H1N1 ရောဂါနဲ့ပတ်သက်ပြီး ဆရာ၀န်တွေပြောတဲ့ ဆောင်ရန်၊ ရှောင်ရန်
ဒေါက်တာ သက်နိုင်မောင် (မြန်မာနိုင်ငံဆရာ၀န်အသင်း တီဘီရောဂါစီမံချက် မန်နေဂျာ)
♦ အခုလက်ရှိ H1N1 နဲ့ပတ်သက်ပြီး ဘယ်လိုအချက်တွေက ဆောင်ရန်၊ ရှောင်ရန် ဆိုတာလေး ပြောပြပေးပါဦး။
----- ကျွန်တော်သိသလောက်ဆိုရင် ဒီရောဂါက လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံအားပေါ်မူတည်ပါတယ်။ ကိုယ်ခံအားကောင်းအောင်လုပ်ရမယ်၊ အာဟာရပြည့်အောင်စားရမယ်။ Mask တပ်တာကလည်း တပ်တာပေါ့၊ ဒါပေမယ့် လက်က နေရာပေါင်းစုံကို ကိုင်ထားပြီး ပါးစပ်တို့နှာခေါင်းတို့ ကိုင်လိုက်တယ်ဆိုရင် ဒါက ကူးနိုင်တာပဲလေ။ အဲဒီလိုမျိုး မက်ဆေ့က သိပ်မသိကြသေးတော့ လက်ကို ဘာကိုင်ပြီးပြီး သေချာဆေးဖို့ပါပဲ။ လူတွေကြားထဲသွားရင်တော့ Mask တပ်ပါ။ ကိုယ်ကနှာမွှန်ချောင်းဆိုးဖြစ်နေတယ်ဆိုရင် ရိုးရိုး mask တပ်ထားရင် သူများကို မကူးဘူးပေါ့။ လူနေထူထပ်တဲ့ထဲသွားရင် N95 mask လေးတော့ တပ်စေချင်တယ်။ ဒါကတော့ အပြင်ကနေလာတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တာပေါ့။
♦ ဒီပိုးက လေထုထဲမှာ အသက်ရှင်သန်နိုင်တဲ့ သက်တမ်းအနေနဲ့ ဘယ်လောက်ထိရှိတာပါလဲ။
----- စိုထိုင်းရင်တော့ လေထဲမှာ ၂၄နာရီလောက်အထိ ပြန့်နေနိုင်တယ်လို့တော့ပြောတယ်။ ဒါက အတိအကျမဟုတ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ လေထဲမှာ ပျံ့နှံ့နေနိုင်တယ်လို့ ပြောလို့ရပါတယ်။
♦ တချို့သူတွေ အသိအမြင်လွဲနေတဲ့ အချက်လေးတွေက ဘယ်လိုဟာမျိုးဖြစ်မလဲ။
----- အခုဆိုရင် ဆေးခန်းကိုလာပြီး H1N1 ဖြစ်၊ မဖြစ် ချက်ချင်းစစ်ပေးပါဆိုတာမျိုးပေါ့။ ဖျားတိုင်း H1N1 တော့ မဟုတ်ဘူး။ အသိရှိတာတော့ကောင်းပေမယ့်အရမ်းကြီးလည်း ကြောက်နေစရာတော့ မလိုပါဘူး။ ဖျားတိုင်း ဆေးရုံကြီးလွှတ်လို့မှ မဖြစ်တာလေ။ ဒါပေမယ့် ဖျားနေရင်တော့ အိမ်မှာသေချာနားသင့်တယ်။ ပြီးတော့ သူပြနေတဲ့ ဆရာ၀န်ညွှန်ကြားမှုနဲ့ လိုအပ်မှပဲ သွေးစစ်တာတို့ဘာတို့ လုပ်ရမှာပါ။ ပြည်သူတွေအနေနဲ့ ကျန်းမာရေး၀န်ကြီးဌာနလမ်းညွှန်ချက်တွေ သေချာလိုက်နာပြီး ပြန့်နှံ့မှုလမ်းကြောင်းတွေ ထိန်းချုပ်လာနိုင်ရင်တော့ အဆင်ပြေလာမှာပါ။ နေမကောင်းဖြစ်တဲ့သူတွေကလည်း ဘယ်လို mask ကိုပဲဖြစ်ဖြစ် မဖြစ်မနေ တပ်စေချင်ပါတယ်။
ဒေါက်တာ အေးချမ်းမိုး (အနုပညာရှင်၊ Presenter)
