တားမြစ်စတီးရွိုက်ကြောင့်ဖြစ်တဲ့ ၀က်ခြံ (အရေပြားအထူးကုဆရာ၀န်ကြီး Dr.ဦးရဲသွင် နှင့် Interview)
♦ တလောက “ကျန်းမာရေး၀န်ကြီးဌာန” က တားမြစ်လိုက်တဲ့ Clobetasol Propionate ပါ၀င်တဲ့ FOREVER YOUNG Phytocelltec Alp Rose Facial Cell Boosting Mask နဲ့ FOREVER YOUNG White Active Radiance 3 Triple Nourishment အလှကုန်ကြောင့် သုံးစွဲသူတချို့မှာ၀က်ခြံဖုအကြီးကြီးတွေပေါက်ခဲ့တယ်လို့ သိရပါတယ် ဆရာ။ ဒီ Chemical ရဲ့ အသုံး၀င်ပုံနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိချင်ပါတယ်ဆရာ။
Clobetasol propionate ဆိုတာ စတီးရွိုက်အမျိုးအစားလိမ်းဆေးပါ။ စတီးရွိုက်လိမ်းဆေးကို ပြင်းအားအလိုက် Mild, Moderate, Potent, Superpotent ဆိုပြီး ခွဲထားတဲ့အနက် Clobetasol propionate က potency အပြင်းဆုံး Super potent အမျိုးအစားထဲပါ,ပါတယ်။ စတီးရွိုက်လိမ်းဆေးက သုံးတတ်ရင် အလွန်အသုံး၀င်တဲ့ဆေးပါ။ နှင်းခူနဲ့ အရေပြား ရောဂါ တော်တော်များများအတွက် ဒီဆေးပဲ အားကိုးနေရတာပါ။ အဓိက,က တလွဲမသုံးဖို့နဲ့ စနစ်တကျ သုံးဖို့ဘဲလိုအပ်တာပါ။ ဗဟုသုတအနေနဲ့ အကြမ်းဖျင်းပြောရရင် အရေပြားရောဂါ အခြေအနေ၊ အရေပြား အထူအပါး ပေါ်မူတည်ပြီး ညွှန်ကြားတဲ့ စတီးရွိုက်အမျိုးအစားကွဲပြားပါတယ်။ ဥပမာ မျက်နှာ၊ ချိုင်းလို အရေပြားပါးတဲ့ နေရာမျိုးဆို Mild အပျော့စား စတီးရွိုက်ဖြစ်တဲ့ Hydrocortisone သုံးရတာမျိုး၊ ခြေဖနောက် လိုနေရာမျိုး ကိုယ်လုံးလို နေရာမျိုးဆိုရင်တော့ ရောဂါအခြေအနေအလိုက် moderate ကနေ super potent ဖြစ်တဲ့ စတီးရွိုက်တွေ သုံးရတာမျိုးတွေရှိတယ်။ လိမ်းရမယ့် ပမာဏကိုလဲ finger tip unit နဲ့ တွက်ချက်ပြီး လိမ်းဆေးဘယ်လောက် မီလီဂရမ်ကို ဘယ်နှစ်ရက် ဘယ်နှစ်ပတ် လိမ်းဆိုပြီးညွန်ကြားရတယ်။ ဆရာ၀န်နဲ့ ပြန်ပြဖို့ ရက်ချိန်းကိုပြန်လာသင့်တယ်။ ဒါမှ ဆရာ၀န်က ဆေးရပ်သင့်ရင်ရပ် ဒါမှမဟုတ်လဲ ပြင်းအားပျော့တဲ့ လိမ်းဆေးမျိုးပေးပြီး ရောဂါသက်သာသွားတဲ့ အခြေအနေကို ထိန်းလို့ရမှာ။ လူအများစုက သက်သာရင် ရက်ချိန်းပြန်လာမပြချင်ကြဘူး။ ဆေးဗူးခွံလေးကို ပြပြီး ဆေးဆိုင်မှာအလွယ်၀ယ်ပြီး စွဲသုံးနေကြတယ်။ ကြာလာတော့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးဒဏ်ခံရတော့တာပေါ့။
