မြန်မာနိုင်ငံ၏နို့ထွက်ပစ္စည်း ဈေးကွက်ကဏ္႑မှာ တိုးတက်မှုတွေရှိလာခြင်းကြောင့် Friesland Campina မှ ဖြန့်ချိရေးစနစ်သစ်ဖြင့် မြန်မာ့ဈေးကွက်တွင်အားဖြည့်မြှုပ်နှံ
နယ်သာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစုတစ်ခုဖြစ်သော Royal Friesland Campina သည် ထိပ်တန်းနို့ထွက်ပစ္စည်း အမှတ်တံဆိပ်များဖြစ်ကြသည့် Dutch Lady, My Boy, Falcon, Ship, Foremost နှင့် Yomost တို့ကိုမြန်မာနိုင်ငံတဝှမ်းသို့ဖြန့်ချိနေပြီး စားသုံးသူများထံ ပိုမိုထိရောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရန် ရည်ရွယ်၍ မြန်မာ့ဈေးကွက်တွင် အားဖြည့်မြှုပ်နှံရန်လုပ်ဆောင်ထားကြောင်းသိရသည်။
“မြန်မာနိုင်ငံရဲ့ နို့ထွက်ပစ္စည်းဈေးကွက်ကဏ္႑မှာ တိုးတက်မှုတွေရှိလာတာကြောင့် ကျွန်တော်တို့လည်း စိတ်လှုပ်ရှားမိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့အရည်သွေးမြင့် ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုများပြားတဲ့ စားသုံးသူတွေဆီ ရောက်ရှိနိုင်စေဖို့ နိုင်ငံတစ်ဝှမ်းက ကျွမ်းကျင်တဲ့ဖြန့်ချိရေးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ နို့သောက်သုံးခြင်းကရတဲ့ အကျိုးကျေးဇူးများကို လူအများပိုမိုသိမြင်နိုင်စေအောင်ပြုလုပ်သွားမှာဖြစ်ပြီး၊ မကြာမီအချိန်အတွင်း သစ်လွင်တဲ့နည်းပညာမြင့်ထုတ်ကုန်တွေကိုလည်း ဈေးကွက်ထဲကိုယူဆောင်လာတော့မှာဖြစ်ပါတယ်။” Friesland Campina မြန်မာ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ Pascal Bardouil က ပြောကြားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း 140 ကျော်ကတည်းကတည်ရှိခဲ့သည့် မိရိုးဖလာလုပ်ငန်းစုအားဆက်ခံ၍ ချဲ့ထွင်လုပ်ဆောင်ခဲ့ပြီး Friesland Campina တွင် နယ်သာလန်၊ ဂျာမနီနှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ရှိ လယ်သမား 19,000 ကျော်က ပူးပေါင်းပါဝင်လုပ်ဆောင်နေကြသည်။ ကုမ္ပဏီမှ ယနေ့ ကမ်ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 100 ကျော်မှ စားသုံးသူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် နိို့ထွက်ပစ္စည်းများ၏ အရည်အသွေး၊ စိတ်ချရမှုနှင့် ရေရှည်တည်တံ့မှုကို အာမခံချက်ပေးရာတွင် အားဖြည့်ပေးနေကြောင်းသိရသည်။
FrielsandCampina ၏ ပြည်တွင်းအရောင်းမန်နေဂျာဖြစ်သူ ဦးဇော်ထွန်းဦးက “ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက် နိုင်ငံအတွင်းက နာမည်ကောင်းရှိတဲ့ ဖြန့်ချိရေးသများတွေနဲ့ အထူးသီးသန့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ယခု 2017 ခုနှစ်အတွင်းမှာ ဖြန့်ချိရေးပါတနာသစ် 12 ဦး ခန့်အပ်ခဲ့ပြီး ထပ်တိုးခန့်အပ်သွားဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ခန့်အပ်ထားတဲ့ ဖြန့်ချိသူတွေကလွဲပြီး Friesland Campina က ကုန်ပစ္စည်းတွေကို တခြားမည်သည့်ဖြန့်ချိသူကိုမှ ဖြန့်ဖြူးရောင်းချခွင့်မပေးရသေးပါဘူး။” ဟု ပြောကြားခဲ့သည်။
May Su Hlaing















