ကမ်ဘာအနှံ့ပျံ့နှံ့နေသာ မကူးစက်တတ်သည့်ရောဂါ DIABETES ဆီးချိုသွေးချိုရောဂါဖြစ်လျှင် ဘာလုပ်မလဲ?
ဆီးချိုသွေးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်သောကြောင့် ရေရှည်ကုသမှုခံယူရမည့်ရောဂါဖြစ်ပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် လူ့ဘ၀နေထိုင်မှုဟန်နှင့်များစွာ ဆက်စပ်နေသောကြောင့် ကျန်းမာသော လူ့ဘ၀ နေထိုင်မှုဟန်ကို လိုက်နာရန် အရေးကြီးပါသည်။ ဆီးချိုသွေးချိုရောဂါရှင်များသည် အောက်ဖော်ပြပါ အချက်များ လိုက်နာရန်နှင့် ကုသစစ်ဆေးမှုပုံမှန်ခံယူရန် လိုအပ်ပါသည်။
- အစားအသောက်ထိန်းခြင်း၊ ရှောင်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
- ဆီးချိုသွေးချိုထိန်းသော ဆေးများသောက်ခြင်း
- အင်ဆူလင်ထိုးခြင်း
- လိုအပ်သည်များ ပုံမှန်စစ်ဆေးခြင်း
- သွေးအတွင်းအချိုဓာတ်ပမာဏစစ်ခြင်း
- သွေးပေါင်ချိန် တိုင်းခြင်း
- မျက်စိစစ်ဆေးခြင်း
- ခြေထောက်များအား စစ်ဆေးခြင်း
- ကျောက်ကပ်နှင့်ဆိုင်သော ဆီး၊ ၀မ်းစစ်ခြင်း
- သွေးအတွင်းအဆီပမာဏစစ်ခြင်း
- ECG ရိုက်ခြင်း
အစားအသောက်ဖြင့် သွေးအတွင်းအချိုပမာဏကို ထိန်းခြင်း
လူတိုင်းလူတိုင်းအတွက် နေ့စဉ် အာဟာရပြည့်၀မျှတစွာ ရရှိရန် အစာအုပ်စုကြီး (3)ခုရှိပါသည်။ မိမိတို့စား သုံးသောအစာများတွင် ထိုအစာအုပ်စုကြီး (3) ခုလုံး မျှတစွာပါရန် အရေးကြီးပါသည်။ အစာအုပ်စုကြီး (3) စုမှာ -
1) ခန္ဓာကိုယ်အား ဖွံ့ဖြိုးကြီးထွားစေသော အစားအစာများ
- အသား
- ငါး
- ဥ
- နို့နှင့် နို့ထွက်ပစ္စည်းများ
- ပဲအမျိုးမျိုး
2) ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေသော အစားအစာများ
- ဆန်
- ဂျုံ
- ပြောင်း
- အာလူး
- အဆီ
3) ရောဂါအန္တရာယ်မှ ကာကွယ်ပေးသော အစားအစာများ
- ဟင်းသီးဟင်းရွက်များ
- အသီးအနှံများ
ဆီးချိုသွေးချိုရောဂါရှင်များ၏ နေ့စဉ် စားသောက်မှုပုံစံတွင် အောက်ဖော်ပြပါအချက်များနှင့် ပြည့်စုံရန် လိုအပ်ပါသည်။ ၎င်းတို့မှာ -
- အာဟာရပြည့်၀စေရန်
- သွေးအတွင်းအချိုဓာတ်ပမာဏများစေရန်
- သွေးအတွင်းအဆီပမာဏများစေရန်
- နောက်ဆက်တွဲရောဂါဆိုးများရန်မှ ကာကွယ်ရန်တို့ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါရှင်များသည် အစားအသောက် ဆင်ခြင်ရန်၊ မတည့်သော အစားအစာများကိုရှောင်ကြဉ် ရန် လွန်စွာအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် အချိုဓာတ်များသော အစားအစာများ စားလိုက်မိသည်နှင့် တစ်ပြိုင်နက် သွေးအတွင်း အချိုဓာတ်ပမာဏမြင့်တက်သွားမည်။ ထိုမှတစ်ဆင့် သွေးကြောလေးများပျက်စီးပြီးနောက် ဆက်တွဲဆိုးကျိုးများ မုချ၀င်လာပေလိမ့်မည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်သောကြောင့် အစားအသောက်အား ရေရှည်အမြဲဆင်ခြင်ရန်လိုပါသည်။ သို့မှသာ သွေးအတွင်းအချိုဓာတ်ပမာဏကို ထိန်းနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများ အန္တရာယ်မှ ကာကွယ်နိုင်ပေမည်။