ဘေးထွက်ဆိုးကျိုးက တခါတရံမှာ သုံးနေတုန်းမှာ မတွေ.ရဘဲ သုံးတာရပ်လိုက်မှ စတွေ.ရတတ်ပါတယ်။ အကြောပျက်တာလို့ အလွယ်ခေါ်တဲ့ striae &skin atrophy ဖြစ်နိုင်တယ်။ ဥပမာ- ပေါင်ခြံပွေးကို အယားသက်အောင်လိမ်းရင် အကြောပျက်ရာတွေ ကျန်ခဲ့တာတွေ့ရတယ်။ မျက်နှာမှာလိမ်းရင်တော့ မျက်နှာသွေးကြောတွေ ကျယ်လာပြီး မျက်နှာနီလာမယ်။ ဒါဆိုရင် စတီးရွိုက်ကြောင့်ဖြစ်တဲ့ Steriod Rosacea ဖြစ်နိုင်တယ်။ မျက်နှာမှာ အနီဖုတွေ ထွက်မယ်၊ အဖုတွေက ပုံစံတူ (Uniform) ဖြစ်နေတာမျိုးတွေ့ရ တတ်တယ်။ အနည်းငယ် ယားတာမျိုးဖြစ်နိုင်တယ်။ လည်ပင်း၊ ရင်ဘတ်၊ ကျော ထိပေါက်နိုင်တယ်။ ဒါကတော့ Steriod Ance ပေါ့။ Steriod Rosacea နဲ့ Steriod Acne နှစ်မျိုးလုံး တွဲဖြစ်နေတာမျိုးလဲဖြစ်နိုင်တယ်။
♦ သုံးစွဲသူတိုင်း မဖြစ်တာက ဘာများကွာခြားချက်ရှိလို့ပါလဲဆရာ။
ကျွန်တော်ကြားမိသလောက် ဈေးကွက်ထဲရောက်နေတာ 3 နှစ်လောက်ရှိပြီလို့ ပြောကြတယ်။ အခုတလောမှ အသံတွေကြားရတယ်ဆိုတာ နှစ်မျိုးဖြစ်နိုင်တယ်။ တမျိုးက အစပိုင်းမှာ အဲဒီအလှကုန်မှာ စတီးရွိုက်မပါခဲ့ဘူး။ ဖြစ်နိုင်ချေနည်းပါတယ်။ နောက်တမျိုးကတော့ စောစောက ပြောခဲ့သလို စတီးရွိုက်ရဲ့သဘောက ပံှမှန်လိမ်းနေရင် အသားကချောပြီး ကြည့်ကောင်းနေတော့ ပံှမှန်လိမ်းနေတယ်ပေါ့။ ၀က်ခြံထွက်လာတယ်။ ရောင်းတဲ့သူက ဆက်လိမ်းရင် ၀က်ခြံပျောက်မယ်လို့ နှစ်သိမ့်လိုက်တော့ ဆက်လိမ်းတယ်ပေါ့။ အခုတလောကျ လူပြောများလာတော့ လူတွေကဘာဖြစ်ဖြစ် ဆက်မလိမ်းတော့ပဲ ရပ်လိုက်တယ်အခါ rebound flare ဖြစ်ပြီးကန်ထွက်လာတဲ့သဘောပါ။ ခဏတဖြုတ်ပဲ သုံးလိုက်တဲ့သူတွေကတော့ ဖြစ်မှာမဟုတ်ဘူး။ အရေပြား နှင်းခူအတွက်ဆိုလဲ ခဏတဖြုတ် ကျွန်တော်တို့ သုံးနေတာပါဘဲ။ ကြာကြာစွဲလိ်မ်းရင်သာ side effects ကို control မရတာပါ။
♦ ၀က်ခြံဖုအကြီးကြီးတွေပေါက်တာဟာ တခြားအကြောင်းတွေကြောင့်ကော ဖြစ်နိုင်ပါသလား ဆရာ။
