နှလုံးရောဂါကြောင့်မဟုတ်သော ရင်ဘတ်နာကျင်မှုများ
နှလုံးရောဂါကြောင့်မဟုတ်သော ရင်ဘတ်နာကျင်မှုများအကြောင်းနဲ့ ဆက်စပ်ပြီး နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်နာကျင်မှုများအကြောင်းကိုလည်း အများပြည်သူထိုက်သင့်သလောက် သဘောပေါက်စေဖို့ အကျဉ်းမျှ တင်ပြခဲ့ပါတယ်။ ဒီအပတ်မှာတော့ ဒီနှလုံးရောဂါကြောင့် ရင်ဘတ်နာကျင်မှုအပြင် သတိလစ်ပြီးနှလုံးခုန်မှု၊ အသက်ရှူမှုပါ ရပ်ဆိုင်းသွားတတ်တဲ့ Cardiorespiratory arrest အကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ ကုသပုံနည်းလမ်းများနဲ့ ဒီရောဂါကို ဘယ်လိုတားဆီးကာကွယ်ကြမလဲဆိုတာ လိုရင်းတိုရှင်းသဘော ဆွေးနွေးမှာ ဖြစ်ပါ တယ်။ သမားတော်တိုင်းပင် အသေးစိတ်ခရေစေ့တွင်းကျ တတ်သိကျွမ်းကျင်ဖို့ခက်ခဲတဲ့ ဒီနှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ရင်ဘတ်နာကျင်မှုနဲ့ပတ်သက်ပြီး အရေးပေါ် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာ သတိထားမိစေဖို့သာ အဓိကရည်ရွယ်တင်ပြမှာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
နှလုံးခုန်မှုရုတ်တရက်ရပ်ပြီး အသက်ပါမရှူနိုင်ဘဲ သတိမေ့လဲကျတာကို Cardiac or Cardio respiratory arrest ဖြစ်တယ်လို့ခေါ်ပြီး ဒီလိုဖြစ်ရပ်မျိုးကို လမ်းပေါ်၊ အိမ်နဲ့ဆေးရုံတွေမှာ ဖြစ်နိုင်ကြပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းများစွာရှိပေမယ့် နှလုံးသွေးကြောရုတ်ခြည်း ပိတ်ဆို့မှု၊ နှလုံးခုန်မှုမြန်ဆန်လွန်းပြီး မမှန်ကန်မှုတွေကတော့ အဖြစ်များတဲ့အကြောင်းဖြစ်ပြီး ဒီလိုဖြစ်လာပါက နှလုံးခုန်မှု၊ အသက်ရူမှုရပ်ပြီး သတိမေ့ကာ မျက်ဖြူလန်လဲကျသွားကာ မျက်နှာပါဖြူဖပ်ဖြူရော်ဖြစ်လာပါတယ်။ အသက်လည်းမရှူတော့ဘဲ နှလုံးခုန်မှုလည်း ရပ်သွားလို့ လက်ကောက်၀တ်မှာ နှလုံးသွေးခုန်မှုကိုစမ်းလို့မရတော့တဲ့အပြင် သွေးကြောကြီးတွေရှိတဲ့ လည်ပင်းတစ်ဖက်တစ်ချက်နဲ့ ပေါင်ရင်းတွေမှာပါ သွေးမခုန်တော့ပါဘူး။ ဒီလိုအခြေအနေကို ဘယ်နေရာမှာပဲ ကြုံတွေ့ကြုံတွေ့ ဘေးကလူတွေနဲ့ အရေးပေါ်ဌာနတွေကို အော်ဟစ်လို့ပဲဖြစ်ဖြစ်၊ ဖုန်းဆက်လို့ပဲဖြစ်ဖြစ် အကူအညီတောင်းပြီး လောလောဆယ် နှလုံးပြန်ခုန်လာစေဖို့ Basic Life Support ပြုလုပ်ပေးရပါတယ်။ ဒီလို ရှေးဦးအသက်ကယ်မှု နည်းလမ်းကိုတော့ လူတိုင်းတတ်သိနားလည်ကျွမ်းကျင်စွာ သင်ယူတတ်မြောက်ထားရင်တော့ အချင်းချင်းကူညီအသက်ရှင်သန်စေနိုင်ကြမှာဖြစ်ပါတယ်။
