/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/အမျိုးသားအဆင့်အသဲရောင်ရောဂါ-စီမံကိန်းစတင်တော့မည်

အမျိုးသားအဆင့်အသဲရောင်ရောဂါ စီမံကိန်းစတင်တော့မည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         ကျန်းမာရေးပြဿနာပေါင်းများစွာရှိနေရာတွင် အသဲနှင့်ပတ်သက်သောရောဂါသည်လည်း အဓိကဂရုစိုက်ရမည့် အနေအထားရှိနေပြီး အသဲကျန်းမာရေးတွင် အသဲရောင်၊ အသဲခြောက်မှစ၍ အသဲကင်ဆာအထိ ရောဂါများစုံလင်လှကာ ယင်းရောဂါများကိုကာကွယ်ရန်နှင့်လျော့ချရန်၊ ထိရောက်စွာ ကုသနိုင်ရန် WHO ကမ်ဘာကျန်းမာရေးအဖွဲ့ကြီးက ၎င်း၏အဖွဲ့၀င်နိုင်ငံများအကြား ရည်ရွယ်ချက်များဖြင့် အသဲရောင်ရောဂါစီမံကိန်းကြီး ရေးဆွဲဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသည်လည်း အဖွဲ့၀င်ဆောင်ရွက်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး လာမည့် 2017 နှစ်ဆန်းပိုင်းတွင် နိုင်ငံတော်အစိုးရက စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းနှင့် အသဲရောဂါအကြောင်းသိကောင်းစရာများကို အသဲစီမံကိန်းရေးဆွဲရာတွင် ပါ၀င်ဆောင်ရွက်သူတစ်ဦးဖြစ်သည့် အသဲဖောင်ဒေးရှင်း၏ ဥက္ကဌဖြစ်သူ ဒေါက်တာဒေါ်ခင်ပြုံးကြည်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး  ။     ။ အသဲရောဂါနှင့်ပက်သက်ပြီး မြန်မာနိုင်ငံမှာဘယ်လောက်အတိုင်းအတာတွေအထိ လုပ်ဆောင်နေပါပြီလဲဆိုတာလေးနဲ့ပတ်သက်ပြီးသိပါရစေ။