၀က်ခြံအကြီးကြီးပေါက်တာ စတီးရွိုက်ကြောင့်လို့တော့ တရားသေပြောလို့မရဘူး။ စတီးရွိုက်ကြောင့်ဖြစ်တဲ့ ၀က်ခြံရဲ. Typical feature ယေဘုယျပုံစံဟာဆိုရင် အရွယ်အစားဆင်တူတဲ့ အနီဖုလေးတွေ မျက်နှာတမျက်နှာလုံးမှာဖြစ်တာပါ။ အဖု အရွယ်အစားကြီးချင်မှကြီးမှာပါ။ စတီးရွိုက်ကြောင့်မဟုတ်ပဲ ပံှမှန်ဆက်ကျော်သက်တွေ ဟော်မုန်းမငြိမ်လို့ပေါက်တဲ့ ၀က်ခြံတွေလဲ အဖုအကြီးကြီးတွေဖြစ်တတ်ပါတယ်။ ဒီလို ၀က်ခြံမျိုးကို acne conglobata လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ဆင်၀က်ခြံလို့ အရပ်ထဲမှာခေါ်ကြတယ်။ ဆင်၀က်ခြံတွေဟာ ၀က်ခြံနှစ်လုံးသုံးလုံးပေါင်းပြီး ပြည်တည်နာပုံစံမျိုး ဖြစ်နေနိုင်တယ်။
♦ ၀က်ခြံဖုအကြီးတွေပေါက်နေတဲ့သူတစ်ယောက်မှာ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ ဆရာ။
၀က်ခြံဖုအကြီးကြီးတွေကို Black head လို့ခေါ်တဲ့ ဆား၀က်ခြံအမဲဆံတွေ၊ white head လို့ခေါ်တဲ့ အဆီဖုပုံစံ ၀က်ခြံတွေ၊ Papule ခေါ် အနီဖုငယ်တွေ၊ Pustule ခေါ် ပြည်တည်နာသေးသေးလေးတွေနဲ့ နှစ်မျိုး သုံးမျိုးတွဲတွေ့ရနိုင်တယ်။ ၀က်ခြံဖု ကြီးတွေကတော့ ပေါက်နေစဉ်မှာလဲ ပြည်တွေနဲ့ရုပ်ဆိုး အကျည်းတန်စေတယ်။ တော်ရုံမိတ်ကပ်နဲ့လဲ ဖုန်းဖိလို့မရ။ ၀က်ခြံ ပျောက်သွားရင်လဲ အမာရွတ်ချိုင့်ခွက်ဖြစ်ဖို့က ရာခိုင်နှုန်းတော်တော်များတယ်။ ပြီးတော့ ၀က်ခြံဖုကြီးတွေလဲထွက်တယ်။ အဖျားလဲရှိလိုက် ပျောက်လိုက်ဖြစ်နေတယ်။ အစားအသောက်လဲ ပျက်မယ်၊ ၀ိတ်လဲ ကျလာတယ်။ Joint pain အရိုးအဆစ် တွေလဲကိုက်တယ်ဆိုရင် acne fulminans ဖြစ်နိုင်တယ်။ တိကျတဲ့ Diagnosis ရဖို့သွေးစစ်၊ အရိုး X ray ရိုက်ကြည့်ဖို့ လိုနိုင်တယ်။ ဒါကြောင့် ၀က်ခြံအဖုကြီးတွေများတဲ့သူဆိုရင် စောစောစီးစီးက သေချာကုသင့်တယ်။
♦ ဒီ၀က်ခြံတွေက ပွားတတ်ပါသလား ဆရာ။
၀က်ခြံက သွေးကတဆင့် ကူးဆက်တတ်တဲ့ရောဂါ infectious disease တော့ မဟုတ်ဘူး။ ဆိုလိုတာက တယောက်က တယောက်မကူးဘူး။ ၀က်ခြံက ထွက်တဲ့သွေး၊ ပြည်တွေကနေ ဘေးနားက အရေပြားကို ၀က်ခြံဖြစ်စေတာမျိုးလဲမရှိဘူး။ အဓိက က androgen လို့ခေါ်တဲ့ ကျားဟော်မုန်းကြောင့် ဖြစ်ရ တာ။ နောက်ဆက်တွဲအနေနဲ့ ချွေးမွေးညှင်းပေါက်တွေ ပိတ်ဆို့တာ၊ ဆီဘမ်လို့ခေါ်တဲ့ အဆီအထွက်များတာ၊ P.acne ခေါ်တဲ့ ဘက်တီးရီးယားတွေ၀င်လာပြီး ပိုဆိုးလာတာပါ။ ဒါကြောင့် ၀က်ခြံထွက်ခါစ မှာ မွေးညှင်းပေါက်တွေမပိတ်ဖို့ အဆီထွက်တာထိန်းချုပ်ဖို့ Exfoliate လုပ်ပါ။ ဘက်တီးရီးယားတွေ ၀င်လာပြီဆိုရင်တော့ Cytokines လို့ခေါ်တဲ့ chemical mediator ဖြစ်ပေါ်စေတာမို့ ၀က်ခြံတွေပိုဖြစ်စေပါတယ်။ ဒါကို လူတွေအမြင်မှာ ၀က်ခြံညှစ်လို့ ပွားလာတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။