♦ H1N1 နဲ့ပတ်သက်ပြီး လတ်တလောဖြစ်နေတဲ့အပေါ် ညီမလေးအမြင်ကို တစ်ချက်လောက် ပြောပြပေးပါဦး။
----- အဓိကကတော့ ညီမတို့ အနေနဲ့ဆိုရင်လည်း ဒီရောဂါက အခုလတ်တလောမှ ပိုပြီးပြန့်နှံ့လာသလိုဖြစ်တော့ လေ့လာတဲ့အခါ သူက လေထဲကနေပျံ့နှံ့ပြီးဖြစ်ပွားတဲ့ရောဂါဖြစ်လို့ ကြိုတင်ကာကွယ်တာက ပိုအရေးကြီးပါတယ်။
♦ Mask တပ်တာကရော ကာကွယ်တာမှာ ထိရောက်လားရှင့်။
----- ညီမကတော့ တတ်နိုင်ရင် Mask လေးတွေတပ်ကြဖို့ ပြောချင်ပါတယ်။ ပုံမှန် Mask တပ်နေကျ surgical mask လို့ခေါ်တဲ့ ဆေးရုံသုံး mask ကတော့ သိပ်ပြီး မထိရောက်ဖူးဆိုပေမယ့် ကိုယ့်ဆီက ရောဂါတွေကို တစ်ခြားသူဆီမရောက်အောင်တော့ ကာကွယ်နိုင်တယ်။ တကယ့်ကို တစ်ခြားသူဆီက ရောဂါပိုး ကိုယ့်ဆီမရောက်အောင်ဆိုရင်တော့ N95 လို့ခေါ်တဲ့ Mask ကို တပ်စေချင်ပါတယ်။ ဒါဆိုရင် ရောဂါပိုးကို ရှောင်ရှားတဲ့နေရာမှာ ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။
♦ N95 ဆိုတဲ့နေရာမှာ အမျိုးအစားကွဲပြားတာမျိုးရော ရှိသေးလား။
----- N95 တို့ N99 တို့ အစားစားရှိပါတယ်။ လေထုထဲက ဖုန်မှုန့်တို့၊ ရောဂါပိုးမွှားတို့ကာကွယ်ဖို့ ခွဲခြားသတ်မှတ်ထားတာတွေတော့ အများကြီးရှိပါတယ်။
♦ ဒီရောဂါနဲ့ပတ်သက်ပြီး လက်ရှိလူတွေရဲ့ နားလည်မှုကိုရော ဘယ်လိုမြင်မိလဲ။
----- အခုနောက်ပိုင်းမှာက လူတွေက သတင်းအတိအကျသေသေချာချာ မသိရတာမျိုးဖြစ်ခဲ့တယ်။ ဘယ်နေရာမှာ ဖြစ်ပွားနှုန်းတွေက ဘယ်လောက်ဖြစ်နေတယ်ဆိုတာ မသိရတော့ တချို့သူတွေက ပျံ့ပွားနှုန်းနည်းပါသေးတယ်ဆိုပြီး ပေါ့ဆမိတာလည်း ရှိတယ်လေ။ ကြိုတင်ကာကွယ်တာကတော့ အရာရာအဆင်ပြေတာမို့လို့ နေ့စဉ် လူထူထပ်တဲ့နေရာတွေကို မရှောင်မဖြစ်သွားရမယ်ဆိုရင် Mask လေးတော့ တပ်တာအကောင်းဆုံးပါ။
♦ Mask အလွယ်တကူ ၀ယ်လို့မရတာမျိုးဆိုရင်ရော။
----- ညီမတို့ဆိုရင်လည်း အမြဲအိမ်ထဲမှာ နေလို့အဆင်မပြေတဲ့အခါကျတော့ အပြင်ကတော့ သွားရမှာပါပဲ။ အခုနောက်ပိုင်းတော့ Mask တွေ၀ယ်လို့ရလာပြီထင်ပါတယ်။
♦ ညီမလေးတို့က အနုပညာလုပ်နေတာဆိုတော့ ပွဲတွေဘာတွေမှာ Mask အုပ်လို့ အဆင်မပြေတာမျိုးရော ရှိနိုင်လား။