ဆီးချိုသွေးချိုရောဂါရှင်တို့၏ နေ့စဉ်စားရမည့် နေ့လယ်စာနှင့် ညနေစာထမင်းပန်းကန်တွင် အာဟာရပြည့်၀စေရန် အစာအုပ်စုကြီး (3) စု မျှတစွာ ပါ၀င်ရမည့်အပြင် အချိုးအစားမှန်ကန်မှုလည်း ရှိရပါမည်။ ဆီးချိုသွေးချိုရောဂါ ရှင်တို့အတွက် ထမင်းပန်းကန်တွင် ရှိသင့်သည့်အချိုးမှာ -
- ထမင်းပန်းကန်၏ နှစ်ပုံတစ်ပုံ - ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်သည် အသီးအနှံများနှင့် မတူပါ။ ဟင်းသီးဟင်းရွက်များမှာ -
ဥပမာ - ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက်၊ မုန်လာဥနီ/ဖြူ၊ ကြက်ဟင်းခါးသီး၊ ဗူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး၊ သခွား သီး၊ ဆလတ်ရွက်၊ မြင်းခွာရွက်၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်။
- ထမင်းပန်းကန်၏ လေးပုံတစ်ပုံ - ထမင်း၊ ဂျုံ
- ထမင်းပန်းကန်၏ လေးပုံတစ်ပုံ - အသား၊ ငါး၊ ပဲအမျိုးမျိုး။
ဆီးချိုသွေးချိုရောဂါရှင်များ အစားအသောက်နှင့်ပတ်သက်၍ လိုက်နာသင့််သည့်အချက်များမှာ -
1) အထူးရှောင်ရမည့် အစားအသောက်များ
- အချိုများသော အစားအစာများ
- သကြား၊ ပျားရည်၊ ထန်းလျက်၊ ဂလူးကို့စ်၊ ယိုအမျိုးမျိုးနှင့် ၎င်းတို့နှင့် ပြုလုပ်ထားသော အစားအစာများ
- ချိုသောအသီးများ (ဥပမာ - ပျားလိမေ္မာ်သီး၊ မင်းဂွတ်သီး၊ သရက်သီး စသည့်များအား သွေးချိုပမာဏဖြင့်နေ့စဉ် မစားသင့်ပါ)
- အချိုရည်အမျိုးမျိုး
- သကြားပါသော စည်သွတ်ဖျော်ရည်၊ စည်သွတ်အသီးများ
- သရက်၊ ၀ိုင်၊ ဘီယာ
2) ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်၊ တညင်းသီး ရှောင်ပါ။
3) အဆီလျှော့စားပါ။
4) ပြန်ကြော်ဆီ (ကြော်ချက်ပြီးသောအဆီကို ထပ်ခါ ထပ်ခါ ပြန်သုံးထားသောဆီ) လုံး၀ မသုံးပါနှင့်။ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။
5) ဖြစ်နိုင်လျှင် သံလွင်ဆီသုံးပါ။
6) အပြင်စာများထက် အိမ်တွင် ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ထားသော အစားအစာကို စားပါ။
7) လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီး စားပါ။
8) တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ ရှောင်ပါ။
9) အသားစားလျှင် အရေခွံမစားပါနှင့်။
10) အဆီနည်းသောအသားစားပါ။
