မြန်မာနိုင်ငံဆရာ၀န်အသင်းစာရေးဆရာ ဆရာ၀န်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၊ စာပေဆုရ စာရေးဆရာဆရာ၀န်များအား ဂုဏ်ပြုပွဲနှင့် စာပေဟောပြောပွဲပြုလုပ်
မြန်မာနိုင်ငံဆရာ၀န်အသင်းစာရေးဆရာ ဆရာ၀န်အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၊ စာပေဆုရ စာရေးဆရာ ဆရာ၀န်များအား ဂုဏ်ပြုပွဲနှင့်စာပေဟောပြောပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာ၀န်အသင်းခန်းမ၌ 30 ရက်၊ ဇူလိုင်၊ 2016 နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
စာရေးဆရာဆရာ၀န်အသင်း၏ နှစ်ပတ်လည်ညီလာခံကို အဖွဲ့ဥက္ကဌမှ ဒေါက်တာသန်းထွဋ် (လင်း - ဆေး 1) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှုများ ကိုပြောကြားခြင်း၊ ငွေ စာရင်းရှင်းတမ်းများတင်သွင်းခြင်းနှင့် အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် 2014 ခုနှစ်အတွက် ကြေငြာခဲ့သောစာပေဆုများအနက်မှ 14 ကြိမ်မြောက် ဆရာ၀န် တင်ရွှေစာပေဆုရ ဆရာထက်အောင် (ဗန်းမော်) ၏ တောဆရာ၀န်၀တၳုတိုပေါင်းချုပ်နှင့် 2014 ထွန်းဖောင်ဒေးရှင်းစာပေဆုရ ဒေါက်တာလွှမ်းမိုးဟန်၏ ကင်ဆာဆောင်ထဲလမ်းလျှောက်ခြင်း တို့ကို ရေးသားခဲ့သော စာရေးဆရာ ဆရာ၀န်နှစ်ဦးအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းပြုလုပ်ခဲ့ပြီး စာပေဟောပြောပွဲကို ဆက်လက်ကျင်းပရာ စာရေးဆရာဂျိုဇော်နှင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့မှ စာပေ၏အနှစ်သာရများအကြာင်းကို ဟောပြောပေးခဲ့သည်။
“လူငယ်တွေစာဖတ်တဲ့နေရာမှာ တစ်ချို့မိဘတွေကခွဲခြားပြီး ဝတၳုတွေမဖတ်နဲ့ စသဖြင့်ကန့်သတ်ကြတယ်။ ဒါတွေဖတ်ရင်အိမ်ထောင်စောစောကျမယ်စသဖြင့် ထင်မြင်လေ့ရှိကြပါတယ်။ ကျွန်မတို့အနေနဲ့ စာပေဖန်တီးမှုဆိုင်ရာမှာ အများကြီးတွေးစေချင်ပါတယ်။ အများကြီးလည်းရှိပါတယ်။ သာမာန်တောရွာကမိဘတွေပြောသလို စာဖတ်ရင်စောစောအိမ်ထောင်ကျမယ်ဆိုရင် ကျွန်မတစ်သက်လုံး စာဖတ်လာတာ ခုထိလည်းအိမ်ထောင်မကျသေးပါဘူး။ တစ်ကယ်တမ်းက စာမဖတ်တတ်သူများကရော အိမ်ထောင်မပြုတော့ဘူးတဲ့လား။ တစ်ကယ်တမ်းတော့ စာမတတ်တဲ့သူတွေက ပိုလွယ်လွယ်နဲ့အရာရာကိုဆုံးဖြတ်ပါတယ်။ ကျွန်မကို ဆရာလင်း (ဆေး 1) နဲ့ ဆရာမဂျူး ကလာပြီးပြောပေးပါလို့ ဆိုတဲ့အချိန်မှာ စာရေးဆရာဆရာဝန်အဖွဲ့ဆိုတာကို ကျွန်မအင်မတန်စိတ်ဝင်စားပါတယ်။ တစ်ကယ်တမ်းကျွန်မတို့ဆီမှာ ရသစာပေပုံစံမျိုးစုံကိုရေးသားနေတဲ့ စာရေးဆရာဆရာဝန်တွေ အများကြီးရှိပါတယ်။ ကျွန်မတို့ရဲ့လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို အကောင်းဆုံးကျင့်သုံးခြင်းအားဖြင့် အကောင်းဆုံးလေ့ကျင့်ခြင်းအားဖြင့်သာ ရေရှည်မှာကျွန်မတို့ ပဉ္စမမဏ္႑ိုင်ကိုအားရှိအောင်လုပ်ရမှာပါ။ အဲ့ဒီ့အခါမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္႑အင်မတန်မှအရေးကြီးပါတယ်။ အဲ့ဒီ့အတွက် ကျွန်မတို့ဆရာဝန်တွေ ဘာလို့မပြင်ဆင်နိုင်ရမှာလဲ။ ဘာဖြစ်လို့ရှေ့ကဦးမဆောင်နိုင်ရမှာလည်း။ ကျွန်မတို့နိုင်ငံက ပညာရေးစနစ်အားနည်းချက်ကြောင့် လူတိုင်းလည်းစာမဖတ်နိုင်ခဲ့ပါဘူး။ ဖြစ်နိုင်ရင်လူတိုင်းကို စာဖတ်စေချင်ပါတယ်။” ဟု စာရေးဆရာဆရာမ မသီတာ (စမ်းချောင်း) ကပြောကြားခဲ့သည်။
May Su Hlaing