♦ နောက်ပြီး၀က်ခြံဟာမျက်နှာအပြင်တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာကော ဖြစ်နိုင်ပါသလားဆရာ။
၀က်ခြံက လက်ဝါး၊ ခြေဖဝါးကလွဲလို့ မွေးညှင်းပေါက်ရှိတဲ့နေရာတိုင်းဖြစ်နိုင်ပါတယ်။ မျက်နှာကတော့ အဖြစ်အများဆုံးပေါ့။ ပြီးရင် ရင်ဘတ်၊ ကျော၊ လက်မောင်းတွေမှာ တွေ့ရပါတယ်။ ကျန်တဲ့နေရာတွေ ကတော့ ဖြစ်ခဲပါတယ်။
♦ ၀က်ခြံဖုကြီးတွေထွက်နေချိန်မှာပုံမှန်အတိုင်းမိတ်ကပ်လိမ်းတာ၊ပါးနီဆိုးတာတွေလုပ်လို့ရပါသလား ဆရာ။
၀က်ခြံထွက်နေတဲ့အချိန်မှာတော့ မလိမ်းဘဲနေနိုင်ရင်ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ စဉ်းစားကြည့်ပါ။ ရောင်နေတဲ့ အဖုတွေဆို ၀က်ခြံအ၀မှာ ပြည်တည်နေတာတွေ ပေါက်နေတာတွေဖြစ် နိုင်တော့ ၀က်ခြံကို မိတ်ကပ်နဲ့ဖို့လိုက်သလိုဖြစ်တော့ ပိုရောင်လာစေပါတယ်။ ဒါပေမယ့် အများစုက ၀က်ခြံကိုဖုံးဖိဖို့ မိတ်ကပ်အထူကြီးတွေ လိမ်းတတ်ကြတယ်။ မဖြစ်မနေလိမ်းမယ်ဆိုရင်တော့ လိမ်းပါ။ ဒါပေမယ့် အိမ်ပြန်ရောက်ရောက်ချင်း မိတ်ကပ်ကို ချက်ချင်းပြန်ဖျက်ပါ။ ဖျက်တဲ့နေရာမှာလဲ Make-Up remover သုံးဖို့လိုပါတယ်။ သာမန် facial foam တို့ Toner တို့နဲ့မလုံလောက်ပါဘူး။
♦ အစားအသောက်ရှောင်ဖို့ကောလိုပါသလား ဆရာ။ တခြား ဆောင်ရန်၊ ရှောင်ရန်လေးတွေရှိရင်လဲ ပြောပြပေးပါ ဆရာ။
၀က်ခြံထွက်တာ အဓိက,ကဟော်မုန်းကြောင့်ပါ။ ဒါပေမယ့် အစားအသောက် အနေအထိုင်က ကိုယ်တွင်းဟော်မုန်းကို သွယ်၀ိုက်သောနည်းနဲ့ အပြောင်းအလဲဖြစ်စေပါတယ်။ အစားအသောက်အနေနဲ့ ဆိုရင် ချောကလက်၊ နို့နဲ့ နို့ထွက်ပစ္စည်း ဥပမာ ထောပတ်၊ ချိီးစ်၊ မလိုင်စတာတွေကို ရှောင်သင့်ပါတယ်၊၊ ပြီးတော့ စပ်လွန်း၊ ငံလွန်းတဲ့ အစားအသောက်တွေလျော့စားသင့်ပါတယ်။ အနေအထိုင်ဆိုရင်လဲ Healthy ဖြစ်အောင် စောစောအိပ်ရာ၀င်သင့်ပါတယ်။ အိပ်ရေးပျက်တာ ရက်ဆက်လာတာများလာရင် ကိုယ်ခန္ဓာမှာ stress ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာတွေများနေတယ် စိတ်ဖိစီးတာတွေများနေတဲ့အခါ ဗီတာမင် C လို anti-oxidant မျိုး မှီ၀ဲပေးခြင်းက သက်သာစေနိုင်ပါတယ်။ ၀မ်းချုပ်တတ်တဲ့သူတွေ ဆိုရင်တော့ အသီးဖျော်ရည် သောက်ပေးတာမျိုး ပှံမှန်လုပ်ပေးသင့်တယ်။