ဖြေ  ။     ။ နိုင်ငံတော်အစိုးရက အမျိုးသားအဆင့်အသဲရောင်ရောဂါစီမံကိန်းကြီးစလို့ရှိ်ရင် အသဲရောဂါနဲ့ပက်သက်ပြီး ဆိုးဆိုးရွားရွားဖြစ်နေတဲ့လူတွေကို ဦးစားပေးအနေနဲ့ ကုသပေးမှာပါ။ ဒီလိုကုပေးတာတွေအပြင် နိုင်ငံခြားအဖွဲ့အစည်းတွေကလည်းလာပြီးတော့ ဆရာမတို့လိုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ B ပိုးကိုလည်းကုပေးဖို့ရှိတယ်။ C ပိုးလည်းကုပေးဖို့ရှိတယ်။ အစိုးရက အဓိကကုတာပါ။ ဆရာမတို့က အသဲဖောင်ဒေးရှင်းအနေနဲ့ လူတွေသိအောင် လိုက်ပြောနေတာပါ။ တစ်ချို့တွေက အသဲဖောင်ဒေးရှင်းကကြီးပဲလ ုပ်နေတယ်ထင်တာ။ တကယ်တော့ အသဲရောင်ရောဂါစီမံကိန်းဆိုလည်း အစိုးရကပဲလုပ်နေတာ။ အစိုးရက ဆရာမတို့လို ပညာရှင်တွေကိုခေါ်ပြီး၊ တိုင်ပင်ပြီးတော့ ပူးပေါင်းပြီးတော့ ဆရာမတို့ကလည်း အဲ့အဖွဲ့ထဲမှာပါတယ်။ ဆရာမတို့ကလည်းပြောပေးတယ်။ ဘယ်ကုထုံးက အကောင်းဆုံး။ ဘယ်မှာဆိုရင်တော့ ဘယ်လိုသုံးတယ်။ အဲ့လိုမျိုးတွေပေါ့။ ဆရာမတို့တွေက ပညာရှင်တွေအကုန်လုံးစုပြီးတော့ စီမံကိန်းကြီးကို ရေးဆွဲတာပေါ့။ ခုဆိုပြီးသွားပြီ။ ဒီအမျိုးသားအဆင့် အသဲရောင်ရောဂါစီမံကိန်းကြီးကစတော့မှာပါ။ အသဲဖောင်ဒေးရှင်းကပဲ လုပ်နေတာတော့မဟုတ်ပါဘူး အစိုးရက အဓိကလုပ်တာပါ။ ဆရာမတို့ အသဲဖောင်ဒေးရှင်းကလည်း ကုတာရှိပါတယ်။ ခုအမေရိကားကအဖွဲ့တစ်ဖွဲ့နဲ့ ဆက်သွယ်ထားတယ်။ အများကြီးတော့ မကုနိုင်သေးပေမယ့် အရင်ဆုံးလူဦးရေ 200 ကိုကုမယ်။ B ပိုးရော C ပိုးရော လူဦးရေ 200 စီကုဖို့ရှိတယ်။ အသဲခြောက်တဲ့လူတွေကို ဦးစားပေးတာ။ နိုင်ငံခြားကလည်းသူတို့နဲ့ ဆရာမတို့တွဲလုပ်ရတော့ ချက်ခြင်းအသက်အန္တရာယ်ရှိတဲ့လူတွေကို အရင်ကုချင်တာ။ ဘာလို့လဲဆိုတော့ တစ်ချို့က 10 နှစ်လောက်ရသေးတယ်။ အခုမှဖြစ်တဲ့လူတွေကို ဆရာမတို့ကစောင့်ကြည့်ပြီး ထိန်းပေးသွားလို့ရသေးတယ်။ အသဲရောင်တာကလည်း စရောင်တဲ့အချိန်မှာသိရင် 10 နှစ်လောက်က အသဲရောင်တဲ့အဆင့်ပဲ။ လုံး၀ အသဲခြောက်မသွားသေးဘူး။ အသဲခြောက်တာထက်တော့ ကုသလို့ရတယ်။ C ပိုးနဲ့ HIV ပိုးတွဲဖြစ်မယ်။ C ပိုးနဲ့ B ပိုးတွဲဖြစ်မယ်။ ဒီလူတွေကအန္တရာယ်ရှိမယ်။ အဲ့ဒီတော့ ဒီလူတွေကိုအရင်ဆုံးကုပေးမယ်ပေါ့နော်။ အစိုးရကတော့ လူ 2000 ကို စတင်ကုတော့မှာပါ။ ဘယ်တော့ကုတော့မလဲဆိုတော့ ဆေးတွေဘာတွေမှာတာနဲ့ဆိုရင် ဒီနှစ်ကုန်၊ နောင်နှစ်ဆန်းလောက်ဖြစ်ပါမယ်။ စစချင်းထက် နောက်ဆိုလူဦးရေးပိုပြီးများများလည်းအစိုးရကကုဖို့စီစဉ်နေပါတယ်။

 

မေး  ။     ။ အသဲကျန်းမာရေးနဲ့ပတ်သက်ပြီး ယခင်က ကာကွယ်ဆေးထိုးလုပ်ငန်းတွေလည်း ဆောင်ရွက်နေတာရှိကြောင်းသိရပါတယ်။ ကာကွယ်ဆေးထိုးမှုနဲ့ ပတ်သက်ပြီး ဖြေကြားပေးပါဦးရှင့်။

ဖြေ  ။     ။ အသဲရောင်ရောဂါ B ပိုးက C ပိုးနဲ့မတူတာက သူကအရမ်းကောင်းတဲ့ကာကွယ်ဆေးရှိတယ်။ အစိုးရက B ပိုးမှာက ကာကွယ်ဆေးကိုဦးစားပေးတယ်။ နိုင်ငံတော်အစိုးရက မွေးကင်းစကလေးတွေကို B ကာကွယ်ဆေးထိုးပေးနေတာ 2002 ခုနှစ်ထဲက စထိုးပေးနေတာ။ အခုဆိုရင် အဲ့ဒီ့ကလေးတွေက 12 နှစ် 13 နှစ်လောက်ရှိပြီ။ ဒါကြောင့်မို့ ဆရာမတို့အသဲဖောင်ဒေးရှင်းက ကာကွယ်ဆေးတွေ စထိုးတဲ့အချိန်တိုင်း 12 နှစ်နဲ့အထက်တွေကိုစထိုးတယ်။ နောက်ပိုင်းကြတော့ 5 နှစ်နဲ့အထက် တစ်ချို့မထိုးလိုက်ကြရတာတွေရှိတော့ ဆရာမတို့ 5 နှစ်အထက်တွေကိုထပ်ထိုးပေးတယ်။ 5 နှစ်အောက်တွေကတော့ နိုင်ငံတော်အစိုးရက ထိုးထားပေးပြီးပါပြီ။

 