----- ညီမလည်း presenter လုပ်နေရတဲ့အခါကျတော့ အဲဒီဟာန့ဲပတ်သက်ပြီး ရှောင်လို့မရဘူးလေ။ mask ကြီးတပ်ပြီး စင်ပေါ်တက်လို့မှမရတာ။ နှာချေချောင်းဆိုးတဲ့သူ နားမရောက်အောင်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ လေထဲကနေတဆင့် ပျံ့တာဖြစ်လို့ ရောဂါပိုးရှိသူ ချောင်းဆိုးနှာချေတာကို ရှောင်နိုင်မှဖြစ်မှာလေ။ နှာချေချောင်းဆိုးရင် တစ်ခုခု အုပ်ပြီး ဆိုးရင်တော့ အကောင်းဆုံးပါပဲ။ အရမ်းကြီးအကြောက်လွန်ပြီး ဘယ်မှမထွက်တာမျိုးလည်း မဖြစ်သင့်သလို ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး ပေါ့ဆတာမျိုးလည်း မလုပ်သင့်ပါဘူး။ အဓိကက ကိုယ်ခံအားနည်းတဲ့သူတွေမှာ အများဆုံးပိုဖြစ်နိုင်တယ်လို့ သိရတယ်။ ကိုယ်၀န်ဆောင်မိခင်တွေ ပိုဂရုစိုက်သင့်တာပေါ့နော်။
ဒေါက်တာ ရီရီစိုး၀င်း ( နားနှာခေါင်းလည်ချောင်း ဘွဲ့လွန် ဒုတိယနှစ်၊ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီး)
♦ H1N1 နဲ့ ပတ်သက်ပြီး လတ်တလော ဆေးရုံမှာကြုံတွေ့ရတဲ့အနေအထားပေါ်မူတည်ပြီး ဘယ်လိုများမြင်မိလဲရှင့်။
----- ရောဂါအနေအထားနဲ့ပတ်သက်ပြီးတော့ အခုလောလောဆယ် ပြည်တွင်းမှာက အားနည်းချက်တွေရှိနေသေးတယ်။ လူတစ်ယောက်က ဒီရောဂါလက္ခဏာမျိုးလာရင် ချက်ချင်း စစ်ဆေးဖို့ကအားနည်းတယ်။ ဒီလူတစ်ယောက် ရောဂါဖြစ်နေပြီလို့ ပြောဖို့ခက်တယ်။ လက်ရှိကုသပေးနေတဲ့ ဆရာ၀န်တွေနဲ့ ကျန်းမာရေး၀န်ထမ်းတွေအတွက် ပစ္စည်း ကိရိယာတွေကလည်း အားနည်းနေသေးတယ်လို့ မြင်ပါတယ်။
♦ လူတွေကြားထဲမှာ မဖြစ်မနေသွားလာလှုပ်ရှားနေရသူတွေအတွက် ဘယ်လိုနည်းလမ်းမျိုးနဲ့ ကာကွယ်တာက အသင့်တော်ဆုံးဖြစ်မယ်လို့ မြင်မိလဲ။
----- အဲဒါကကျတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံအားတက်အောင်နေသင့်တယ်၊ အိပ်ရေး၀၀အိပ်ရမယ်၊ အစားကိုအာဟာရပြည့်အောင်စားသင့်တယ်။ ပြီးတော့ Vitamin C ကိုတစ်နေ့ကို 500 မီလီဂရမ်ကနေ 1000 အထိစားလို့ရတယ်။ Vicee တို့ ဘာတို့ပေါ့။ ပြီးတော့ အရက်ဆေးလိပ်ရှောင်တာကောင်းတယ်။ လူထူထပ်တဲ့နေရာဖြစ်နိုင်ရင်တော့ မသွားပါနဲ့။ သွားမှရမယ်ဆိုရင်တော့ N95 လို Mask လေးတပ်ပြီးသွားသင့်ပါတယ်။ ပြီးတော့ လက်ကို ဆပ်ပြာနဲ့ဖြစ်ဖြစ် Alcohol ပါတဲ့ လက်ဆေးဂျယ်လ် တွေလည်းရပါတယ်။
♦ ဘယ်လိုနေရာမျိုးတွေက အဓိက ကူးနိုင်ခြေများလဲ။
----- လူထုထဲမှာ ဘယ်လောက်ထိပြန့်နေပြီလဲဆိုတာကို သေချာမသိနိုင်သေးဘူး။ လူထူထပ်တဲ့ ဘယ်နေရာမဆို ရှောင်တာကအကောင်းဆုံးပဲ။
♦ Mask ကရော အမျိုးအစားကွဲပြားတာရှိသေးလား။