♦ ဒီ၀က်ခြံဖုတွေက သူ့အလိုလို ပြန်ပျောက်သွားနိုင်ပါသလား ဆရာ။
သူ့အလိုလိုပျောက်ဖို့ဆိုတာ တော်တော်မရေရာတဲ့ကိစ္စပါ။ နှစ်ချီကြာနိုင်ပါတယ်။ ၀က်ခြံဆိုတာ စောစောစီးစီးသေချာ ကုသလေလေ သူ့ရဲ့နောက်ဆက်တွဲ အမာရွတ်ချိုင့်ခွက်တွေကျန်ခဲ့တာ နည်းလေလေဖြစ်ပါတယ်။ အထူးသဖြင့် ရောင်ရမ်း၀က်ခြံ ထွက်တဲ့သူတွေ၊ စတီးရွိုက်ကြောင့်ဖြစ်တဲ့ ၀က်ခြံတွေဆို အမာရွတ်ပိုကျန်နိုင်လို့ သေချာအလေးထားကုသင့်ပါတယ်။
♦ ကုသမှုခံယူမယ်ဆိုရင် ဘယ်လိုကုသမှုမျိုးတွေ ပြုလုပ်ရမှာပါလဲ ဆရာ။
အခြေခံအားဖြင့် လိမ်းဆေး၊ သောက်ဆေးတို့ကို ၀က်ခြံအမျိုးအစားပေါ်မူတည်ပြီးပေးပါတယ်။ Acne extraction ၊ Chemical peeling ၊ Laser အစရှိတဲ့ကုထုံးများနဲ့တွဲ၍ ပေးနိုင်ပါတယ်။ ၀က်ခြံလိမ်းဆေးများကို လေ့လာကြည့်မယ်ဆိုရင် benzoyl peroxide နှင့် salicylic acid တို့ အနက်မှ တစ်ခုကို ပထမဆုံးအနေနဲ့ ပေးလေ့ပေးထရှိတယ်။ ဒုတိယအနေနဲ့ Retinoic acid ၊ Clindamycin လိမ်းဆေးများကိုရွေးချယ်နိုင်ပါတယ်။ ၀က်ခြံဟာ ရောင်ရမ်းဆိုးဝါးနေမယ်ဆိုရင် ပိုးသတ်ဆေး(Antibiotic) ဒါမှမဟုတ် ဗီတာမင် A (Isotretinoin) စားဆေးကိုမှီ၀ဲရမှာပါ ။ Acne extraction ပြုလုပ်ခြင်းဟာ ၀က်ခြံကုထုံးရဲ့အရေးပါတဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ၀က်ခြံညှစ်တဲ့နည်းစနစ်လဲ မှန်ကန်ဖို့ လိုအပ်ပါသေး တယ်။ နည်းစနစ်မှားရင် အမာရွတ်တွေကျန်ရစ်စေမှာဖြစ်ပါတယ်။ ပြီးတော့ ရောင်နေတဲ့၀က်ခြံဆို မညှစ်ရပါဘူး၊ ဒါကြောင့် မိမိဘာသာနေအိမ်မှာ ၀က်ခြံမညှစ်ဖို့အကြံပေးလိုပါတယ်။