မေး  ။     ။ အသဲရောင်ရောဂါစီမံကိန်းမှာက B ပိုးနဲ့ C ပိုးကို ဘယ်လိုမျိုးကုသပေးသွားမှာလဲ။ အတူတူပဲ ကုသပေးသွားမှာလားဆရာမ။

ဖြေ  ။     ။ ဒီအမျိုးသားအဆင့်စီမံကိန်းကြီးမှာက C ပိုးကိုအရင်ဆုံးဦးစားပေးကုသသွားမှာပါ။ B ပိုးကြတော့ စပြီးမကုသေးပဲ သူကကာကွယ်ဆေးရှိတော့ ကာကွယ်ဆေးထိုးမှုအပိုင်းကို အစိုးရကလုပ်ဆောင်မှာပါ။ အရင်က B ပိုးကိုမွေးကင်းစကလေးတွေမှာပဲ B ပိုးကာကွယ်ဆေးကိုထိုးပေးပင်မယ့် အခုအမျိုးသားအဆင့်လုပ်ဆောင်မယ့် အသဲရောင်ရောဂါစီမံကိန်းကြီးမှာတော့ ကလေးတွေအပြင် ကိုယ်၀န်ဆောင်မိခင်တွေ၊ ကျန်းမာရေး၀န်ထမ်းတွေ ဖြစ်လွယ်တဲ့လူတွေနဲ့၊ သွေးရောဂါေ၀ဒနာရှင်တွေ လူစုလူေ၀းနဲ့နေသူတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ မိဘမဲ့ဂေဟာ စတဲ့ကူးလွယ်တဲ့နေရာတွေမှာ ထိုးပေးမယ်။ သူက B ကိုတော့ အဲ့လိုကာကွယ်ဆေးကိုဦးစားပေးမယ်။ C ကျတော့ အပြတ်ပျောက်ကင်းနိုင်အောင် ကုသပေးမှာပေါ့။ ဘာလို့လဲဆိုတော့ C က ပျောက်ကင်းနိုင်တဲ့ဆေးတွေပေါ်လာပြီ။ B အနေနဲ့ကတော့ ကာကွယ်မှုအပိုင်းကို လုပ်ဆောင်မှာပါ။

 

မေး  ။     ။ အမျိုးသားအဆင့် အသဲရောဂါစီမံကိန်းကြီးရေးဆွဲထားတာမှာ လာမည့်စီမံကိန်းစတင်သည့်အချိန်ကစပြီး ရောဂါလျော့ကျရေးနဲ့ပပျောက်ရေးတို့ကို ဘယ်နှနှစ်အတွင်း ဆောင်ရွက်ရမည်ဟု သတ်မှတ်ချက်ထားရှိပါသလားရှင့်။

ဖြေ  ။     ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အဖွဲ့၀င်နိုင်ငံတိုင်းမှာ နိုင်ငံတော်အစိုးရတွေကနေဦးဆောင်ပြီးတော့ အမျိုးသားအသဲရောင်စီမံကိန်းဆိုတာကို ဖွဲ့ပြီးတည်ထောင်တယ်။ အဲ့စီမံကိန်းကနေ လူတွေကိုကာကွယ်ရေး၊ ကုသရေး။ ပြီးတော့ဒီလူတွေကို စောင့်ရှောက်ပေးဖို့ အစိုးရကနေ ဦးဆောင်လုပ်ပေးဖို့ ကမ်ဘာ့ကျန်းမာရေးညီလာခံကနေ အစိုးရတွေကို တွန်းအားပေးထားတယ်။ အဲ့ဒီ့မှာနိုင်ငံတော်အစိုးရတွေက လုပ်ဆောင်တဲ့နေရာမှာ ဒီအရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက ဒီလိုလုပ်ဖို့အရင်ဆုံးစလုပ်တဲ့ တတ်တတ်ကြွကြွအရှိဆုံးဖြစ်ပြီး အခြားနိုင်ငံတွေက အဲ့လောက်မလုပ်ဖူး။ မြန်မာနိုင်ငံကတော့ ဒါကိုလုပ်ဖို့ 2014 ခုနှစ်ထဲက စီမံကိန်းရေးဆွဲခဲ့တာ။ အခုပြီးသွားပြီ။ ဒီနှစ်ကုန်ပိုင်းလောက်မှာ အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ အဲ့ဒီမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်တာက 2030 ခုနှစ်လောက်ကျရင် အသဲရောင်ရောဂါ B တို့၊ C တို့၊ ကျန်တဲ့ အသဲရောင်ရောဂါတွေ အကုန်လုံးကို ကမ်ဘာ့ရဲ့ကျန်းမာရေးပြဿနာကြီး၊ ပြည်သူ့ကျန်းမာရေးပြသနာကြီးဖြစ်နေရာကနေ အားလုံးထိန်းချုပ်နိုင်သွားရမယ်လို့ target ထားပါတယ်။