အတိုးချုံးတင်ပြရရင်တော့ ဖြစ်တဲ့နေရာမှာ လူနာကိုမာကျောတဲ့နေရာပေါ်မှာ ပက်လက်အနေအထားနဲ့ ထားပြီး လူနာရဲ့ဘေးမှာ ဒူးထောက်ထိုင်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လက်ဖနောင့်နှစ်ခုကို ထပ်ကာရင်ညွှန့် ရိုးအောက်ပိုင်းမှာ မိမိကိုယ်အလေးချိန်နဲ့ အားကိုအသုံးပြုပြီး တစ်စက္ကန့်တစ်ကြိမ်နှုန်းနဲ့ 10 ကြိမ်၊ 15 ကြိမ်ဖိပေးပါ။ ပြီးပါက မေးရိုးကိုအပေါ်ဆွဲတင်ပြီး ပါးစောင်ထဲကအစာတွေ၊ တံတွေ၊ သလိပ်တွေကို လက်နဲ့ဖယ်ရှားပြီး ပါးစပ်ချင်းတေ့ကာ Kiss of Life ကို 2 ကြိမ်၊ 3 ကြိမ်လုပ်ပေးရပါတယ်။ ဒီလိုလုပ်တတ်သူ 2 ဦးရှိနေရင်တော့ တစ်ဦးက နှလုံးကိုနှိုးဆွဖိပေးတဲ့အချိန်မှာ အခြားတစ်ဦးက ပါးစပ်ချင်းတေ့ပြီး လေကိုမှုတ်ထုတ်ကာ လူနာအဆုတ်ထဲလေ၀င်သွား စေဖို့ ၏5 ကြိမ် တစ်ကြိမ်နှုန်း ဆောင်ရွက်ပေးရပါတယ်။ ရင်ဘတ်ကိုဖိပေးတိုင်း လည်ပင်းက သွေးကြောတွေ ခုန်တာကို စမ်းမိခြင်း၊ လေမှုတ်သွင်းတိုင်း ရင်ဘတ်ဖောင်းကားလာခြင်းတွေကတော့ ထိရောက်တဲ့ဆောင်ရွက်မှုများဖြစ်လို့ ဖြစ်ဖြစ်ချင်းဆောင်ရွက်ပေးနိုင်ပါက တချို့လူနာတွေမှာ အသက်ကိုကယ်တင်ပေးနိုင်ကြပါတယ်။ ဒီအချိန်မှာ ပစ္စည်းကိရိယာစုံလင်တဲ့ လူနာတင်ယာဉ်နဲ့ ပိုမိုတတ်ကျွမ်းတဲ့ကျွမ်းကျင်သူတွေ ရောက်လာရင်တော့ သူတို့မှာပါလာတဲ့ အသက်ရှူလေပြွန်မကြီးထဲ ပိုက်ထည့်ပြီး Ambubag ခေါ်တဲ့ဘောလုံးက တစ်ဆင့်လေမှုတ်သွင်းပေးနိုင်သလို နှလုံးခုန်မှု ပုံမမှန်မြန်ဆန်တဲ့ Fibrillation ဖြစ်နေပါကလည်း Defibrillator ကို အသုံးပြုပြီး နှလုံးကိုပြန်လည်နှိုးဆွကာ ဆေးဝါးများ၊ O2 များပေးပြီး အရေးပေါ်ဌာန သို့မဟုတ် နှလုံးကြီးကြပ်ကုဌာန Coronary Care Unit တွေကိုအချိန်မီ သယ်ယူသွားပြီး ကုသပေးနိုင်ကြပါတယ်။ ဆေးရုံးကြီးတွေမှာတော့ ၀န်ထမ်းတွေကို သင်ကြားပြသပေးထားရပြီး ကြုံတဲ့လူက ရှေးဦးအသက်ကယ်တဲ့ ( Basic Life