Malaysia Healthcare နှင့် မြန်မာနိုင်ငံရှိပုဂ္ဂလိကဆေးရုံ 3 ခု ကျန်းမာရေးဆိုင်ရာပူးပေါင်းသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းပြုလုပ်
မလေးရှားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာခရီးသွားကောင်စီ (Malaysia Healthcare)သည် မြန်မာနိုင်ငံရှိဆေးရုံ 3ခုနှင့်အတူတကွနှစ်နိုင်ငံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်မှန်း၍ အပြန်အလှန်ပူးတွဲဆောင်ရွက်မှု သဘောတူညီလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဧပြီလ 5 ရက်နေ့တွင် ရန်ကုန်မြို့ဆီဒိုနားဟိုတယ်ရှိ အင်းယားခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မလေးရှားကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥက္ကလာပအထူးကုဆေးရုံ (OSC)၊ အောင်ရတနာဆေးရုံ နှင့် Kembangan ဆေးရုံတို့အကြား အပြန်အလှန် ပူးပေါင်းမှုသဘောတူညီခြင်းများအတွက် လက်မှတ်ရေးထိုးခဲ့ကြကာ အဆိုပါမြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများသည် မလေးရှားဆေးရုံကြီးများနှင့် နှလုံးရောဂါ၊ ဦးနှောက်အာရုံကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါ၊ အရိုးအကြောအဆစ်ရောဂါများအတွက် မြန်မာနိုင်ငံတွင် လိုအပ်သည့်ကုသမှုများနှင့် မိျုးပွားခြင်းနှင့်သက်ဆိုင်သည့် ကုသမှုများကို မြှင့်တင်ပေးခြင်းအားဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် စိတ်၀င်စားလျက်ရှိသည်။
“ခိုင်မာသော၊ အားကိုးအားထားပြုအပ်သော ပူးပေါင်းဆောင်ရွက်သူများရှိခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်နွယ်ခရီးသွားသူများ မလေးရှားနိုင်ငံတွင် ချောမွေ့သော ဆေးဖက်ဆိုင်ရာ ခရီးသွားလာမှုအတွေ့အကြုံများရရှိစေရန်အတွက် လွယ်ကူမှု၊ သက်သောင့်သက်သာရှိမှုများကို ကြိမ်းသေပေးဆောင်နိုင်မှာဖြစ်ကြောင်း” မလေးရှားကျန်းမာရေးစောင့်ရှောက်မှု၏ အမှုဆောင်အရာရှိချုပ် Ms Sherene Azli မှ ပြောကြားသည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်နွယ်ခရီးသွားခြင်းသည် ယနေ့မလေးရှားနိုင်ငံတွင် အလျင်မြန်ဆုံးကြီးထွားတိုးတက်နေသည့် လုပ်ငန်းများတွင် တစ်ခုအပါအ၀င်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာဆေးဝါးကုသရင်းခရီးသွားလာမှုဂျာနယ်(The International Medical Travel Journal)မှဆေးဖက်ဆိုင်ရာခရီးသွားလာခြင်းအတွက် သွားရောက်ရန်အသင့်တော်ဆုံးနိုင်ငံဆုကို 2015 ခုနှစ်နှင့် 2016 ခုနှစ်တို့တွင်လည်း 2နှစ်ဆက်တိုက် ရရှိခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။
May Su Hlaing















