/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/သွေးလွန်တုပ်ကွေးရောဂါ-ဖြစ်ပွားမှု-5-ဆ-မြင့်တက်လာ

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု 5 ဆ မြင့်တက်လာ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

       ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု 5 ဆ မြင့်တက်လာပြီး ဇူလိုင်လအတွင်း 18 ဦး ရောဂါကြောင့် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

          "သွေးလွန်တုပ်ကွေးက ရန်ကုန်တိုင်းအတွက်တော့ အခုပြည်သူ့ကျန်းမာရေး ပြဿနာအဆင့်မှာ ရှိနေပါတယ်။ မနှစ်ကဆို ဇူလိုင်လအထိ 583 ယောက်ဖြစ်ပြီး 5 ယောက်ပဲ သေဆုံးပေမယ့် ဒီနှစ် ဇူလိုင်လ 10 ရက်နေ့အထိ 2855 ဦး ဖြစ်ပွားပြီး 18 ဦးအထိ သေဆုံးလို့ ဒီနှစ်မှာ စုစုပေါင်း 5 ဆ တက်လာပါတယ်။ ဖြစ်ပွားမှုက 5 ဆအထိ မြင့်တက်လာတယ်။ ရောဂါရဲ့ သဘောသဘာ၀အရလည်း ဒီဇူလိုင်လမှာ အမြင့်ဆုံး ဖြစ်ပွားတတ်ပါတယ်။ တကယ်လို့ မဖြစ်ဖူးဆိုရင်လည်း ထိန်းချုပ်နိုင်ပြီလို့ ပြောလို့လည်း မရသေးပါဘူး။ ဒီနှစ်က အများကြီးဖြစ်ပြီး 2855 ဦး ဖြစ်ပွားပြီး 18 ဦး သေဆုံးတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာက ကြည့်မယ်ဆိုရင် လူနေထူထပ်ပြီး အသွားအလာများတာက ရောဂါပြန့်ပွားဖို့ အားပေးနေတဲ့ အချက်ဖြစ်ပြီး နောက်တစ်ခုကလည်း ရန်ကုန်မြို့ဟာ ကူးလူးဆက်ဆံမှု အများဆုံးဖြစ်နေတာလည်း အချက်တစ်ခု ဖြစ်နေပါတယ်။ နောက်တစ်ချက်က ကမ်ဘာကြီး ပူနွေးလာမှုရဲ့ နောက်ဆက်တွဲကလည်း ရှိနေပြီးသား ကူးစက်ရောဂါတွေကို ပိုဖြစ်စေသလို၊ မရှိသေးတဲ့ရောဂါတွေလည်း ဖြစ်စေနိုင်တဲ့အချက်တွေပါ။ ဒါတွေက ကျွန်တော်တို့တွေအတွက် စိန်ခေါ်မှုတွေပါပဲ။ ဒါကြောင့် ရောဂါကာကွယ်မှု လုပ်ငန်းတွေကို ပိုပိုပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ခြင်ပေါက်ဖွားမှု မရှိစေဖို့ ပူးပေါင်းလုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဦး၀င်းလွင်က ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သော ကျန်းမာရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