Chemical peeling ဆိုတာ သစ်သီးနှင့် နို့က ထုတ်လုပ်ထားတဲ့ အက်ဆစ်အပျော့စားတွေနဲ့ ချေွးပေါက်ကိုပိတ်စေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးခြင်းဖြစ်တယ်။ ဒ့ီပြင် ၀က်ခြံကြောင့်ဖြစ်တဲ့ အမဲစက်၊ အနီစက်တို့ကိုလည်း ပျောက်ကင်းစေတယ်။ နောက်ဆုံးပေါ် ၀က်ခြံကုထုံးတွေမှာ Laser ကုထုံးကိုပါတွဲပေးပါတယ်။ Blue light (400 nm) နှင့် Red light (600 nm) တို့ဟာ ၀က်ခြံဖြစ်စေတဲ့ P.acne ကိုထိန်းချုပ်ပေးပါတယ်။ အထူးသဖြင့် Red light က ၀က်ခြံကြောင့်ရောင်ရမ်းခြင်းကိုပါ သက်သာစေပါတယ်။ Infra red light (အနီအောက်ရောင်ခြည်) ကတော့ ဆီဘမ် အဆီအထွက်များခြင်းကို လျော့ပါးစေနိုင်တယ်။
စတီးရွိုက်ကြောင့်ဖြစ်တဲ့ ၀က်ခြံကုသမှုက ပှံမှန်၀က်ခြံကုသမှုနဲ့နည်းနညး်ကွာခြားတယ်၊၊ သုံးနေကျ စတီးရွိုက်အမိျုးအစားထက် နည်းနည်းပိုပျော့တဲ့ စတီးရွိုက်ကိုပေးပြီး ဖြည်းဖြည်းချင်းရပ်ရတာမျိုး လုပ်ပေးဖို့လိုတယ်၊၊ ဒုတိယအဆင့်အနေနဲ့ Tacrolimus လိမ်းဆေးပြောင်းပေးပြီး ကုသပေးရတာမျိုးဖြစ်နိုင် တယ်၊၊ ပြီးမှ ပံှမှန်၀က်ခြံကုသမှုမျိုးကို စလို့ရတာမျိုးတွေရှိတယ်၊၊ ပုံသေတော့ မဟုတ်ဘူးပေါ့၊၊ စတီးရွိုက်ကြောင့်ဖြစ်တဲ့ Rosacea ကျတော့ Metronidazole လိမ်းဆေးပေးရတာမျိုး၊ Telangiectasia ခေါ်တဲ့ သွေးကြောမျှင်ငယ်လေးတွေကိုဖယ်ရှားဖို့ Vascular laser အမျိုးအစား သုံးဖို့လိုအပ်တာမိျုးတွေ ရှိပါတယ်၊၊
♦ ယေဘူယျအနေနဲ့ အချိန်ကာလ ဘယ်လောက်အကြာမှာ အရှင်းပျောက်သွားနိုင်ပါသလဲ ဆရာ။
၀က်ခြံထွက်တာဟာ ဟော်မုန်းနဲ.ပတ်သက်နေတာမို့ အခိျန်ယူကုသရမယ်ဆိုတာ နားလည်သဘောပေါက်စေချင်တယ်။
တစ်ပတ် နှစ်ပတ်နဲ့ ပျောက်ကင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ၀က်ခြံကုသမှုဟာ အချိန် 3-4 လ ကြာမြင့်မှာ ဖြစ်ပါတယ်။ ပထမ 4 ပတ်မှာ ဆေးအာနိသင်ကို တွေ့မြင်ရမှာမဟုတ်ပါဘူး။ တချို့မှာဆို ပိုဆိုးတာတောင်ဖြစ်နိုင်တယ်။ 1 လ ကျော်လာမှ ဆေးပတ်လည်ပြီး ရလဒ်ကို ကောင်းကောင်းစတွေ့ရမှာပါ။ ဒါကြောင့် ကုသမှုအောင်မြင်ခြင်းဟာ စိတ်ရှည်မှုနဲ့ ဆရာ၀န်ညွှန်ကြား မှုကိုလိုက်နာနိုင်မှုပေါ်အများကြီး မူတည်နေပါတယ်။ စတီးရွိုက်ကြောင့်ဖြစ်တဲ့ ၀က်ခြံဆိုရင် ပိုကြာနိုင်တယ်။
♦ ၀က်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကိုကောကုသလို့ရပါသလားဆရာ။
