/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/hatta-စေတနာဆေးခန်း-တိုးချဲ့သားဖွားဆောင်ဖွင့်ပွဲကျင်းပ

Hatta စေတနာဆေးခန်း တိုးချဲ့သားဖွားဆောင်ဖွင့်ပွဲကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

           ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ စေတနာဆေးခန်းများ မြန်မာနိုင်ငံအနှံအပြား ဖွင့်လှစ်ရာတွင် တစ်ခုအပါအဝင်ဖြစ်သော Hatta စေတနာဆေးခန်း တိုးချဲ့သားဖွားဆောင်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ 5 ရက်နေ့ နံနက် 9 နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် 14(10/တောင်)ရပ်ကွက်၊ အမှတ် 7 ဈေး လမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

           Hatta စေတနာဆေးခန်း တိုးချဲ့သားဖွားဆောင်ကို ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံ Okayama University မှ ဆရာနှင့် ကျောင်းသားများပါဝင်သောအဖွဲ့နှင့် ဒေသနေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့်ပြီးခဲ့သည့် 2016 ခုနှစ် မတ်လနှင့် ဧပြီလ များက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ သားဖွားခန်းတစ်ခန်း၊ မွေးပြီးလူနာထားရှိရန်အဆောင်နှင့် လူနာကုတင်များပါဝင်ပြီး ကိုယ်၀န်ဆောင်မိခင်ပျှမ်းမျှ တစ်လလျှင် 30 နှင့် 40 ပတ်ဝန်ကျင်အား မွေးဖွားပေးနိုင်ရန်ရည်ရွယ်ထားကြောင်းသိရသည်။

           “သာမာန်အားဖြင့် စေတနာဆေးခန်းတွေက နာမကျန်းဖြစ်တာတွေအတွက် ရည်ရွယ် ဖွင့်ထားဖြင်းဖြစ်ပြီး ဆေးခန်းရဲ့လစ်လပ်နေရာမှာ သားဖွားဆောင်နဲ့ မွေးဖွားပြီးလူနာတွေနေနိုင်အောင် ဆောက် လုပ်ထားပါတယ်။ ဒီတိုးချဲ့သားဖွားဆောင်ကို ဆင်ခြေဖုံးဒေသ၊ ဝင်ငွေနည်းတဲ့ဒေသတွေမှာ ဖွင့်လှစ်တာဖြစ်တဲ့ အတွက် ကိုယ်ဝန်ဆောင်မိခင်များ လက်လှမ်းမှီရေးအတွက် ရည်ရွယ်ပါတယ်။ စေတနာဆေးခန်းနဲ့ တိုးချဲ့သားဖွားဆောင်တွေကို ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် အရှေ့ဒဂုံမြို့နယ် 133 ရပ်ကွက်မှာ ဖွင့်ပေးခဲ့ပါတယ်။ အဲ့ဒါက ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးကနေ လှူဒါန်းတာဖြစ်ပြီး မကွေးမြို့မှာလည်း ယူရိုအေးရှားဖောင်ဒေးရှင်းကနေ လှူဒါန်းတဲ့သားဖွားဆောင်ကို ဖွင့်လှစ်ပေးခဲ့ရာမှာ 1 နှစ်ခွဲရှိပြီဖြစ်ပါတယ်။ တစ်နှစ်ကို သားဖွားလူနာ 30 နဲ့ 50 ကြား မွေးဖွားပေးနေပါတယ်။ အဲ့ဒါကြောင့် အခုတိုးချဲ့သားဖွားဆောင်ဖွင့်တဲ့ သာကေတကိုလည်းပြန်ကြည့်တဲ့အခါ သားဖွာလူနာတွေအတွက် ဆေးရုံမရှိတာကြောင့် နီးစပ်ရာဒေသတွေကို သွားနေရတယ်။ အဲ့ဒီ့အတွက် ငွေကြေးအကုန်အကျများနိုင်တော့ ဒါကိုတစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်း တဲ့အနေနဲ့ ဆရာတို့က ဒီတိုးချဲ့သားဖွားဆောင်ကို စီစဉ်ရခြင်းဖြစ်ပါတယ်။” ဟု ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာဦးသန်းစိန် က ပြောကြားသည်။

           “သာကေတ၊ 10/တောင်ရပ်ကွက်မှာရှိတဲ့ ယခုစေတနာအခမဲ့ဆေးခန်းနေရာမှာ အခမဲ့ဆေးဝါး ကုသမှုများဆောင်ရွက်ပေးနေသလို၊ မွေးကင်းစကလေးများသေဆုံးမှုနဲ့ မိခင်သေဆုံးမှုကို သိသိသာသာလျော့နည်းသွားစေနိုင်အောင် ကျွမ်းကျင်သူများနှင့် အန္တရာယ်ကင်းစွာမွေးဖွားပေးနိုင်ရန်အတွက် သားဖွားဆောင်အဆောက်အဦးကို ဂျပန်နိုင်ငံအိုကာယားမားမြို့၊ ကာဂူဂျီခံကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များက မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအတွက် ဆောက်လုပ်လှူဒါန်းငွေထည့်ဝင်မှုတွင် ပါဝင်ပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ ဦးဆောင်ကြီးကြပ်မှု၊ ပံပိုးမှုဖြင့် ကျွမ်းကျင်သော ဝန်ထမ်းများ ခန့်ထားပြီး အန္တရာယ်ကင်းစွာမွေးဖွားပေးခြင်းကြောင့် သာကေတမြို့နယ်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များအထိ အကျိုးခံစားရတော့မှာဖြစ်ပါတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ရှိသူကပြောကြားခဲ့သည်။

            ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေဖြင့် စေတနာဆေးခန်းများ မြန်မာနိုင်ငံအဝှမ်း လိုက်လံ ဖွင့်လှစ်နေပြီး လာမည့် 2017 ခုနှစ် ဧပြီလအတွင်း ပြည်မြို့၌လည်း ထပ်မံဖွင့်လှစ်ရန်စီစဉ်ထားကြောင်းနှင့် လက်ရှိတွင်နယ်မြို့များဖြစ်သော ကျောက်ဆည်၊ မြင်းခြံ၊ မကွေး၊ ကြံခင်း စသဖြင့် ဒေသအသီးသီး တို့တွင် စေတနာဆေးခန်းများဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်၏ ကျန်းမာရေးလုပ်ငန်းစဉ်စီမံကိန်းများတွင်လည်း မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျှက်ရှိနေပါကြောင်းသိရသည်။

 

May Su Hlaing

www.drmyanmar.com