ရန်ကုန်အပါအ၀င် တိုင်းဒေသကြီး 5 ခုကို ငှက်ဖျားကူးစက်ပြန့်ပွားမှု မရှိနိုင်သောနေရာများအဖြစ် 2020 ခုနှစ်တွင် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေ
မြန်မာနိုင်ငံသည် လွန်ခဲ့သော 10 နှစ်အတွင်းက အာဆီယံနိုင်ငံများအကြားတွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးနိုင်ငံတွင် ပါ၀င်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှုမရှိသော မြို့နယ်များ ရှိလာပြီ ဖြစ်သဖြင့် ငှက်ဖျားရောဂါကို 2030 ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်၀ှမ်း ကူးစက်ပြန့်ပွားခြင်းမရှိအောင် မျှော်မှန်းထားပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် တိုင်းဒေသကြီး 5 ခုကို ငှက်ဖျားကူးစက်ပြန့်ပွားမှု မရှိနိုင်သောနေရာများအဖြစ် 2020 ခုနှစ်တွင် သတ်မှတ်နိုင်ရန် ဆောင်ရွက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာဦးသာထွန်းကျော်က ပြောသည်။
"ဆရာတို့ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ 10 နှစ်လောက်ကအထိ အာဆီယံနိုင်ငံတွေထဲမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု အများဆုံးနိုင်ငံထဲမှာ ပါခဲ့ပါတယ်။ ဆရာတို့အနေနဲ့ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ 10 နှစ်ကာလက နိုင်ငံအတွင်းမှာ ငှက်ဖျားရောဂါက လူဦးရေ 1 သိန်းမှာ ရောဂါဖြစ်ပွားတဲ့ အခြေအနေက 1700 လောက်အထိ ဖြစ်ခဲ့တယ်။ သေဆုံးရတဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်။ ဒါက လွန်ခဲ့တဲ့ 10 နှစ်ကကို ပြောခြင်းပါ။ ငှက်ဖျားရောဂါက ဘယ်လိုနေရာမျိုးမှာ ပိုဖြစ်လဲဆိုတော့ တောတောင်နဲ့ ဆက်စပ်ပြီး အများဆုံးရှိတဲ့ နယ်စပ်တွေမှာ အဖြစ်များတယ်။ ဒါကြောင့် ဆရာတို့က ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို ဆောင်ရွက်တဲ့အခါမှာ border malaria အတွက်လည်း ငှက်ဖျားရောဂါ တိုက်ဖျက်တဲ့အခြေအနေတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဆရာတို့အနေနဲ့ ဆရာတို့သုံးနေတဲ့ ငှက်ဖျားဆေးတွေကို ဆေးယဉ်ပါးလာတဲ့ ငှက်ဖျားရောဂါပိုးတွေ ဆရာတို့နိုင်ငံမှာ စတင်ဖြစ်ပေါ်တယ်။ အဲ့ဒီ့အတွက်လည်း ဆေးယဉ်ပါး ငှက်ဖျားရောဂါပိုးကို မပြန့်ပွားအောင် project အနေနဲ့ ဆောင်ရွက်ခဲ့ရတာတွေ ရှိတယ်။ အခု ဆရာတို့နိုင်ငံထဲမှာ ပြန်ကြည့်လိုက်ရင် ငှက်ဖျားရောဂါကြောင့် သေဆုံးမှု လုံး၀မရှိတဲ့မြိုနယ်တွေ ဆရာတို့ပြောရရင် 0 malaria test တွေ အများကြီး ဖြစ်ပါတယ်။ အများကြီး ရှိလာပါပြီ။ အဲ့ဒီ့တော့ ဆရာတို့ အခုချိန်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ကျဆင်းလာတဲ့အတွက် ကျလာလေလေ ဆရာတို့ ငှက်ဖျားရောဂါကို အမြစ်ပျက် ချေမှုန်းဖို့ malaria elimination အတွက် ဆရာတို့ စီစဉ်ဆောင်ရွက်ပါတယ်။ အဲ့ဒီ့အတွက် လက်ရှိအနေအထားမှာ ဆရာတို့ရဲ့ target က တစ်နိုင်ငံလုံးမှာ malaria elimination ရဖို့အတွက် 2030 အထိ ဆရာတို့ target ထားပါတယ်။ သို့သော်လည်း ဆရာတို့ရဲ့ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ ငှက်ဖျားရောဂါ အဖြစ်ပွားမှုနည်းတဲ့ တိုင်း 5 တိုင်းကိုတော့ ရန်ကုန်တိုင်း အပါအ၀င်ပေါ့နော်။ တိုင်းကြီး 5 တိုင်းကိုတော့ 2020 မှာ malaria elimination ရဖို့အတွက် ဆရာတို့ စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ malaria elimination လို့ ပြောလိုက်တာက ဘာလဲဆိုတော့ အဓိက,က ဒီဒေသမှာ ငှက်ဖျားရောဂါ ကူးစက်မှုပြန့်ပွားမှု 0 (zero) လုံး၀မရှိအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါကို malaria elimination ရခြင်းလို့ ဆရာတို့ သတ်မှတ်ပါတယ်။ အဲ့လိုရဖို့အတွက် ဆရာတို့ မန္တလေးတိုင်းအောက်ဘက်ကို ဆင်းလာလို့ရှိရင် မကွေးတိုင်းမှာ ဆရာတို့ အနောက်ဘက်အခြမ်း မပါ,ပါဘူး။ ဧရာ၀တီမြစ်ရဲ့ အရှေ့ဘက်အခြမ်း ဖြစ်ပါတယ်။ ပြီးရင် ဆရာတို့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းပါ တိုင်းကြီး 5 တိုင်းကို malaria elimination လို့ခေါ်တဲ့ ငှက်ဖျားရောဂါကူးစက်မှု လုံး၀မရှိတဲ့တိုင်းတွေ ဖြစ်ဖို့အတွက် ဆရာတို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဲ့ဒါက ဆရာတို့ရဲ့ target ဖြစ်တဲ့အတွက် ဆရာတို့ 2020 ကို ဆရာတို့ ရည်ရွယ်ပါတယ်။ အဲ့ဒီတော့ ဆရာတို့ ရန်ကုန်တိုင်းအနေနဲ့ ပြန်ကြည့်လို့ရှိရင် ရန်ကုန်မြို့ပေါ်မှာ ငှက်ဖျားဖြစ်ပွားမှု အရင်ထဲက မရှိပါဘူး။ ဘာဖြစ်လို့လဲလို့မေးရင် ရန်ကုန်မြို့ပေါ်မှာ ငှက်ဖျားရောဂါကူးစက်မှု ဖြစ်ပွားနိုင်တဲ့ အနောဖီးလစ်ခြင်ပေါက်ဖွားမှု မရှိလို့ပါ။ ဒါကြောင့် ရန်ကုန်မြို့ပေါ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှု ကူးစက်မှု မရှိနိုင်ဘူးလားမေးရင် ဆရာက ကူးစက်မှုမရှိဘူးလို့ ပြောပေမယ့် ငှက်ဖျားရောဂါဖြစ်တဲ့လူ ရှိနိုင်တယ်။ သို့သော်လည်း ငှက်ဖျားရောဂါ ဖြစ်တဲ့လူတွေ ရန်ကုန်တိုင်းထဲက ကူးစက်တာ မဟုတ်ဘူး။ ဒါကြောင့်လည်း ငှက်ဖျားရောဂါ ကူးစက်နိုင်တဲ့ဒေသ ဥပမာ - ဖားကန့်လိုနေရာမျိုးမှာ ကျောက်သွားတူးတဲ့သူတွေ အဲ့ဒီ့က ငှက်ဖျားရပြီးတော့ ရန်ကုန်ကို ပြန်လာတဲ့လူနာပဲ ဖြစ်ဖို့များတယ်။ ရန်ကုန်တိုင်းထဲမှာတော့ ကူးစက်မှု လုံး၀မရှိပါဘူး။ အဲ့ဒီတော့ ရန်ကုန်သည် ကူးစက်မှုမရှိဘူး။ သို့သော်လည်း ရန်ကုန်တိုင်းထဲမှာရှိတဲ့ တချို့သောမြို့နယ်တွေက တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ အခုနက ဆရာတို့ပြောနေတဲ့ ကြီးသုံးကြီးပါ။ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဒါသည် အလယ်ရိုးမနဲ့ ဆက်စပ်နေတဲ့ဒေသတွေပါ။ အဲ့ဒီ့နေရာမှာတော့ ငှက်ဖျားရောဂါ ကူးစက်မှု ရှိခဲ့ပါတယ်။ သို့သော်လည်း ဆရာတို့ အရင်တုန်းက ငှက်ဖျားရောဂါကြောင့် အဲ့ဒီ့ဒေသတွေမှာ ဖြစ်လည်းဖြစ်တယ်။ သေလည်း သေတယ်။ 2015 ခုနှစ်ကနေစပြီးတော့ ကြီးသုံးကြီး အဲ့ဒီ့နေရာတွေမှာ malaria ကြောင့် သေဆုံးမှု လုံး၀မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ငှက်ဖျားရောဂါကို နံပါတ် 1 ကာကွယ်ဖို့ ကြိုးစားပါတယ်။ အဲ့လိုကာကွယ်ဖို့ ကြိုးစားတဲ့နေရာမှာ ဆရာတို့သုံးတဲ့ လက်နက်ကတော့ အဓိက,ကတော့ ဆေးစိမ်ခြင်ထောင်ပဲ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါ ကူးစက်စေတဲ့ခြင်ဟာ အထူးသဖြင့်တော့ ညဘက်ကိုက်တာ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်တဲ့ခြင် အကိုက်မခံရအောင် ပထမဦးစွာ လုပ်တာပဲဖြစ်ပါတယ်။ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ခြင်းသည် ငှက်ဖျားရောဂါကို ကာကွယ်မှုများစွာ ပေးနိုင်တဲ့အတွက် ဆရာတို့ ငှက်ဖျား ကူးစက်တဲ့ဒေသတွေမှာ ဆေးစိမ်ခြင်ထောင် ပထမဆုံးဖြန့်ေ၀ပြီးတော့ ကာကွယ်မှုလုပ်ငန်း လုပ်ပါတယ်။ ငှက်ဖျားရောဂါ ဖြစ်ပွားရင်တော့ ဆရာတို့က ပထမဦးဆုံး စောစောစီးစီး ငှက်ဖျားလို့ သိရမယ်။ ပြီးရင် ထိထိရောက်ရောက် ကုရမယ်။ ဒီ stragy နဲ့ ဆောင်ရွက်တယ်။ အဲ့ဒီတော့ ဆရာတို့က လူထုတွေကို တစ်ခါတည်း အသိပေးထားတာ ရှိတယ်။ ဘာလဲဆိုတော့ စဖျားပြီးတော့ 24 နာရီအတွင်းမှာ ငှက်ဖျားလို့ သိပြီးတော့ ငှက်ဖျားဆေးသာ ထိထိရောက်ရောက် သောက်လိုက်ရရင် ငှက်ဖျားရောဂါကြောင့် လုံး၀အသက်ဆုံးရှုံးမှု မရှိဘူးဆိုပြီးတော့ အသိပေးထားပါတယ်။ အဲ့ဒီ့အတွက် 4 နာရီအတွင်းမှာ ကုသမှု ရဖို့အတွက် ဆရာတို့ဘက်ကလည်း အားစိုက်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေ ရှိပါတယ်။ အဲ့ဒါဟာ ဘာလဲဆိုတော့ ဆရာတို့မှာ ကျေးလက်တောရွာတွေမှာ တာ၀န်ထမ်းဆောင်တဲ့ ဆရာတို့ရဲ့ အခြေခံကျန်းမာရေး၀န်ထမ်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း ဆရာတို့ ၀န်ထမ်းတိုင်း ရွာတိုင်းရွာတိုင်းကို cover မဖြစ်နိုင်တဲ့အတွက် ဆရာတို့ ငှက်ဖျားရောဂါတွေ့တဲ့ ဒေသတွေမှာ၊ ရွာတွေမှာ ဆရာတို့ malaria volunteer တွေ မွေးပါတယ်။ အဲ့ဒီ့ရွာက ရွာသားရွာသူတွေကို စုဆောင်ပြီးတော့ သူတို့ကို ငှက်ဖျားရောဂါနဲ့ ပတ်သက်တဲ့ အသိပညာတွေ ပေးတယ်။ ငှက်ဖျားရောဂါ စစ်ဆေးပေးတဲ့ပညာတွေ သင်ပေးတယ်။ ပြီးရင် စစ်ဆေးလို့ရတဲ့အဖြေကို ငှက်ဖျားရောဂါဖြစ်ခဲ့ရင် ဘယ်လိုကုသရမယ်ဆိုတဲ့ ကိစ္စတွေကိုပါ ဆရာတို့က သင်ပေးပြီးတော့ သင်တန်းပြီးစီးတဲ့အခါ ရွာပြန်ပြီးတော့ ငှက်ဖျားရောဂါကို အမြန်ကုနိုင်တဲ့နည်းတွေ တစ်ခါထဲ ပေးလိုက်ပါတယ်။ ဆရာတို့က သူတို့ပြန်ရင် ငှက်ဖျားရောဂါ ဘယ်လိုကုရမလဲဆိုတဲ့ ဆေးဝါးတွေပါ တစ်ခါထဲ ပေးလိုက်တယ်။ အဲ့ဒီတော့ ရွာထဲမှာ ဖျားခဲ့ရင် သူရဲ့ရွာထဲမှာရှိတဲ့ volunteer က ငှက်ဖျားရောဂါကို ကုသဖို့ ချက်ချင်းမြန်မြန်ဆန်ဆန် သိနိုင်ပြီးတော့ ထိရောက်တဲ့ကုသမှုကို 24 နာရီအတွင်း ရခဲ့တဲ့အတွက် ဆရာတို့မှာ ငှက်ဖျားကြောင့် သေဆုံးမှုက သိသိသာသာ ကျဆင်းသွားမှာပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ 2015 ကနေစပြီးတော့ ငှက်ဖျားရောဂါက 0 ဖြစ်သွားပါပြီ။ ဒါကြောင့် ဆရာတို့က ဆရာတို့ရဲ့ အခုနကပြောခဲ့တဲ့ ဆေးစိမ်ခြင်ထောင်လုပ်ငန်းရယ်၊ ကုသတဲ့ဆရာတို့ရဲ့ နည်းလမ်းအရ ကျန်းမာရေး၀န်ထမ်း မလုံလောက်ရင် လူထုရဲ့ malaria volunteer တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်နေတယ်။ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကလည်း သိသိသာသာ ကျဆင်းပြီးတာ့ ငှက်ဖျားရောဂါ ထိထိရောက်ရောက် လျှော့ချနိုင်တယ်ဆိုတဲ့ ကိစ္စလေး အောင်မြင်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာ ပြောချင်တာက ဆရာတို့ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုက အင်မတန်မှ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဆရာတို့ ကျန်းမာရေး၀န်ကြီးဌာနအနေနဲ့ ကျန်းမာရေး၀န်ထမ်း တစ်အုပ်စုထဲနဲ့ ဒီလုပ်ငန်းကို ဆောင်ရွက်လို့မရပါဘူး။ ပြည်သူလူထုကိုယ်တိုင်ကိုက ဆရာတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆရာတို့ရဲ့ malaria volunteer များဟာ အင်မတန်အားကိုးရတဲ့ ဆရာတို့ရဲ့ လက်တွဲဖော်ပါတနာတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အားကြောင့်ပါ။ သူတို့ကိုတော့ ဆရာတို့က ဆေးဝါးတွေရော၊ အခုနကပြောတဲ့ technical တွေရော ဆရာတို့ဘက်က support လုပ်ပေးရပါတယ်။ ပြီးရင် သူတို့ဆီက report ယူတယ်။ 1 လ 1 ကြိမ်၊ 3 လ 1 ကြိမ်၊ 6 လ 1 ကြိမ် ဆရာတို့နဲ့ သေချာတွေ့ပြီးတော့ သူတို့မှာ လိုအပ်နေတဲ့ဆေးဝါးတွေ အခုနကပြောတဲ့ နည်းစနစ်နဲ့ test တွေကိုလည်း ပံ့ပိုးပေးရတဲ့အခြေအနေ ရှိတယ်။ ဒါကြောင့် ဆရာတို့နဲ့ ပြည်သူလူထု ပူးပေါင်းပြီးတော့ လက်တွဲဆောင်ရွက်နေတဲ့ အခြေအနေမှာ ငှက်ဖျားကြောင့် သေဆုံးမှု တော်တော့်ကို သိသိသာသာ ကျဆင်းသွားပါပြီ။ ငှက်ဖျားကြောင့် သေဆုံးမှု လုံး၀မရှိတော့တဲ့နယ်တွေ အများကြီး ဖြစ်လာပါပြီ"ဟု ဒေါက်တာဦးသာထွန်းကျော်က ပြောသည်။
May Su Hlaing (www.drmyanmar.com)















