အတက်ရောဂါစီမံချက်နှင့် အတက်ရောဂါအကြောင်း
ဦးနှောက်နှင့်အာရုံကြောရောဂါတစ်မျိုးဖြစ်သည့် အတက်ရောဂါသည် လူဦးရေ 10 ဦးလျှင် 1 ဦးနှုန်း ဖြစ်ပွားလျှက်ရှိနေပြီး အသက်အန္တရာယ်လည်းရှိသော ဂရုပြုရမည့်ရောဂါတစ်မျိုးဖြစ်ပါသည်။ လက်ရှိတွင်လည်း နိုင်ငံတော်အစိုးရမှ အတက်ရောဂါပပျောက်ရေးစီမံကိန်းကို 2014 ခုနှစ်မှစတင်၍ အကောင်အထည်ဖော်လုပ်ဆောင်နေကာ ထပ်မံ၍လည်းတိုးချဲ့ဆောင်ရွက်မည်ကိုသိရ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဆေးကုသဌာန အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစမ်းဦးနှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး ။ ။ အတက်ရောဂါစီမံချက်ကို စတင်ဖြစ်ခဲ့ခြင်းနှင့် လက်ရှိမှာ မည်ကဲ့သို့ဆောင်ရွက်မှုရှိနေသလဲ သိပါရစေရှင့်။
ဖြေ ။ ။ အတက်ရောဂါစီမံချက်ကို 2014 ခုနှစ်ထဲက စတင်ခဲ့တာဖြစ်ပြီး မြို့နယ်ပေါင်း 9 ခုမှာ စီမံချက်အရ ရောဂါရှိသူတွေရှာဖွေပြီးကုသမှုနဲ့ အသိပညာပေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ်လည်း တိုးချဲ့ပြီးဆောင်ရွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဘက်တွင် အတက်ရောဂါရှိသူများကိုရှာဖွေကုသမှုနှင့် အသိပညာပေးမှုများ ပြုလုပ်သွားဖို့ရှိပါတယ်။
မေး ။ ။ အတက်ရောဂါကဘာကြောင့်ဖြစ်တာပါလဲ။ ရောဂါလက္ခဏာတွေကရော ဘယ်လိုမျိုးရှိတတ်ပါသလဲ။
ဖြေ ။ ။ အတက်ရောဂါဟာ ရေရှည်ဆေးကုသမှုခံယူနေသော ဦးနှောက်နှင့်အာရုံကြောရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ လူမျိုး၊ ဘာသာမရွေးဖြစ်နိုင်ပါတယ်။ 24 နာရီခြား၍ အကြောင်းအရင်းခံမရှိဘဲ အနည်းဆုံး 2 ကြိမ်နှင့်အထက်တက်လျှင် အတက်ရောဂါဖြစ်ပွားနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဓိကရောဂါလက္ခဏာတွေအနေနဲ့က သတိလုံးဝလစ်သွားမယ်။ ကလေးတွေဆိုရင် တက်နေတဲ့အချိန်ခန္ဓာကိုယ်တောင့်တင်းခြင်း၊ ပျော့ခွေခြင်းတွေဖြစ်ပြီး လူကြီးတွေအနေနဲ့ဆို တစ်ကိုယ်လုံးဆက်ကနဲ အကြောလိုက်သလိုဖြစ်တာ၊ ကောက်ကွေးသွားတာတွေက တက်တဲ့အချိန်မှာဖြစ်ကြပါတယ်။
မေး ။ ။ အတက်ရောဂါကို ဘယ်လိုကုသမှုမျိုးပေးနိုင်ပါသလဲ။