11) ငါးအား တစ်ပတ်လျှင် (2) ကြိမ်၊ (3) ကြိမ်ခန့် စားပါ။
12) ကြော်ချက်မည့်အစား ပြုတ်စား၊ ပေါင်းစားပါ။ (ဥပမာ ငါးကြော်အစား ငါးပေါင်းစားတာ ပိုကောင်းပါသည်)
13) အမျှင်ပါသော အစားအစာများစားပါ။
14) ရေများများ သောက်ပါ။ ရေဆာလျှင် ရေကိုသာသောက်ပါ။
15) နံနက်စာ အလွတ်မခံပါနှင့်။ နံနက်စာ အချိန်မှန်မှန်စားပါ။
16) အစားအစာများအား ပမာဏမှန်မှန်၊ အချိန်မှန်မှန်ဖြင့် နေ့စဉ်စားပါ။ တစ်ရက်အစား များပြီး၊ နောက်တစ်ရက် အစားလျှော့ခြင်း မပြုလုပ်ပါနှင့်။ တစ်ခါတည်း အများကြီးစားမည့်အစား တစ်ရက်လျှင် (6) ကြိမ်ခန့်မျှသာ စားပါ။
မနက်စာ | အဆာပြေ | နေ့လယ်စာ | အဆာပြေ | ညနေစာ | အဆာပြေ |
6 နာရီ | 9 နာရီ | 12 နာရီ | 3 နာရီ | 6 နာရီ | 10 နာရီ |
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း
သွေးကြောများအား ထိခိုက်ပျက်စီးစေသော အဓိကတရားခံ (3) မျိုးရှိပါသည်။ ၎င်းတို့မှာ -
1) သွေးအတွင်း အချိုဓာတ်ပမာဏများခြင်း
2) သွေးအတွင်း အဆီများခြင်း
3) သွေးတိုးခြင်းတို့ ဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါအပြင် သွေးတိုးရောဂါနှင့် သွေးအတွင်းအဆီဓာတ်များခြင်းပါ တွဲနေပါက သွေးကြောများ မြန်မြန်ပျက်စီးနိုင်ပါသည်။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
- သွေးအတွင်း အချိုပမာဏကျဆင်းခြင်း
- သွေးအတွင်း အဆီပမာဏကျဆင်းစေခြင်း
- ကိုယ်ခန္ဓာအ၀လွန်ခြင်းမှ ကာကွယ်ပေးခြင်း
- နှလုံးနှင့် သွေးကြောများ ပို၍ ကောင်းလာခြင်း
ဆီးချိုသွေးချိုရောဂါရှင်များသည် မိမိတို့နှင့် အဆင်ပြေရာ၊ မိမိတို့ဝါသနာပါရာ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု အား ပုံမှန်ပြုလုပ်သင့်ပါသည်။ သို့မှသာ သွေးကြောများ ပျက်စီးမှုအန္တရာယ်မှ ကာကွယ်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုး များ၀င်ရောက်ခြင်းကို ဟန့်တားနိုင်မည်ဖြစ်ပါသည်။
- တစ်ရက်လျှင် နာရီ၀က် (မိနစ် 30 ခန့်)၊ တစ်ပတ်လျှင် (5) ရက်ခန့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုပါ။
- မိမိတို့နှင့် အဆင်ပြေရာ လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်ပြုလုပ်ပါ။
- လမ်းသွက်သွက်လျှောက်ပေးခြင်းဖြင့်လည်း အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။
- အစာမစားဘဲ လေ့ကျင့်ခန်း အပြင်းအထန်လုပ်မိလျှင် သွေးချိုကျနိုင်သော အန္တရာယ်ရှိတတ်သည်ကို သတိပြုပါ။
Credit; ဒေါက်တာအေးအေး၀င်း
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 240, January 2015
