၀က်ခြံကိုတော့ အရင်ဆုံးပျောက်ကင်းအောင် Stable ဖြစ်အောင်လုပ်ရပါမယ်။ စိတ်လောပြီး အမာရွတ်ကိုပျောက်ဖို့ မကြိုးစားသင့်ပါဘူး။ ၀က်ခြံပျောက်ပြီဆိုမှ ကျန်ခဲ့တဲ့နောက်ဆက်တွဲ အမဲစက် ( post inflammatory hyperpigmentation )၊ အနီစက် (post inflammatory erythema)၊ ချိုင့်ခွက်အမာရွတ် ( atrophic acne scar ) တွေကို ကုသသင့်ပါတယ်။ ချိုင့်ခွက်အမာရွတ်တွေကို အသားပြန်တက်လာအောင် CO2 laser resurfacing လို့ခေါ်တဲ့ကုသမှုမျိုးလုပ်လေ့ရှိပါတယ်။ Derma Roller လို့ခေါ်တဲ့ တလိမ့်တုံးမှာ အပ်စိုက်ပြီးကုသတာမျိုး၊ နောက် Radio frequency လွှတ်ထားတဲ့ အပ်စိုက်ကုသတာမျိုး လုပ်လို့ရပါတယ်။ အခြေံခံအားဖြင့် Fibrosis လို့ခေါ်တဲ့ အသားမာတက်နေတဲ့ ချိုင့်ခွက်တွေကို အနာအသစ်လုပ်ပြီး Control Healing ရအောင်ပြန်လုပ်ပေးတာပါ။ ၀က်ခြံပေါက်ပြီး ကျန်ခဲ့တဲ့အနီစက်တွေဟာ သွေးကြောမျှင်တွေနဲ့ ပတ်သက်တာမို့ Vascular Laser လို့ခေါ်တဲ့ လေဆာ အမျိုးအစားသုံးပြီး ကုသနိုင်ပါတယ်။ PIH လို့အတိုကောက်ခေါ်တဲ့ အမဲစက်တွေကတော့ အဖြစ်အများဆုံးပါ။ ကုရတာလဲမခက်ပါဘူး။ AHA, BHA ပါတဲဲ့ အလှကုန်တွေလိမ်းပေးရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ အမြန်သက်သာချင်ရင်တော့ ဆေးခန်းမှာ Chemical peeling လုပ်လို့ရပါတယ်။
♦ ဒီ၀က်ခြံတွေပျောက်သွားပြီး နောက်ပိုင်းမှာကောဘယ်လိုနေထိုင်သွားသင့်ပါသလဲဆရာ။
၀က်ခြံပေါက်တဲ့သူအများစုဟာ အရေပြားဆရာ၀န်တော်တော်များများနဲ့ ပြဖူးကြတယ်။ အခုတော့ အလှအပဆေးခန်းတွေပါ တိုးလာပြီပေါ့။ ပျောက်သွားတယ် ဒါပေမယ့် ပြန်ဖြစ်တယ်ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တော့ ၀က်ခြံပျောက်ပြီး နောက်ပိုင်း ရလဒ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကလဲ အရေးကြီးပါတယ်။ ကျွန်တော်အနေနဲ့တော့ ၀က်ခြံဆေးတမျိုးမျိုးကို တပတ် နှစ်ရက်လောက် ၀က်ခြံပျောက်သွားပြီး နောက်သုံးလလောက် ဆက်လိမ်းခိုင်းပါတယ်။ အစားအသောက် အနေအထိုင်ဆိုလဲ စောစောကပြောသလို Heathy lifestyle ဖြစ်အောင် ဆက်နေသင့်ပါတယ်။ ၀က်ခြံပေါက်တာဟာ အဆီပြန်တာနဲ့ ချွေးမွေးညှင်းပေါက်ပိတ်တာနဲ့ ပတ်သက်တာမို. Cleansing method မှန်ကန်ဖို့ Exfloliation လုပ်ဖို့လိုအပ်ပါတယ်။ ဥပမာ မိတ်ကပ်လိမ်းတဲ့သူတွေဆိုရင် Make up remover နဲ့သာစနစ်တကျ ဖျက်တာမျိုးပေါ့၊၊
