ကင်ဆာရောဂါရဲ့ နည်းလမ်းတစ်မျိုးတည်းဖြင့် ကုသလို့ မရဘူးလား
ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ ပဋိဇီ၀ဆဲလ်တွေ အထိန်းအကွပ်မရှိ လွတ်ထွက်ပြီး ကြီးမားပေါက်ဖွားဒုက္ခပေးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုပဋိဇီ၀ဆဲလ်တွေ ကြီးမားပေါက်ပွားတာဟာ မြန်ဆန်ပြီး အနီးအနားက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အမြစ်တွယ်ထိုး၀င်ဖျက်ဆီးသလို ခန္ဓာကိုယ်အတွင်း ေ၀းလံတဲ့နေရာတွေမှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေး၊ အဆီလမ်းကြောင်း (Lymphatic) များမှတစ်ဆင့် ပျ့ံနှံ့ကာလည်း ဖျက်ဆီးတတ်ပါတယ်။ ယခုလို နိဒါန်းချီတင်ပြရတာကတော့ မိတ်ဆွေအတော်များများက မေးကြပါတယ်။
(1) ကင်ဆာရောဂါဆိုတာဘာလဲ?
(2) ကင်ဆာရောဂါကို ဘယ်လိုကာကွယ်နိုင်ပါသလဲ?
(3) ကင်ဆာရောဂါမှာ အမျိုးမျိုး အဖုံဖုံကုသနေမယ့်အစား နည်းလမ်းတစ်မျိုးတည်းဖြင့် ကုသလို့ မရဘူးလား?
ဒီမေးခွန်းတွေရဲ့ အဖြေကို ဂဃနဏ နားလည်သဘောပေါက်စေလိုလို့ ထိုက်သင့်သလောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကင်ဆာဆိုတာဘာလဲဆိုတာ တင်ပြပြီးပေမယ့် ဒီကင်ဆာရောဂါဟာ ဘာကြောင့် ဖြစ်သလဲဆိုတာ ကိုတော့ ရာနှုန်းပြည့် မသိကြရသေးပါဘူး။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာမှာ ကင်ဆာရောဂါတွေဖြစ်တတ်လို့ ဒီရောဂါတွေအားလုံးဟာ ဘာကြောင့်ဖြစ်ကြတယ်ဆိုတဲ့ အကြောင်းခြင်းရာတစ်ခုတည်းကို ရှာဖွေလို့မရပါဘူး။ တချို့မှာ မျိုးရိုးဗီဇကြောင့်ဖြစ်သလို တချို့မှာတော့ ကင်ဆာဖြစ်စေတဲ့ ဓာတ်သဘာ၀တွေနဲ့ ဆုံတွေ့လို့ဖြစ်ကြပြီး တချို့ကတော့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပါတယ်။ တချို့မှာတော့ ထပ်တလဲလဲပွန်းတိုက်မိတာကြောင့် ဖြစ်သလို စားသောက်ပုံအကျင့်စရိုက်နဲ့ အစားအသောက်တွေကြောင့်လည်း ဖြစ်တတ်လို့ အကြောင်းတစ်ခုတည်းကြောင့် ဖြစ်လာတာမဟုတ်လို့ ကင်ဆာအားလုံးကို ကာကွယ်တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်တဲ့ Human papilloma ကနေ သားအိမ်ခေါင်းကင်ဆာဖြစ်မှု၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးတွေ ကနေတစ်ဆင့် အသည်းကင်ဆာဖြစ်တာတွေကိုတော့ သက်ဆိုင်ရာ ကာကွယ်ဆေးတွေထိုးပေးခြင်းဖြင့် ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ပိုးအမျိုးအစားများစွာ ရှိသော်လည်း ကာကွယ်ပေးတာက 2 မျိုး 3 မျိုး လောက်သာဖြစ်လို့ ရာနှုန်းပြည့်တော့ မကာကွယ်နိုင်ပါဘူး။ ဒီဆေးကို လည်း ကာမဆက်ဆံမှုမပြုမီ ဆယ်ကျော်သက်အရွယ်မှာထိုးမှသာ အကျိုးရှိစေတာမို့ အသက်အရွယ်ကြီးရင့်ပြီး လိင်ဆက်ဆံမှုအဖော်များသူတွေမှာတော့ ငွေကုန်ကြေးကျများတာပဲ အဖတ်တင်နိုင်ပါတယ်။ ဆေးလိပ်သောက် သူတွေမှာ အဆုတ်ကင်ဆာ အဖြစ်များသလို အရက်သောက်သူတွေမှာ အသည်းကင်ဆာ၊ အသားစားများသူတွေမှာ အူမကြီးကင်ဆာ စတာတွေလည်းရှိကြလို့ ဆင်ခြင်နိုင်ကြပါက ထိုက်သင့်သလောက် ကင်ဆာဖြစ်မှု နည်းပါးသွားနိုင်ပါတယ်။ တချို့မှာတော့ Radiation တွေမိပြီး သွေးကင်ဆာဖြစ်တာရှိသလို နေပူစာလှုံတာ၊ နေပူထဲနေတာများပြီး Ultra Violet ရောင်ခြည်တွေကြောင့် အရေပြားကင်ဆာဖြစ်တတ်လို့ ဒီအန္တရာယ်တွေကိုသိရှိထားပြီး တတ်နိုင်သမျှ ရှောင်ဖယ်နေတာဟာ ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်။ တချို့ဆေးဆိုးလုပ်ငန်းတွေမှာ သုံးတဲ့ဆိုးဆေးတွေကတော့ ဆီးအိမ်ကင်ဆာဖြစ်စေတယ်လို့ သတိထားကိုင်တွယ်တတ်ဖို့ လိုအပ်သလို ရောင်ခြည်သုံးတဲ့ စက်ရုံတွေ၊ ဓာတ်မှန်ရိုက်စက်တွေ အသုံးပြုသူတွေအနေနဲ့လည်း Lead Sheet တွေနဲ့ ကာကွယ်ထားကြရမှာဖြစ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ကင်ဆာရောဂါဖြစ်နိုင်သလို ဖြစ်ပွားပုံများကလည်း မတူကြလို့ နည်းလမ်းတစ်ခုတည်းနှင့်ကာကွယ်ဖို့ မဖြစ်နိုင်ကြောင်း သတိချပ်စေချင်တာပါပဲ။ ဗုဒ္ဓဘာသာတရား သဘောအရဆိုပါက ဇာတိဖြစ်ပေါ်လာရင် ဇရာ၊ ဗျာတိ၊ မရဏတွေ မလွဲမသွေ လိုက်လာမှာမို့ ဒီ၀ိပါ ကဋ်စသည် မပေါ်လာစေဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည့် အလိုသာဖြစ်ကြောင်း၊ မဂ္ဂင်လမ်းကြောင်းကို လိုက်နာကျင့်ကြံကြဖို့ပဲ ဖြစ်ပါတယ်။
အဓိကမေးခွန်းဖြစ်တဲ့ ကင်ဆာရောဂါတွေကို ကုသပုံနည်းလမ်းတစ်မျိုးတည်းဖြင့် ကုသပေးလို့ မရဘူးလားဆိုတော့ ကင်ဆာရောဂါဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာလိုဖြစ်နိုင်လို့ ဦးနှောက်ကင်ဆာနဲ့ အူမ ကြီးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတွေဟာ ဖြစ်ပွားပုံ၊ ပျံ့ပွားပုံ၊ ဖျက်ဆီးတဲ့ ခန္ဓာအစိတ်အပိုင်းတွေမတူညီကြသလို ကုသရာမှာလည်း ကွဲပြားခြားနားကြပါတယ်။ ရိုးရိုးရှင်းရှင်းစဉ်းစားကြပါက ကင်ဆာဆိုတာ ရောဂါတစ်မျိုးဖြစ်တာမို့ ဒီရောဂါမျိုးကို ဒီဆေး၊ ဒီကုသမှုနည်းက ပျောက်ကင်းစေနိုင်ရင် အားလုံးသော ကင်ဆာရောဂါတွေကို ပျောက်ကင်းစေနိုင်မှာပဲလို့။ ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ ခန္ဓာအစိတ်အပိုင်း တစ်ခုတည်းမှာပင် ကင်ဆာပဋိဇီ၀ဆဲလ်အမျိုးအစားတွေက မတူကွဲပြားကြပါတယ်။ အနုစိတ်လေ့လာပါက ရင်သားကင်ဆာတစ်ခုတည်းမှာပင် ပဋိဇီ၀ဆဲလ်အမျိုးအစား အနည်းဆုံး 6 မျိုး ရှိနေပါတယ်။ ဒီအပြင် ဒီဆဲလ်တွေရဲ့ ပုံသဏ္႑ာန်မမှန်မှု၊ ဖျက်ဆီးနိုင်မှုစွမ်းအား Grade တွေကလည်း ကွဲပြားခြားနားလို့ ဒီအကြောင်းခြင်းရာတွေကိုလိုက်ပြီး ကုသမှုဟာလည်း ကွဲပြားခြားနားကြရပါတယ်။
အခြားအကြောင်းအရာအချက်တွေကတော့ ကင်ဆာရောဂါဟာစဖြစ်ပြီး ငြိမ်နေတာမဟုတ်ပါဘဲ အရှိန်အဟုန်များပွားများကြီးထွားလာခြင်း၊ အနီးအနားက အင်္ဂါတွေကို ထိုး၀င်အမြစ်တွယ်ချက်၊ ေ၀းလံတဲ့နေရာက ကိုယ်အင်္ဂါတွေကို ပျံ့နှံ့ခြင်း၊ ဖျက်ဆီးခြင်းတွေရှိလို့ သမားတော်နဲ့ လာရောက်ပြသဆွေးနွေးတဲ့အခါမှာ ရောဂါ အဆင့်ဟာလည်း နုခြင်း၊ ရင့်ခြင်းတွေ မတူကြပါဘူး။ ရောဂါအဆင့်နုပါက ကုသရတာ မခဲယဉ်းပေမယ့် အဆင့်မြင့်၊ ရင့်ခြင်းများဖြစ်နေတဲ့အခါမှာတော့ ကုသရတာခက်ခဲပြီး အမြစ်ဖြတ်ရန်လည်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ပါက တတ်ယောင်ကားများနှင့် ပြသကုသနေမည့်အစား စေတနာထားပြီး တတ်သိကျွမ်းကျင်တဲ့ သမားတော်များနှင့်သာ စောစီးစွာ ဆွေးနွေးတိုင်ပင်ကုသရမှာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်ရာခန္ဓာအစိတ်အပိုင်း ပဋိဇီ၀ဆဲလ်များ၏ အခြေအနေ၊ ရောဂါအဆင့်တွေပေါ်လိုက်ပြိး ကုသပေးရတာမျိုးဖြစ်ပါတယ်။ တစ်မျိုးတည်းနှင့် ကုသပေးလို့မရပါဘူး။ ရင်သားကင်ဆာအဆင့် (1)မှာ ခွဲစိတ်ကုသလို့ပျောက်ကင်းနိုင်ပေမယ့် ရင်သားကင်ဆာ အဆင့်(4)မှာတော့ ခွဲစိတ်ခြင်းအပြင် ဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းစတာတွေပြုလုပ်ပေးပေမယ့် ရောဂါကတော့ လုံး၀မပျောက်ကင်းနိုင်တော့ပါဘူး။
အခြားအရေးကြီးတဲ့အကြောင်းအချက်ကတော့ လူနာ၏ ပကတိကျန်းမာရေးအခြေအနေဖြစ်ပါ တယ်။ ရောဂါက မရင့်သေးပေမယ့် ကုသမှုကို ခံနိုင်တဲ့အခြေအနေမရှိပါက လိုအပ်တဲ့ကုသမှုမပေးနိုင်ဘဲ သူနဲ့ ထိုက်သင့်တဲ့ ကုသမှုကိုပဲရွေးချယ်ရပါတယ်။ သို့မဟုတ်ပါက ကုသမှုအောင်မြင်ပေမယ့် လူနာဒုက္ခရောက် သွားရတာတွေလည်း ရှိတတ်ပါတယ်။
