လူကုန်ကူးခံရပြီး နေရပ်သို့ပြန်လာသူများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်မှုနှင့် World Vision (မြန်မာ) လူကုန်ကူးမှုအဆုံးသတ်ရေးစီမံချက်မှ ကြီးမှူ း၍ နေရပ်ထံပြန်လာသူများတွေ့ဆုံပွဲကို ရန်ကုန်မြို့ အလုံလမ်းရှိ (Summit Parkview) ဟိုတယ်ခန်းမ၌ 2016 ခုနှစ်၊ မေလ၊ 3 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့လူကုန်ကူးမှု တားဆီးကာကွယ်ရေးမှ တာဝန်ရှိသူများ World Vision Myanmarမှ တာဝန်ရှိသူများ၊ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
လူကုန်ကူးခံရခြင်းသည် အကြောင်းအရင်းအမျိုးမျိုးရှိနေပြီး အဓိကအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်စွာရလို၍ အယုံလွယ်သောသူများအား လူကုန်ကူးမှု အများဆုံးဖြစ်နေကာ အချို့လည်း မိမိ၏စိတ်ဆန္ဒမပါဝင်ဘဲ တို့ဆေး၊ မေ့ဆေး စသဖြင့် ဆေးမိခံရပြီး သတိပြန်လည်ရရှိချိန်တွင် အရောင်းစားခံရခြင်းများရှိကြောင်း၊ ဆေးခတ်ပြီး အရောင်းစာခံရမှုများတွင် အမျိုးသမီးနှင့်ကလေးငယ်များအား ကျူးလွန်သူများက အဓိကပြစ်မှတ်ထားကြကြောင်းသိရသည်။
''လူကုန်ကူးခံရမယ်ဆိုရင် ကျူးလွန်သူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ မိမိက လူကုန်ကူးခံရနေပြီ ဆိုတာသိလို့ တိုင်ကြားမယ်ဆိုရင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့စုများ၊ တပ်ဖွဲ့စိတ်များအား တိုင်ကြားနိုင်သလို ရပ်ကျေးအုပ်စုအလိုက် ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတပ်ဖွဲ့ဝင် မည်သူ့ကိုမဆို တိုင်ကြားနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူကုန်ကူးမှုတွေက 2014 ခုနှစ်မှာဆိုရင် 104 မှု၊ 2015 ခုနှစ်မှာဆိုရင် 130 မှု၊ 2016 ခုနှစ်အနေနဲ့ကတော့ ရန်ကုန်မှာ 4 မှု ဖြစ်ပွားပြီး ဖြစ်ပါတယ်။ 2016 မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Data မရ ရှိသေးပါဘူး။ ရက် 100 စီမံချက်အနေနဲ့ လူကုန်ကူးမှုမခံရစေရေးအတွက် အဓိကထား လုပ်ဆောင်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာလည်း ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိသည်ဆိုတဲ့နည်းလမ်းအတိုင်း ကျွန်တော်တို့က အမှုမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် လူထုအတွင်း အသိပညာဖြန့်ဝေမှုတွေဖြစ်တဲ့ လက်ကမ်းစာစောင်တွေဝေတယ်။ အသိပညာပေးဟောပြောမှုတွေ ဆောင်ရွက်ပါတယ်'' ဟု အမှတ် (6) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုရန်ကုန်မှ ဒုတပ်ဖွဲစုမှူး ဒုရဲမှူးမျိုးသိန်း ကပြောသည်။
"World Vision ဟာ ကလေးသူငယ်တွေအတွက် ဦးတည်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း ဖြစ်သလို သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ မိသားစုအရေးတွေ၊ အခက်အခဲတွေကို ပါ ဖြေရှင်းနိုင်စေဖို့ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ World Vision ရှိတဲ့ မြို့တွေမှာ လူကုန်ကူးမခံရဖို့ မျှော်လင့်နေပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ရင်းနှီးမြုပ်နှံမှုတွေ တိုးတက်လာတဲ့အခါမှာ တခြားနိုင်ငံမှာအလုပ်လုပ်ရတဲ့ အခြေအနေမျိုးတွေလည်း လျော့ကျလာနိုင်ဖို့ မျှော်လင့်ပါတယ်''ဟု World Vision International Myanmar မှ မစ္စတာဆူရက်ဘာလန် ကပြောသည်။
2011 ခုနှစ်- 2016 ခုနှစ်များအတွင်း ပြုလုပ်သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဒုတိယ 5 နှစ်တာ စီမံကိန်းအတွင်း World Visionမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လာမည့် တတိယ 5 နှစ်တာစီမံကိန်းအတွက် အစီအမံများရှိနေသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ တွင်လည်း ထပ်မံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း World vision Myanmar ၏ စီမံကိန်းတာဝန်ခံ မခင်မျိုးသန့် ကပြောကြားသည်။
''ပညာပေးအစီအစဉ်တွေ ဆောင်ရွက်တဲ့အခါ လူကုန်ကူးမှုတွေ ဘယ်နေရာမှာ အများဆုံးဖြစ်လဲဆိုတဲ့ Data တွေ ရှိပါတယ်။ ဒါကို ဦးတည်ပြီး အသိပညာပေးတဲ့အခါ ကျောင်းများပါမကျန် ထိရောက်အောင် အသိပညာပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ အစိုးရဌာနဆိုင်ရာတွေချည်းပဲ မဟုတ်ဘဲ မိတ်ဖက်ဆောင်ရွက်ရမယ့်အဖွဲ့အစည်းတွေရဲ့ အကူအညီကိုယူပြီးတော့ နိုင်ငံတကာမှာလုပ်နေတဲ့ လုပ်ငန်းတွေအတွက်ကော၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ၊ ငွေကြေးဆိုင်ရာအထောက်အပံ့တွေနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အခုထက်ပိုပြီး အရှိန်အဟုန်မြန်မြန်နဲ့ တိုးတက်အောင် ဆောင်ရွက် သွားနိုင်မယ်လို့ ထင်ပါတယ်'' ဟု နေပြည်တော် ကျန်းမာရေးဌာနမှ ဒေါက်တာဖြူဖြူအေးက အကြံပြုပြောကြားခဲ့သည်။
May Su Hlaing