♦ အလှကုန်ပစ္စည်းတစ်ခုကိုစသုံးလို့ကိုယ်နဲ့အဆင်မပြေရင်ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
လူတယောက်နဲ့တယောက် အသားအရေချင်းမတူပါဘူး။ သူများနဲ့အဆင်ပြေနေပေမယ့် ကိုယ်နဲ့ကျမှ Allergy ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်နှစ်ပေါင်းများစွာ သုံးနေတဲ့ အလှကုန်က အခုမှအဆင်မပြေတာ မျိုးလဲရှိကောင်းရှိနိုင်ပါတယ်၊၊ General rule အရပြောရရင် ပါ၀င်တဲ့ Chemical အရေအတွက် နည်းရင် Fragrance အမွှေးနံ့မပါရင် allergy ဖြစ်ဖို့နည်းတယ်လို့အကြမ်းဖျင်းယူဆနိုင်တယ်။ အလှကုန်အသစ် စမ်းလိမ်းမယ်ဆိုရင်လဲ တံတောင်ခွက်မှာ တပတ်လောက် စမ်းလိမ်းတာမျိုးလုပ်နိုင်တယ်။ တရက် နှစ်ရက်နဲ့တော့ မလုံလောက်ဘူး။ reaction က နောက်ကျမှဖြစ်တာမျိုးတွေရှိတယ်။ အလှကုန်နဲ့ ဓာတ်မတည့်ဘူးဆိုရင် အသားရောင် နီလာတာမျိုး၊ အင်ပြင်လိုအကွက် ထလာတာမျိုး၊ ၀က်ခြံလို အဖုသေးသေးတွေထွက်လာတာမျိုးတွေ တွေ့ရမယ်။ Allergy ဖြစ်တယ်ထင်ရင် Calamine ပန်းရောင် လိမ်းဆေးကို သနပ်ခါးနဲ့ဆတူရောပြီး နှစ်ရက်လောက်လိမ်းပေးပါ၊၊ မကြာခဏ ဘာလိမ်းလိမ်းမတည့်ရင်တော့ ကိုယ်ဘာ chemical နဲ့မတည့်လဲဆိုတာ အတိအကျသိအောင် Patch test ဆိုတာ စစ်လို့ရတယ်။
♦ ဒီ Clobetasol အပြင် တခြားရှောင်သင့်တဲ့ ဓာတုပစ္စည်းတွေကော ရှိပါသလား ဆရာ။
Clobetasol အပြင် တခြားသော မည်သည့်စတီးရွိုက်ပါတဲ့ လိမ်းဆေးကိုမှ မိမိသဘောနဲ့ မလိမ်းသင့်ပါဘူး။ တပတ် 10 ရက်နဲ့ အသားဖြူတယ်၊ ၀က်ခြံပျောက်တယ်ဆို စတီးရွိုက်ပါဖို့ နီးစပ်ပါတယ်၊၊ ပါ၀င်ပစ္စည်းမှာ စတီးရွိုက် ပါ/မပါ စစ်ပါ။ စတီးရွိုက် အမျိုးအမည်အများကြီးရှိပါတယ်။ အကြမ်းဖျင်းပြောရရင် one သို့ ol နဲ့ဆုံးရင် စတီးရွိုက်ဖြစ်ဖို့များပါတယ်။ ဥပမာ hydrocortisone, momatasone, betamethasone, clobetasol စသဖြင့်ပေါ့။ နောက် အသားဖြူဆေးတွေနဲ့ပတ်သက်ရင် mercury, Hydroquinone စတာတွေ ပါ/မပါ သတိထားရပါမယ်၊၊ ဒီလိုပြောလို့ Steroid phobia စတီးရွိုက်ကို ရွံကြောက်ကြီး ဖြစ်စရာတော့မလိုပါဘူး၊၊ သုံးတတ်ရင်ဆေးပါ၊၊ အဓိက,က ကျွမ်းကျင်တတ်သိနားလည်တဲ့ ဆရာ၀န်နဲ့တိုင်ပင်ပြီးမှသာသုံးပါ၊၊
Chit Chit Khaing