 

မေး  ။     ။ မြန်မာနိုင်ငံမှာအသဲရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုရောဂါအမျိုးအစားတွေ အဖြစ်များပါသလဲရှင့်။

ဖြေ  ။     ။ အထူးသဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသဲရောင်ရောဂါက 5 မျိုးရှိတယ်။ A, B, C, D, E ဆိုပြီးရှိကြတာ        ပေါ့။ အဲ့ဒီ့ 5 မျိုးမှာ လူတွေကြောက်ကြတာက နာတာရှည်အသဲရောင်ရောဂါ၊ အသဲခြောက်ရောဂါ၊ အသဲကင်ဆာရောဂါထိဖြစ်သွားနိုင်တဲ့ B ပိုးနဲ့ C ပိုးကိုအသက်အန္တရာယ်ရှိတဲ့အတွက် လူတွေကကြောက်ကြတယ်။ အသဲရောင်ရောဂါ B ပိုးနဲ့ C ပိုးကိုလူတွေက ဘာလို့ကြောက်ကြလဲဆိုတော့ ဒီရောဂါကဖြစ်နေရင် လူတွေကမသိကြတာ။ သူတို့မှာရောဂါပိုးရှိနေတာကို မသိကြတာများတဲ့အတွက်ကြောင့်ပါ။ သူကစပြီးပိုး၀င်သွားလို့ရှိရင် 10 နှစ် အနှစ် 20 တစ်ချို့ဆိုရင် အနှစ် 30 ကြာမှသိတော့ နာတာရှည်အသည်းရောင်ရောဂါ၊ အသဲခြောက် ပြီးတော့အသဲကင်ဆာတောင်ဖြစ်နိုင်တယ်။ တစ်ချိုကဆိုလို့ရှိရင် သွေးအန်လိုက်တော့မှ အဲ့ဒါကိုဘာကြောင့်လဲဆိုတာ လိုက်ပြီးတော့စစ်လိုက်ရင်း အသဲခြောက်ရောဂါဖြစ်တာ C ပိုးရှိနေလို့မှန်းသိတယ်။ သူတို့က C ပိုးရှိနေလို့ တစ်ခါမှ အသဲရောင်ရောဂါမဖြစ်ဖူးဘူး။ သူတို့မသိဘူးလို့ပြောကြတယ်။ အဲဒါကြောင့် ဆရာမတို့က C ပိုးနဲ့ B ပိုးက အရမ်းအရေးကြီးတယ်။ အသဲခြောက်တာနဲ့ ကင်ဆာဖြစ်နိုင်တဲ့ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ရောဂါတွေဖြစ်တာကြောင့်တင်မကဘူး။ သူတို့က ဒီရောဂါရှိတယ်ဆိုတာ မသိတာကလည်း ကြောက်စရာအကောင်းဆုံးပါ။ ဒါကြောင့်မို့ ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကလည်း B ပိုးနဲ့ C ပိုးရောဂါရှိတဲ့လူတွေက သူတို့ရောဂါရှိတယ်ဆိုတာသိတာ 5 ရာခိုင်နှုန်းလောက်ကပဲသိတယ်။ တကယ့်တကယ်မသိတာက 95 ရာခိုင်နှုန်းကမသိကြဘူး။ နောက်ပိုင်းကျမှ လိုအပ်လို့ ကျန်းမာရေးစစ်ဆေးတဲ့အခါမှ သိကြတယ်။ အသဲရောင်ပိုး B နဲ့ C ကိုစောစီးစွာ စစ်ဆေးတွေ့ရှိလို့ အလျှင်အမြန်ကုသရမယ်။ ဒါကြောင့်မို့ စောစောစီးစီး B ပိုး C ပိုးတွေကို စစ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ခေတ်ကဆို အလုပ်၀င်တော့မယ်ဆိုရင် တီဘီကို စစ်တယ်။ ကာလသားရောဂါ စစ်တယ်။ အဲ့ဒါဘာလို့လဲဆိုတော့ စောစောစီးစီးသိရင် ကုလို့ရတယ်။ နောက်ပြီး ဒီရောဂါတွေက အရမ်းကူးလွယ်တယ်။ ကူးလွယ်တော့ ကိုယ်ကရောဂါရှိတယ်ဆိုတာသိရင် ဆေးကုလိုက်ရင်ပျောက်တဲ့ရောဂါပါ။ အခု B ပိုး C ပိုးလည်း အဲ့လိုပဲ အခုခေတ်က ပျောက်တဲ့ဆေးတွေပေါ်လာပြီ ဥပမာ- C ပိုးဆိုရင် ရောဂါပိုးစဖြစ်တာဆိုတာသိတာနဲ့ 3 လလောက်ဆေးသောက်တာနဲ့ ရောဂါပျောက်တဲ့ဆေးရှိနေပြီ။ သူကအသဲရောင်တာအစဆိုရင်တော့ ဆေးကို 3 လသောက်ရတယ်။ အသဲခြောက်သွားပြီဆိုရင်တော့ ဆေးကိုခြောက်လသောက်ရမယ်။ လက်ရှိ C ပိုးဆေးက တစ်လကို 5သိန်း၀န်းကျင်လောက်ဆိုတော့ သုံးလဆိုရင် 15 သိန်းလောက်ရှိတယ်။ ဒါတောင်ဈေးကကျလာတာပါ နောက်လည်းဒီ့ထက်ကျလာနိုင်ပါတယ်။ အရင်က C ပိုးဆေးကသိန်းနဲ့ချီပြီး သိန်း 150 နဲ့ 200 ပတ်ချာလည်လောက် ကုန်ကျစရိတ်ရှိခဲ့တော့ အခုကအရင်ထက်စာရင် သက်သာလာပြီလို့ပြောရမှာပါ။ စစချင်းသိရင်တော့ ပိုကောင်းတာပေါ့ တော်ရုံတန်ရုံအသဲခြောက်တဲ့အထိက ပြန်ကောင်သွားနိုင်လို့ စောစောစီးစီး ဒီရောဂါပိုးရှိ/မရှိ စစ်ဆေးထားတာက ပိုကောင်းပါတယ်။ ကျန်တဲ့အသဲရောင် A, D, E တို့ကတော့ သိပ်တော့စိုးရိမ်စရာမရှိပါဘူး။ သူတို့ကဖြစ်ရင် သာမန်အအေးမိမယ်။ အသားနည်းနည်းဝါလာမယ်၊ မွေးကင်းစကလေးငယ်တွေမှာဖြစ်သလို အသားဝါတာလေးတွေရှိမယ်။ အဲ့လိုဖြစ်ရင် သူကဆီး၀မ်းသွားလိုက်တာနဲ့ အသားဝါတာပြန်ပြီးပျောက်သွားနိုင်တယ် အသက်အန္တရာယ်တော့ကြီးကြီးမားမားမရှိပါဘူး။

