၀ိတိုရိယဆေးရုံ တိုးချဲ့ကုသဆောင် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ
နှလုံးကျန်းမာရေးကုသမှုများနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် အထူးကြပ်မတ် ကုသပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် အထွေထွေရောဂါမျိုးစုံကို ကုသမှုပေးနေသော ၀ိတိုရိယဆေးရုံကြီးတွင် EMERGENCY တိုးချဲ့ဆောင်သစ်ကို မေလ 20 ရက်နေ့က ဆေးရုံ၀င်းအတွင်း၌ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါတိုးချဲ့ဆောင်သစ်၌ နှလုံးသွေးကြောရောဂါနှင့် ပတ်သက်၍ ရောဂါရှာဖွေခြင်း၊ သွေးကြောချဲ့ကုသခြင်း၊ သွေးကြောရောဂါများ စစ်ဆေးခြင်း၊ သွေးကြောရောဂါများကို သွေးကြောချဲ့ကုသခြင်း၊ နှလုံးနှိုးဆွစက် တပ်ဆင်ကုသခြင်း၊ နှလုံးအထူးကြပ်မတ်ကုသခြင်း၊ သွေးတွင်းအဆီဓာတ်ကုသခြင်း၊ နှလုံးတယ်လီဗေးရှင်းဓာတ်မှန်၊ နှလုံးအထူးကုပြင်ပ လူနာဌာနနှင့် နှလုံးကျန်းမာရေးစစ်ဆေးခြင်း၊ 24 နာရီ အရေးပေါ် နှလုံးလူနာတင်ယာဉ်များ ထားရှိခြင်းနှင့် ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး ရင်ဘတ်အောင့်ခြင်းတို့အတွက် အရေးပေါ်ကုသခြင်းတို့ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။
"ဆရာမတို့ ၀ိတိုရိယဆေးရုံက General Hospital အနေနဲ့ ၀န်ဆောင်မှုတွေပေးနေပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုဖွင့်လှစ်တဲ့ တိုးချဲ့ဆောင်် (3) ထပ်ဆောင်က နှလုံးရောဂါတွေ အထူးကုသပေးနိုင်ဖို့ အောက်ဆုံးထပ်မှာ အရေးပေါ် Emergency ဆောင်ကို ဖွင့်ထားပြီးတော့ ပထမထပ်မှာတော့ နှလုံးသွေးကြောတွေ ချဲ့တာရယ်၊ ဒုတိယထပ်မှာတော့ နှလုံးအထူးကြပ်မတ် ကုပါတယ်။ အခု ဒီ center အနေနဲ့က 24 နာရီ service ပါ။ ဒီမှာပါ၀င်တဲ့ ဆရာ၀န်ကြီးတွေဆိုရင်လည်း လက်ရှိမြန်မာပြည်မှာ နာမည်ကြီးနေတဲ့ ဆရာ၀န်တွေနဲ့ နိုင်ငံခြားက ဆရာ၀န်အချို့လည်း တစ်ပတ်တစ်ခါ လာပေးတာမျိုးတွေ ရှိပါတယ်။ နှလုံးနဲ့ ပတ်သက်ပြီး အရေးပေါ်ဖြစ်ခဲ့ရင် ဒီစင်တာကို လာခြင်းအားဖြင့် အရေးပေါ်ကုသပေးနိုင်ပါတယ်။ နောက်တော့ ကျွမ်းကျင်၀န်ထမ်းတွေကိုလည်း သင်တန်းတွေ ပို့ချပြီး ခန့်ထားတဲ့အတွက်လည်း စိတ်ချရပါတယ်။ တချို့ဆိုရင်လည်း နိုင်ငံခြား စေလွှတ်ပေးတာတွေအထိ ရှိပါတယ်။ တိုးချဲ့ဆောင်သစ်မှာက နှလုံးသွေးကြောကျဉ်းမှု ရှိ/မရှိ စစ်ဆေးတာတွေ၊ နှလုံးသွေးကြောချဲ့တာတွေရယ် ဒီ့အပြင် နှလုံးစက်တပ်ပေးတာနဲ့ နှလုံးခွဲစိတ်လုပ်ငန်းတွေကို တစ်နေရာတည်းမှာပဲ ဒီအဆောက်အဦ အသစ်ထဲမှာပဲ ကုသလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆောင်အသစ်ကတော့ နှလုံးအထူးကြပ်မတ် ကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်" ဟု ၀ိတိုရိယဆေးရုံ၏ CEO ဒေါက်တာဒေါ်အေးအေးစန်းက ပြောကြားခဲ့သည်။
May Su Hlaing