ဖြေ ။ ။ အတက်ရောဂါအကြောင်းနှင့် အတက်ရောဂါရှိသူများအတွက် ပြုစုကုသနည်းများကို အသိပညာပေးခြင်းအားဖြင့် ပြည်သူလူထုမှ အတက်ရောဂါအကြောင်းကိုသိရှိနားလည်၍ သတိပြုမိစေရုံသာမက အတက်ရောဂါအပေါ်ထားရှိသော မှားယွင်းသည့်သဘောထားအယူအဆများ ပြောင်းလဲလာပြီး အတက်ရောဂါရှိသူများကို စာနာနားလည်နိုင်ရန်လိုအပ်ပါတယ်။ အတက်ရောဂါရှိသူများမှလည်း သင့်လျော်သောဆေးကုသမှုခံယူနိုင်ပြီး ပုံမှန်လူနေမှုဘဝကိုအခက်ခဲမရှိ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အတက်ရောဂါဝေဒနာရှင်များကို အခမဲ့ဆေးဝါးပံ့ပိုးမှုများရှိနေကာ နီးစပ်ရာကျန်းမာရေးဝန်ထမ်းများထံ ဝေဒနာရှင်များက အခမဲ့ဆေးဝါးရယူနိုင်ရန် ဆောင်ရွက်ထား တာတွေရှိပါတယ်။
မေး ။ ။ အတက်ရောဂါကမျိုးရိုးကြောင့်ဖြစ်ပွားတာပါလား။
ဖြေ ။ ။ အတက်ရောဂါရှိသူအားလုံးသည် မျိုးရိုးလိုက်ခြင်းကြောင့်တက်ခြင်းမဟုတ်ပါဘူး။ အချို့သည် မိခင်ဝမ်းတွင်း သနေ္ဓသားဦးနှောက်ကောင်းမွန်စွာမဖွံ့ဖြိုးခြင်းကြောင့် မွေးရာပါ ဦးနှောက်ချို့ယွင်းခြင်း၊ မွေးဖွားချိန်တွင် ညှပ်ဆွဲခြင်း၊ မွေး ချိန်ကြာခြင်းတို့ကြောင့် ဦးနှောက်ဒဏ်ရာရခြင်းနှင့် ဦးနှောက်ထိခိုက်စေသောရောဂါများကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။ အတက်ရောဂါက စိတ်ရောဂါလည်းမဟုတ်ပါဘူး။
မေး ။ ။ အတက်ရောဂါက ဦးနှောက်အာရုံကြောဆိုင်ရာရောဂါဖြစ်လို့ စာပေသင်ကြားမှုတွေပြုလုပ်နိုင်ပါသလားဆရာ။
ဖြေ ။ ။ ရောဂါရှိတဲ့သူတွေအနေနဲ့က စာသင်လို့တော့ရနိုင်တယ်ဆိုပေမယ့် ခဏခဏတက်နေတာတွေက အခက်အခဲတော့ဖြစ်နိုင်ပါတယ်။ ဥပမာ- မိန်းကလေးတွေဆိုလည်း ဓမ္မတာလာစဉ်ခဏခဏတက်မယ်။ အဲ့လိုရက်မျိုးက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်တယ်ဆိုရင် အဲ့ဒီ့ရက်မျိုးဆို ဆေးတွေ ဘာတွေသောက်ဖို့ မှတ်မှတ်ရရထည့်ထားတာ ဂရုတစိုက်ဆေးသောက်တာလေးတွေ လုပ်ထားသင့်ပါတယ်။
မေး ။ ။ အတက်ရောဂါက ပျောက်ကင်းသွားနိုင်ပါသလားဆရာ။
ဖြေ ။ ။ အချို့လည်းဆေးပုံမှန်သောက်ပြီး လုံး၀မတက်တော့တာတွေရှိသလို၊ အချို့ကျတော့ဆေးကိုသေချာမသောက်ဖူး ပျောက်သွားပြီမတက်တော့ဘူးဆိုတာနဲ့ ခဏလေးနဲ့ ဆေးဖြတ်လိုက်တယ်။ ရောဂါကပြန်ဖြစ်ပြီး ဆေးပြန်သောက်နေရတာတွေရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးတော့မတူဘူး။ ကွားခြားမှုတွေရှိပါတယ်။