----- ဟုတ်ကဲ့ရှိတယ်။ ရိုးရိုး Surgical mask တွေဆိုရင် သူ့ရဲ့ လေ၀င်ပေါက်က ကျယ်တယ်။ Virus ဆိုတာက မျက်စိနဲ့မမြင်နိုင်လို့ ဘယ်နေရာကနေမဆို ၀င်သွားနိုင်တယ်။ ကာကွယ်နိုင်တယ်လို့ သတ်မှတ်ထားတဲ့ N95 mask ကလည်း ညီမတို့ကိုယ်တိုင်တောင် သေချာ၀ယ်ဖို့ အဆင်မပြေသေးဘူး။ အပြင်လူတွေအနေနဲ့ ၀ယ်ဖို့ခက်ရင် မရှိသုံးအနေနဲ့ ရိုးရိုး mask ကိုပဲသုံးလို့ရပါတယ်။ တချို့ကျတော့လည်း နှစ်ထပ်၊ သုံးထပ်တပ်ပြီး နေကြတာပါပဲ။ ဆရာ၀န်တစ်ချို့တောင် ဒီလိုပဲ လုပ်နေတာရှိတယ်။ Surgical mask က လုံး၀မကာကွယ်နိုင်တာတော့ မဟုတ်ဘူး။ တတ်နိုင်ရင်တော့ N95 ကိုသုံးတာကောင်းတယ်။ N95 မှာမှ 1860 နဲ့ 1870 ကတော့ တော်တော်ကောင်းတယ်လို့ ကြားတယ်။
♦ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။
----- အပူချိန်က 37 ံC နဲ့ အထက်ဖျားမယ်၊ ကျန်တာကတော့ ရိုးရိုးတုပ်ကွေးလက္ခဏာအတိုင်းပဲ ကိုယ်လက်ကိုက်ခဲမယ်၊ နှာစေးမယ်၊ ချောင်းဆိုးမယ်။ မအီမသာဖြစ်မယ်၊ နုံးမယ်။ လူတိုင်းလိုလိုကိုတော့ ရောဂါလက္ခဏာက ၀င်ရောက်နိုင်တာပါပဲ၊ ဒါပေမယ့် ရောဂါပိုးအ၀င်ခံရတဲ့သူက ကိုယ်ခံအားနည်းနေမယ်၊ ကုသမှုအချိန်မီမရဘူးဆိုရင် အရမ်းမောလာမယ်၊ အဆုတ်မှာ ပြဿနာဖြစ်မယ်။ နောက်ဆုံး သွေးဆိပ်ပြန့်ပြီး အသက်အန္တရာယ်တွေဘာတွေဖြစ်နိုင်တယ်။
♦ ကာကွယ်ဆေးတွေဘာတွေရောရှိလားရှင့်။
----- ဒီရောဂါက 2009 ခုနှစ်မှာစဖြစ်တာဆိုတော့ အဲဒီတုန်းကဟာကို အခြေတည်ပြီး စမ်းသပ်ထားတဲ့ ကာကွယ်ဆေးရှိတယ်။ H1N1 မှာမှ အမျိုးအစားကွဲသေးတယ်။ Strain ချင်းတူရင်တော့ အခုကာကွယ်ဆေးက ထိရောက်မှုရှိတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ ပိုးက အရင် 2009 တုန်းကဖြစ်တာနဲ့ အမျိုးအစားတူမတူ ဂျပန်ကို ပို့ပြီး စစ်ထားတယ်လို့ သိရတယ်။
♦ ကျန်းမာရေး၀န်ထမ်းတွေအတွက် ကာကွယ်မှုပစ္စည်းတွေပေးထားလားရှင့်။
----- အမှန်အတိုင်းပြောရရင်တော့ ကာကွယ်မှုပိုင်းမှာအားနည်းတယ်လို့ မြင်တယ်။ တိုင်းပြည်က ဘတ်ဂျက်ကလည်း နည်းတာကို သဘောပေါက်ပေမယ့် ဒီထက်ပိုပြီး လုပ်ပေးစေချင်တာပေါ့နော်။ ဆရာ၀န်တွေအတွက်မှ မဟုတ်ပါဘူး၊ ကျန်းမာရေး၀န်ထမ်းတိုင်းအတွက်ရော ပြည်သူတွေအတွက်ရော စနစ်တကျ ကာကွယ်မှု လုံလောက်အောင် လုပ်ပေးစေချင်ပါတယ်။ အခုဆို ဒီရောဂါနဲ့ပတ်သက်တဲ့ အစည်းအေ၀းကိုတောင် ၃၀ ရက်နေ့မှ လုပ်မယ်ဆိုတော့လေ။ အခုကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်နေကြတာပါပဲ။ ဆေးရုံတွေမှာ N95 တွေေ၀ထားတာရှိပေမယ့် မလုံလောက်ဘူး။ နည်းတယ်ရှင့်။