 

မေး  ။     ။ အသဲကျန်းမာရေးအတွက် ဘယ်လိုနေထိုင်သင့်ပါသလဲ ဆိုတာ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားပေးပါဦးရှင့်။

ဖြေ  ။     ။ အသဲကိုဒုက္ခပေးတဲ့အစားအစာတွေဖြစ်တဲ့ ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဆိုးဆေးပါတဲ့အစားအစာ၊ မှိုတက်တတ်တဲ့ပဲ၊ နှမ်း၊ ငရုတ်သီးတွေကိုရှောင်သင့်တယ်။ အသဲနဲ့တည့်တဲ့ ဟင်းသီးဟင်းရွက်တွေ အစေ့အစံတွေက အသဲနဲ့တည့်ပါတယ်။ နောက်တစ်ကိုယ်ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် အသဲကျန်းမာရေးကိုကောင်းမွန်နိုင်တယ်။ ဆရာမတို့အနေနဲ့ကတော့ ဟောပြောပွဲတွေမှာအမြဲပြောတယ်။ အသဲရောင်အသားဝါ A ပိုးနဲ့ E ပိုးက ပိုးရှိသူက မစင်စွန့်ထဲအထဲမှာပါတဲ့အတွက် အိမ်သာမှထွက်ပြီး တံခါးလက်ကိုင်တွေဘာတွေကိုင်ထားရင်ပိုးကူးနိုင်လို့ လက်ကိုစင်ကြယ်စွာဆေးကြောမယ်။ အစားအသောက်ပြင်ဆင်ရင်လည်း လက်ကိုသေချာဆေးကြောမယ်ဆိုအဆင်ပြေမှာပါ။ A ပိုးနဲ့ E ပိုးက အစားအသောက်ကနေပဲ ကူးစက်တယ်။ B နဲ့ C ကသွေးတို့၊ ကိုယ်တွင်းအရည်တွေကနေတဆင့် ကူးနိုင်လို့သွေးသွင်းတဲ့အခါတွေမှာလည်း အထူးဂရုပြုသင့်ပါတယ်။

 

May Su Hlaing

www.drmyanmar.com