/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/5-နှစ်အောက်-ကလေးငယ်များတွင်အဖြစ်များသော

5 နှစ်အောက် ကလေးငယ်များတွင်အဖြစ်များသော ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း ဟောပြောပွဲကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        2016 ခုနှစ်၏ ကမ္ဘာ့ကလေးများနေ့ကိုကြိုဆိုသောအားဖြင့် 5 နှစ်အောက် ကလေးငယ်များတွင် အဖြစ်များနေသော ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲတစ်ခုကို ဇွန်လ 19 ရက်နေ့တွင် ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

        ယင်းဟောပြောပွဲတွင် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းမှ ကလေးငယ်များ တွင် အဖြစ်များသည့် Rota Virus (ရိုတာဗိုင်းရပ်စ်)ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

        ကလေးငယ်များတွင် အဖြစ်များသည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် အလွန်အဖြစ်များပြီး သေဆုံး မှုနှုန်းလည်းများ၍ အဓိကဖြစ်ပွားရခြင်းအကြောင်းမှာ Rota ခေါ် ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး 2013 ခုနှစ် အတွင်း၌ အဆိုပါရောဂါကြောင့် ကမ်ဘာတစ်ဝှမ်းရှိ ကလေးငယ်ပေါင်း 5 သိန်းကျော် ဝမ်းပျက်ဝမ်လျှောရောဂါဖြင့် သေဆုံးခဲ့ကြရပြီး ကလေးများသေဆုံးမှုတွင် ဒုတိယအများဆုံးရောဂါတစ်ခု လည်းဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သတင်းထုတ်ပြန်ထားသည်။

         ဝမ်းပျက်ဝမ်းလျောရောဂါ၏ လက္ခဏာများတွင် ရေကဲ့သို့အရည်ကျဲကျဲဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ ရက်ရှည်ဝမ်းလျှောခြင်း စသည်တို့ဖြစ်ပွားမှုများကြောင့် ရေဓာတ်၊ ဆားဓာတ်များ အလျင်အမြန်ဆုံးရှုံးပြီး နုံးခွေသွားနိုင်ကာ မကုသဘဲ အချိန်ကြာသွားလျှင် ခန္ဓာကိုယ်အနှံ့ သွေးလှည့်လည်စီးဆင်းမှုပျက်စီးပြီး အသက်ဆုံးရှုံးနိုင်ပါသည်။

        ဝမ်းကိုက်ခြင်းဆိုသည်မှာ ဝမ်းထဲတွင်သွေးပါခြင်းဖြစ်ကာ အူနံရံများပျက်စီးခြင်း၊ အာဟာရချို့တဲ့ခြင်း များနှင့် သက်ဆိုင်ကာ Shigella ဟုခေါ်သော ဘတ်တီးရီးယားပိုး၊ အမီးဘားဟုခေါ်သော ကပ်ပါးပိုးကြောင့်အဓိကဖြစ်ကြောင်းသိရသည်။

        "ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်ရေဆုံးရှုံးမှုရှိမယ် ဒါအတွက်ဓာတ်ဆာရည်သည် အဓိကကုသမှုပါပဲ။ ဒါကဒီရောဂါမှာ ရေဓာတ်ခြောက်ခမ်းမှုကို ကုသခြင်းသည် အရေးကြီးဆုံးပဲ။ ဓာတ်ဆာရည်ကရေရယ်၊ သကြားရယ်၊ ဆားရယ်အချိုးကျကျရောစပ်ထားတာပါ။ ဒါကအူကစုပ်စေဖို့ ဝမ်းပျက်ဝမ်းလျောရောဂါ သက်သာစေဖို့ပါ။ ကလေးကဝမ်းသွားနေလို့ အစာကိုလျှော့ကျေွးတာ ဥပမာ-ကလေးကို နို့တိုက်တာ ရပ်လိုက်တာက မလုပ်သင့်ပါဘူး။ ဝမ်းလျောနေတဲ့အပြင် အာဟာရ ရနေတာကိုပါ ဖြတ်လိုက်သလိုဖြစ်ပြီး ပိုဆိုးသွားစေမှာပါ။ အစားများများစာလို့ ဝမ်းအများကြီးသွားတာ မဟုတ်ပါဘူး။ အူနံရံတွေပျက်သွားပြီး အချို့ဘတ်တီးရီးယားထဲကအရည်တွေက အဆိပ်အတောက်ဖြစ်ပြီး အူထဲကိုစိမ့်ဝင်သွားတယ်၊ အဲ့မှာဝမ်းဆက်သွားတယ်။ အဲ့ဒီအချိန်မှာ မိခင်နို့ရည်ကိုဆက်တိုက်ထားရပါမယ်။ မိခင်နို့က ရောဂါကာကွယ်မှု ပေးစွမ်းနိုင်တဲ့နေရာမှာ အကောင်းဆုံးပါ သူကရောဂါအမျိုးအစားအချို့ကို ကာကွယ်ပေးနိုင်ပါတယ်'' ဟု ကလေးအထူးကုဆရာဝန်ကြီးပါမောက္ခဦးစောဝင်းကပြောသည်။

        ကလေးငယ်များတွင် ရိုတာဗိုင်းရပ်စ်ကြောင့် ပြင်ထန်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းအတွက် ကာကွယ်ဆေးအား ကျန်းမာရေးဌာန၏ တိုးချဲ့ကာကွယ်ဆေးစီမံကိန်းများတွင် ထည့်သွင်းသွားရန် တင်ပြမှုများ ရှိနေကာ အဆိုပါကာကွယ်ဆေးအား ကလေးငယ်အသက် 6 ပတ်သားမှ 1 နှစ် အတွင်း နှစ်ကြိမ် တိုက်ကျေွးနိုင်ကြောင်း သိရသည်။

 

May Su Hlaing (Dr Myanmar)

www.drmyanmar.com