အလားတူပဲ လူနာရဲ့ အခြေအနေကောင်းပြီး သမားတော်ကလည်း ဘယ်လိုကုသပေးရမယ်ဆိုတာ သိပေမယ့် ကုသဖို့ဆေးဝါးပစ္စည်းမစုံလင်၊ မလုံလောက်တဲ့အခါမှာ အခြားနည်းလမ်းကို သုံးရလေ့ရှိပါတယ်။ ယခုအခါမှာ ဓာတ်ရောင်ခြည်ကင်ဖို့ စက်တွေနည်းပြီး ကျွမ်းကျင်သူရှားပါးတဲ့အခါမှာ လူနာတွေလနဲ့ချီစောင့်နေရလို့ ရောဂါအဆင့်တွေမြင့်လာပြီး ဒုက္ခရောက်ကြရသူတွေလည်းများလှပါပြီ။ အစိုးရ၊ ပုဂ္ဂလိကတွေက စေတနာမေတ္တာ ထားပြီး ဆောင်ရွက်ပေးနိုင်ပါက ဒုက္ခသည်လူနာအများ သက်သာရာရကြမှာဖြစ်ပါတယ်။
ဒီအပြင် အခြားအရေးကြီးတာကတော့ လူနာနဲ့ လူနာရှင်တွေရဲ့သဘောတူ လက်ခံနိုင်ကြဖို့ ဖြစ်ပါတယ်။ နားမလည်သူကပြောပြအကြံပေးလို့ မသိသူတွေက လိုက်နာကြပြီး၊ ဆေးသွင်းပါက ဘာတွေဖြစ်တတ်တယ်၊ ဓာတ်ရောင်ခြည်က ဘယ်လိုဒုက္ခပေးတတ်တယ်ဆို်ပြီး ကုသမှုကို ငြင်းပယ်တာတွေလည်း ကြုံခဲ့ရပါတယ်။ တကယ်တော့ အဲဒီအကြံပေးပုဂ္ဂိုလ်တွေက ဘာမှတိတိကျကျ ရေရေလည်လည် နားမလည်ဘဲ ထင်ရာမြင်ရာ ပြောတာကို နားယောင်မိလို့ နိုင်ငံတကာက လက်ခံထားတဲ့ကုသမှုမျိုးကိုပယ်ပြီး တတ်ယောင်ကားတွေနဲ့ ကုသကြလို့ ဒုက္ခရောက်ရသူတွေကလည်း ဒုနဲ့ဒေးပါပဲ။
လူနာရဲ့ ရောဂါအခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသမှုလည်း အမျိုးမျိုးကွဲပြားခြားနား သလို ဆေးပေးပုံ ဆေးရွေးနည်း (Regime) တွေကလည်း ရောဂါအလိုက်၊ အဆင့်အလိုက်ကွဲပြားကြပါတယ်။ သမားတော်တွေကလည်း လူနာခံနိုင်ရည်ရှိမည့်ကုသမှုကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။ တချို့ ကင်ဆာတွေက ဟော်မုန်းဓာတ်ပေါ် အမှီပြုလို့ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ မှာ ဟော်မုန်းဓာတ်နဲ့ကုသမှုကို အသုံးပြုကြရပါတယ်။ လူနာ၏ ခံစားရမှုသက်သာစေဖို့ ဓာတ်စာနဲ့ကုသခြင်း၊ အပ်စိုက်ကုသခြင်း၊ အန့ံဖြင့်ကုသခြင်း၊ အနာသက်သာတဲ့ ဆေးဝါးများဖြင့် ကုသခြင်းစတာတွေကိုလည်း လူနာ အခြေအနေ၊ ရောဂါအခြေအနေတွေပေါ် မူတည်ကုသပေးကြရလို့ နည်းလမ်းတစ်မျိုးတည်းဖြင့် ကင်ဆာရောဂါစုံကို ကုသလို့မဖြစ်နိုင်ပါကြောင်းဖြင့် နိဂုံးချုပ်အပ်ပါတယ်။
ပါမောက္ခမြသိန်းဟန် (ခွဲစိတ်အထူးကုသမားတော်ကြီး)
Health Digest Journal (No. 25)
