          "ကျွန်မတို့ အခုဆိုရင် ရန်ကုန်တစ်တိုင်းလုံးကို 12 ရက်နေ့ကစပြီး တိုင်းလုံးကျွတ် သွေးလွန်တုပ်ကွေး ကာကွယ်လှုပ်ရှားမှုအဖြစ် မနက် 8 နာရီကစပြီး ကျွန်မတို့ တစ်ပြိုင်နက်တည်း မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ 'ဖုံး၊ သွန်၊ လဲ၊ စစ်' လုပ်ငန်းတွေကို သွေးလွန်တုပ်ကွေး ကာကွယ်ရေးအဖြစ် ဆောင်ရွက်တယ်။ နိုင်ငံတော် အစိုးရအဖွဲ့၀င်တွေရော၊ အုပ်ချုပ်မှုထွေအုပ်အဖွဲ့၀င်တွေရော အားလုံးပူးပေါင်းပြီးတော့ အဲ့ဒီနေ့မှာ စတင်ဆောင်ရွက်တယ်။ ဆက်လက်ပြီးတော့လည်း တစ်တိုင်းလုံးအနေနဲ့ ဒီလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဆက်တိုက်ဆက်တိုက်ဆိုသလို မြို့နယ်တွေကတော့ ဗုဒ္ဓဟူးနဲ့ စနေတိုင်းမှာ မြို့နယ်တိုင်းမှာ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဖြစ်တာကတော့ ကျွန်မတို့ ရန်ကုန်တိုင်းက လူနေမှု အများဆုံး ဖြစ်ပါတယ်။ ရာသီဥတုကလည်း ပြောင်းလဲနေတယ်၊ လမ်းပန်းဆက်သွယ်ရေးကလည်း လွယ်ကူတဲ့အခါကျတော့ ဒီလိုအခြေအနေတွေကြောင့် တခြားတိုင်းတွေ၊ ပြည်နယ်တွေနဲ့ဆိုရင် ဖြစ်ပွားမှုတွေ များနေတာပေါ့နော်။ အဓိက,ကတော့ သေဆုံးမှုတွေကို ကြည့်လိုက်ရင် ဆေးရုံကို နောက်ကျပြီးမှ ရောက်လာတယ်။ အကြောင်းအရင်းတွေကတော့ အမျိုးမျိုး ရှိတယ်ပေါ့နော်။ ဒီတိုင်း ဆေးလေးပဲ ၀ယ်သောက်လိုက်တယ်။ ဒါကို သတိထားရမယ့် အနေအထားလို့ မထင်တာကြောင့် သွေးလန့်တဲ့လက္ခဏာ ဖြစ်တဲ့အခါ အရမ်းကို ဆိုးပြီးတော့ သွေး၀မ်းတွေ သွားတယ်။ အန်တဲ့အခါ သွေးတွေပါလာတယ်။ အရမ်းဆိုးဝါးပြီး အချိန်နောက်ကျမှ ဆေးရုံရောက်တာ တွေ့ရတယ်။ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာတွေက အပြင်းဖျားတတ်တယ်။ အနီစက်တွေ ပေါ်တတ်တယ်။ ကိုယ်ခန္ဓာတွေ ကိုက်ခဲတာ၊ 3 ရက်လောက်အထိ သွေးလန့်လက္ခဏာ ၀င်တတ်တယ်။ ဒီလိုလက္ခဏာတွေကို အရမ်းဂရုပြုဖို့ လိုပါတယ်။ သွေးလန့်လက္ခဏာတွေကတော့ အပြင်းဖျားပြီးရင် အဖျားကျသွားမယ်။ အဖျားကျသွားတာနဲ့ ခြေဖျားလက်ဖျား အေးစက်ပြီး သွေးခုန်နှုန်းတွေ စမ်းလို့မရတာမျိုးတွေ ဖြစ်တတ်တယ်။ နောက်တစ်ခုက အစားမစားချင်ပဲ အရမ်းကို ဗိုက်တွေ အောင့်တယ်။ သေဆုံးတဲ့အထဲမှာ ကြည့်ရင် ဗိုက်အောင့်တာကို သွေးလန့်တဲ့လက္ခဏာထဲမှာ ပါတယ်။ အရေးကြီးတဲ့လက္ခဏာ ဖြစ်နေပြီဆိုတာကို ဂရုမထားမိဘူးပေါ့။ ဗိုက်အောင့်တယ်ဆိုရင်လည်း ရိုးရိုးနေလိုက်တာပဲ။ အဲ့လိုတွေကြောင့် ဆေးရုံအရောက် နောက်ကျတာ များပါတယ်။ ဒါကြောင့်မို့ ဆက်တိုက်ဆက်တိုက် အစားအစာ လုံး၀မ၀င်ဘဲနဲ့ အန်တယ်။ နောက် ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်။ သွေးခုန်နှုန်းတွေ တိုင်းမရဘဲ ၀မ်းမည်းမည်းတွေ သွားတယ်။ နှာခေါင်းသွေးထွက်ပြီး အန်တဲ့အခါ အမည်းရောင် အဖတ်လေးတွေ ပါလာတာမျိုးတွေ ဖြစ်တဲ့အခါ ချက်ချင်းဆေးရုံသွားဖို့ပါ။ ဒါလေးတွေကို ပြည်သူတွေ သတိထားဖို့ လိုပါတယ်။ အခုက သွေးလွန်တုပ်ကွေးက ကလေးတွေတင် မဟုတ်တော့ဘဲ လူကြီးတွေမှာပါ ဖြစ်လာတယ်။ လူကြီးတွေလည်း ပါတဲ့အတွက် ဒီလိုလက္ခဏာတွေဖြစ်ခဲ့ရင် ချက်ချင်း ဆေးရုံသွားဖို့၊ သွေးလွန်တုပ်ကွေးဖျားအနေနဲ့ သံသယရှိနေရင် ဒါမျိုးလေးတွေ အဓိကထားပြီးတော့ ကျွန်မတို့ ပြောချင်ပါတယ်။ ရောဂါအဖြစ်များဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပါတဲ့အတွက်ကြောင့် အစ်မတို့အနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို ဒီထက်ပိုပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့လိုတယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါ၀င်ဖို့ လိုပါတယ်။ မိမိတို့ပတ်၀န်းကျင်မှာ ခြင်မပေါက်ဖွားနိုင်ဘူး၊ ပိုးလောက်လန်း မပေါက်ဖွားနိုင်ဘူးဆိုရင် သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်မယ့် ခြင်ကျားမရှိနိုင်လို့ ရောဂါဖြစ်ပွားမှုတွေကို ကာကွယ်သွားနိုင်မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်အေးမွန်မွန်ကျော်က ပြောသည်။

May Su Hlaing (www.drmyanmar.com)