ဒေါက်တာမျိုးကိုကို (မကွေး)
♦ H1N1 ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို တစ်ချက်လောက် ပြောပြပေးပါဦး။
----- H1N1 ခေါ် Swine fluကိုအဓိကဖြစ်စေတာက SIV( Swine Influenza Virus) လို့ခေါ်တဲ့ Influenza virus တမျိုးကဖြစ်စေတာပါ။ ဒီ virus တွေက ပုံမှန်အားဖြင့် Seasonal ( ရာသီပေါ် တုပ်ကွေး) ဖြစ်ပြီး အခုလိုပူနွေးစိုစွတ်တဲ့ရာသီတွေမှာ အဖြစ်များပါတယ်။ ဒီ virus တွေမှာပါတဲ့ Haemagglutinin protein (HA protein -subtype1-11)တွေကြောင့် Swine flu(H1N1), Bird flu (H5N1) စသဖြင့် အမျိုးအစားတွေ ကွဲသွားတာပါ။ ရောဂါဖြစ်နေတဲ့ တိရစၦာန်ဒါမှမဟုတ်လူနဲ့ တိုက်ရိုက်ထိတွေ့မိတာဆိုရင်တော့ ရောဂါစတင်ဖြစ်ပွားဖို့အစပျိုးတာပါပဲ။
♦ ဘယ်လိုလူတွေအဓိကဖြစ်ပွားလဲ၊ ဘယ်လိုပုံစံနဲ့ကူးစက်ပါသလဲ။
----- အဓိကကတော့ ရောဂါဖြစ်ပွားတဲ့သူရဲ့ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တာပါ။
နောက်ရောဂါဖြစ်ပွားသူရဲ့ အသုံးအဆောင်တွေမှတစ်ဆင့်လည်းကူးနိုင်ပါတယ်။ ကလေးငယ်တွေ၊ အသက်ကြီးရင့်တဲ့ဘိုးဘိုးဘွားဘွားတွေ ၊ HIVကဲ့သို့သောခုခံအားကျဆင်းစေသောရောဂါဝေဒနာရှင်တွေ၊ဆီးချို သွေးချို ဝေဒနာရှင်တွေ၊ steroid ဆေးတွေတာရှည်သောက်သုံးနေသူတွေ ၊ကိုယ်ဝန်ဆောင်အမျိူးသမီးတွေမှာ အဖြစ်များပါတယ်။ နောက် H1N1ရောဂါပိုးကူးစက်ခံရသူတွေနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့ဆရာဝန်၊ သူနာပြု ၊ဆေးရုံဝန်ထမ်းများ ၊ လူနာမိသားစုတွေက ကူးစက်ခံရဖို့ အခွင့်အလမ်းအများဆုံးပါ။
♦ ဒီရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်တာက အကောင်းဆုံးနည်းဖြစ်နိုင်မလဲ။
----- H1N1 virus ဟာအသက်ရှူလမ်းကြောင်းကနေ တဆင့်အဓိကကူးစက်တာဖြစ်ပါတယ်။ လူနေထူထပ်တဲ့နေရာ သွားလာတာကို ရှောင်ကြဉ်ပေးပါ။ မဖြစ်မနေသွားရမယ်ဆိုရင် mask တပ်ပေးပါ။ နောက်ပြီး နှာချေ ချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ အုပ်ပီးဆိုးပါ။ ကျန်းမာအောင်နေပါ။
ကိုယ်ခံအားကောင်းအောင် နေပါစားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားပါ ။ အသီးအရွက်၊ အသားငါးတွေကို သေချာကျက်အောင်ချက်ပြီးမှစားပါ ။ အိပ်ရေးပျက်မခံပါနဲ့၊ ဘာပဲကိုင်ကိုင် ပြီးတာနဲ့လက်ဆေးပါလို့ ပြောချင်ပါတယ်။
Ye Lin Lin Than (www.drmyanmar.com)
















