြန်းကာ ဆရာကြီးမှ စုံလင်စွာပြန်လည်ဖြေကြားပေးခဲ့သည်။
အမျိုးသမီးတိုင်းသည် အပျိုဖော်ဝင်စအသက်အရွယ် 11နှစ် မှ 13နှစ်-14နှစ်အတွင်း ရာသီသွေးဆင်းခြင်းကို စတင်ကြုံတွေ့ကြရလေ့ရှိပြီး ပထမဆုံးရာသီလာသည့်အသက်အရွယ်မှာ တစ်ဦးနှင့်တစ်ဦးမတူကြသကဲ့သို့ ရာသီလာသည့်ရက်များအနေနှင့်လည်း အနည်းဆုံး 3ရက်မှ အများဆုံး 7ရက်အထိဖြစ်ကြကာ ရာသီသွေးအနေဖြင့်လည်း လက်ဖက်ရည်ပန်ကန်လုံးငယ် တစ်လုံးစာအနည်းဆုံး 40 cc မှ အများဆုံး 80 cc အထိရှိတတ်ပြီး ထိုပမာဏထက် နည်းခြင်းနှင့်များခြင်းဖြစ်နေပါက ပုံမှန်မဟုတ်ကြောင်းသတိပြုကာ ဆရာဝန်နှင့်ပြသတိုင်ပင်သင့်ကြောင်း သိရသည်။ ရာသီလာခြင်းက 3ရက်မှ 7ရက်ထက်လျော့နည်းခြင်း၊ ပိုမိုခြင်းများဖြစ်ပါက သားအိမ်အတွင်း သွေးလုံးလေးများဖြစ်နေခြင်း၊ ဟော်မုန်းများပြောင်းလဲခြင်းစသဖြင့်အမျိုးမျိုးဖြစ်နိုင်ခြင်းကြောင့် သေချာစွာစစ်ဆေး၍ ဆေးကုသမှုခံယူရန် လိုအပ်နေပြီဖြစ်ကြောင်း သိနိုင်သည်။
ရာသီလာခြင်းက မိန်းကလေးများအတွက် ကျန်းမာရေးကိစ္စတစ်ခုဖြစ်သကဲ့သို့ အခက်အခဲများလည်းဖြစ်တတ်ရာ ဥပမာအားဖြင့်စာမေးပွဲဖြေချိန်ရာသီလာသည့်အတွက် စိတ်အနှောက်အယှက်ဖြစ်ခြင်းရှိတတ်သည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုချိန်ရာသီလာခြင်းအား ရပ်တန့်ထားပြီး စာမေးပွဲဖြေဆိုမှုအားလုံးပြီးဆုံးချိန်မှသာ ရာသီပြန်လာစေရန်ရာသီလာခြင်းအား နောက်သို့ရွှေ့နိုင်သည့်နည်းလမ်းများလည်းရှိကြောင်း သိရသည်။ အများအားဖြင့် ထိုသို့ရာသီသွေးဆင်းခြင်းအတွက် နေ့ရက်ကိုပုံမှန်ထက်ရှေ့တိုးခြင်း (သို့) နောက်ဆုတ်ခြင်းများကို ဟော်မုန်းပါဝင်သည့် သောက်ဆေးများသောက်၍ လိုသလိုပြုလုပ်နိုင်သဖြင့် ဆရာဝန်နှင့်ပြသကာ ဆောင်ရွက်နိုင်ပါသည်ဟု ဆရာကြီးဒေါက်တာစိုးလွင်က စာမေးပွဲဖြေဆိုကြမည့်ကျောင်းသူများရာသီလာခြင်းကြောင့် အခက်အခဲမတွေ့နိုင်စေရန် အကြံပေးပြောကြားခဲ့သည်။
''သားအိမ်နဲ့ပတ်သက်ပြီးဖြစ်တဲ့ကင်ဆာက၂မျိုးခွဲထားတယ်။သားအိမ်ကိုယ်ထည်ကင်ဆာနဲ့သားအိမ်ခေါင်းကင်ဆာရယ်ဆိုပြီးရှိပါတယ်။ သားအိမ်ကိုယ်ထည်ကင်ဆာက သားအိမ်ရဲ့အပေါ်ပိုင်းမှာဖြစ်တာပါ။ အဲ့ဒီ့ကင်ဆာက အသက်ကြီးကြီးတွေမှာဖြစ်တတ်တယ်။ သွေးဆင်းတဲ့ လက္ခဏာရှိတယ်။ မျိုးရိုးလိုက်တတ်တယ်။ သားအိမ်ခေါင်းကင်ဆာက မျိုးရိုးမလိုက်ဘူး။ HPVလို့ခေါ်တဲ့ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ များသောအားဖြင့် လိင်ဆက်ဆံရာကနေ တဆင့်ဆက်ပြီးတော့ဖြစ်တယ်။ အဲ့ဒီတော့ရာသီဆင်းတဲ့ကိစ္စတွေမှာ ရာသီမမှန်တာ၊ သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ အဖြူအပုတ်တွေဆင်းတာ အဲ့ဒါမျိုးဆိုရင် သေချာဂရုပြုဖို့လိုပြီ။ ရာသီတွေ ကမောက်ကမပုံမမှန်တာတွေဖြစ်ပြီဆိုရင် ဒီရောဂါတွေဖြစ်နိုင်ပါလားပေါ့။ ပြီးတော့ဆရာဝန်နဲ့စောစောစီးစီးပြသပြီးတော့ ဆေးကုသမှုခံယူတာ တစ်ခါတလေကျရင် နောက်ကျပြီးမှ ရောဂါဖြစ်တာသိနေတာတွေဆရာတို့ဆီမှတွေ့ရတယ်။ တစ်ချို့က နောက်ကျပြီးမှ ရောက်လာလို့ အင်မတန်စိတ်မကောင်းဖြစ်ရတယ်။ စောစောသိရင်ကုသဖို့လွယ်တယ်။ သားအိမ်ခေါင်းကင်ဆာက ကြိုတင်ကာကွယ်လို့လည်း ရနေပြီ။ သားအိမ်ခေါင်းအချွဲလေးကို အချိန်မှန်မှန်စစ်ဆေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာမဖြစ်ခင် အကြိုအဆင့်တွေကိုလည်း သိနိုင်မယ်။ ဒါဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့အထိ ရောက်မှာမဟုတ်ဘူး ''ဟု ဒေါက်တာစိုးလွင်က ဆက်လက်ပြောကြားခဲ့သည်။
May Su Hlaing