မေး ။ ။ အတက်ရောဂါကသေဆုံးနိုင်ပါလား။ ကုသမှုမပြုပဲထားပါက မည်သို့ဖြစ်ပွားနိုင်ပါသလဲ။
ဖြေ ။ ။ အတက်ရောဂါက 3 မိနစ်ထက်ပိုပြီးတက်နေပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။ တက်နေတဲ့အချိန်မှာ ဦးနှောက်က အောက်စီဂျင်ပြတ်သွားတဲ့အတွက် အချိန်ကြာကြာတက်တာနဲ့ ခဏခဏတက်တာတွေက မကုသပဲနေပါက အသက်သေဆုံးမှုရှိနိုင်သလို ဦးနှောက်ကိုထိခိုက်ပြီး မှတ်ဉာဏ်များဆုံးရှုံးမှုရှိနိုင်ပါတယ်။ အတက်ရောဂါရှိသူတွေအနေနဲ့ ရောဂါကြောင့်မဟုတ်ရင်တောင် တက်တဲ့အချိန်မှာ လှေကားဆင်းနေရင် လှေကားကပြုတ်ကျပြီး ခန္ဓာကိုယ်ထိခိုက်တာ အသက်အန္တရာယ်ရှိတာတွေဖြစ်စေနိုင်ပြီး တက်တဲ့အချိန်မှာ ချွန်ထက်တဲ့အရာရှိပါကထိခိုက်မိခြင်း စသဖြင့်အန္တရာယ်ရှိစေနိုင်တာတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။
မေး ။ ။ အတက်ရောဂါလူနာကို မည်သို့ဆေးဝါးကုသ၍ အသိပညာပေးဖို့ ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ။
ဖြေ ။ ။ ဆေးကုသမှုခံယူနေသော အတက်ရောဂါလူနာတွေအနေနဲ့ ဆေးမှန်မှန်သောက်ရန် အလွန်အရေးကြီးပြီး လူနာအပါအဝင်မိသားစုများ လိုက်နာရမယ့်အချက်တွေက ဆေးကိုပျက်ကွက်မှုမရှိပဲ မှန်မှန်သောက်ဖို့သတိပြုရန်၊ ဆရာဝန်၏ညွှန်ကြားချက်မရှိဘဲ မိမိသဘောဖြင့်ဆေးတိုးခြင်း၊ ဆေးလျော့ခြင်း၊ ဆေးရပ်ခြင်းများမပြုလုပ်ရန်၊ ဆရာဝန်ကလူနာအားကြည့်ရှုမည့်ရက်ချိန်းအတိုင်း မှန်မှန်ပြရန်လိုအပ်ပါတယ်။ ဒါမှသာ ဆေးအညွှန်းကိုစိစစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးရှိ/မရှိကိုလည်း သိနိုင်မှာပါ။
မေး ။ ။ အတက်ရောဂါစီမံကိန်းရဲ့ရည်မှန်းချက်နဲ့ ဦးတည်ချက်လေးကို ဖြည့်စွက်ပြောကြားပေး ပါဦးရှင့်။
ဖြေ ။ ။ အတက်ရောဂါအကြောင်းသိရှိနားလည်ပြီး အတက်ရောဂါရှိသူများအား ရှေးဦးသူနာပြုစု တတ်စေရန်နှင့် အတက်ရောဂါအကြောင်း ပြည်သူလူထုအား ကျန်းမာရေးပညာပေးတတ်စေရန်ရည်ရွယ်ပြီး အတက်ရောဂါရှိသူ၏ စိတ်ပိုင်းဆိုင်ရာခံစားမှုများနှင့် လူနေမှုဘဝအခက်အခဲများအား ဖေးမကူညီပေးနိုင်ရန် ဦးတည်ထားပါတယ်။
May Su Hlaing