Support)ကို ဆောင်ရွက်ပေးပြီး ဆေးရုံတစ်ခုလုံးကို Alarm ပေးတဲ့စနစ်နဲ့ ကျွမ်းကျင်သူအဖွဲ့က လိုအပ်တဲ့ဆေးဝါးပစ္စည်းကိရိယာတွေနဲ့ လာရောက်ကြကာ ACLS ခေါ်တဲ့ Advanced Cardiac Life Support ကို ဆက်လက်ကာ ဆောင်ရွက်ပေးကြရပါတယ်။ ဒီအကြောင်းအရာများနဲ့ ဆက်နွယ်ပြီး အသက်ကယ်တဲ့နမ်းချက်များ၊ အသက်ကယ်တဲ့လက်သီးတစ်ချက်ဆိုပြီး ယခင်က ပညာပေးဆောင်းပါးများတင်ပြခဲ့ဖူးပါတယ်။ ပြန်ရှာပြီး တင်ပြနိုင်ရန်ကြိုးစားပါဦးမည်။
နောက်အပတ်မှပဲ ဒီနှလုံးသွေးကြောကျဉ်းရောဂါကုသရာမှာ ရည်မှန်းချက်၊ မူတွေနဲ့ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ချက်များကို ဆွေးနွေးမည်ဖြစ်ပါကြောင်းဖြင့် ယခုအပတ်အတွက် နိဂုံးချုပ်အပ်ပါသည်။
=======
နှလုံးသွေးကြောကျဉ်းပိတ်ပြီး ရင်ဘတ်နာကျင်မှုဖြစ်တယ်လို့ထင်ပါက သမားတော်ထံ အမြန်ပို့ဆောင်ဖို့ လိုအပ်တာမှန်ပေမယ့် လူနာအခြေအနေကို စစ်ဆေးသုံးသပ်ပြီးမှ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရောဂါပြင်းထန် လွန်းလို့ Cardiac arrest ဆိုတဲ့ နှလုံးရပ်တန့်နေပါက နှလုံးပြန်လှုပ်ရှားလာဖို့ Basic Life Support အခြေခံ အသက်ကယ်တင်မှုနဲ့ ဖြစ်နို်င်ပါက Advanced Life Support ကုသမှုများပေးပြီး သယ်ယူပို့ဆောင်ပေးနိုင်ဖို့ စီစဉ်ပေးရမှာဖြစ်ပါတယ်။ ခေတ်မီနိုင်ငံကြီးတွေမှာတော့ လူအများစုဟာ ဒီလိုအရေးပေါ် အသက်ကယ်ပြုစု ကုသမှုနည်းလမ်းများကို လေ့လာသင်ယူထားကြရသလို အရေးပေါ်ဌာနကို ဖုန်းဆက်အကြောင်းကြားပါက သင်တန်းတက်ပြီးသား ကျွမ်းကျင်သူများက ပစ္စည်းကိရိယာတင်ဆောင်ထားတဲ့ လူနာတင်ယာဉ်များဖြင့် လာရောက်ပြုစုကာ ဆေးရုံသို့သယ်ယူပြုစုကုသပေးကြပါတယ်။ လိုအပ်တာ ဘာမှပြုစုကုသမှုမပြုဘဲ ကားပေါ်တင်ယူခေါ်ဆောင်သွားပါက တချို့ဆေးရုံရောက်တော့ အသက်ပါမလာတော့တာနဲ့ ကြုံတွေ့ကြရတတ်ပါတယ်။ အဓိကကတော့ နှလုံးကြွက်သားတွေ အမြန်ဆုံးသွေးပြန်လည်ရရှိကာ လိုအပ်တဲ့အောက်ဆီဂျင်ဓာတ် ဖြည့်ဆည်းမှု မျှတစွာရရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ဖို့နဲ့ နာကျင်မှု သက်သာစေကာ နောက်ဆက်တွဲရောဂါများ မပေါ်လာစေရန်နှင့် ပြုစုကုသမှုအချိန်မီပေးဖို့ ဖြစ်ပါတယ်။ သေချာစွာ စမ်းသပ်စစ်ဆေးမှုမပြုနိုင်သေးတဲ့ ဆေးရုံမရောက်မီအချိန်မှာတော့ Myocardial Infarction နှလုံးကြွက်သား ထိခိုက်ပျက်စီးတဲ့ သဘောထားပြီး ကုသတဲ့အနေနဲ့ အောက်စီဂျင်ပေးခြင်း၊ Morphine အနာသက်သာဆေးပေးခြင်း၊ သွေးကြောကျယ်လာစေရန် နိုက်ထရိုဂလစ်စရင်း ငုံဆေးနဲ့ သွေးကျဲစေဖို့ Aspirin တွေပေးထားပြီး သွေးကြောမှ ဆေးအလွယ်တကူသွင်းနိုင်ရန် သွေးပြန်ကြောကို ရှာဖွေအပ်သွင်းမှု၊ အောက်ဆီဂျင်ကို နှာခေါင်းမှတစ်ဆင့်ပေးကာ ဖြစ်နိုင်ပါက အရေးပေါ် ECG ဆွဲပြီး သမားတော်ထံမှ ဖုန်းညွှန်ကြားချက်ဖြင့် (Telemetry) ကုသမှုကို ဆောင်ရွက်ပေးကြရပါတယ်။ နှလုံးတုန်ခါမှု ယိုယွင်းတဲ့ Ventricular Fibrillation ဖြစ်နေတာတွေ့ရပါက နှလုံးနှိုးဆွစက်ဖြင့် Defibrillation ကိုပါလုပ်ဆောင်ပေးခြင်းဖြင့် နှလုံးခုန်မှုပြန်မှန် လာစေကာ အသက်ကိုပါ ကယ်တင်နိုင်မှာဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုပြင်းထန်တဲ့ရောဂါမှာ ပထမ 1 နာရီ အတွင်း 65 ရာခိုင်နှုန်းခန့်ဟာ သေဆုံးသွားတတ်ပေမယ့် ယခုလို Cardioversion ပြုလုပ်ပေးနိုင်ပါက 35 ရာခိုင်နှုန်းခန့်ကို ကယ်တင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးခုန်မှုပြန်ကောင်းလာစေဖို့ အနာသက်သာတဲ့ ဆေးများအပြင် နှလုံးအခြေအနေကိုလိုက်ပြီး လိုအပ်သောဆေးဝါးများကို ပေးရတဲ့အပြင် Cardiac Pacing များကိုပါ ဆောင်ရွက်ပေးကြရပါတယ်။ ဒီလိုဆောင်ရွက်ပေးလို့ နှလုံးကြွက်သားတွေမှာ သွေးလည်ပတ်မှုကို 1 နာရီအတွင်း ဆောင်ရွက်ပေးနိုင်ပါက သေဆုံးမှုဟာ 15 ရာခိုင်နှုန်းခန့်သာရှိပြီး 3 နာရီ ကျော်သွားပါက 30 ရာခိုင်နှုန်းကျော်သွားတတ်ပါတယ်။ ဒီလို ACLS Advanced Cardiac Life Support ကုသမှုကိုတော့ ဆေးရုံ CCU Coronary Care Unit သို့မဟုတ် I.C.U Intensive Care Unit တွေမှာဆောင်ရွက်ပေးကြရပါတယ်။ ဒီလိုသွေးအမြန်ပြန်လည်စီးဆင်းစေဖို့ ပိတ်ဆို့နေတဲ့ သွေးခဲတွေကို ခြေဖျက်တဲ့ Thrombolytic ကုသမှုမျိုးကိုတော့ စောစီးစွာဆောင်ရွက်ခြင်းတို့ လိုအပ်လှပါတယ်။
ဒီလိုကျဉ်းပြီးသွေးခဲနဲ့ ပိတ်နေတဲ့နှလုံးသွေးကြောကို ဆေးနဲ့ခြေဖျက်နိုင်သလို PTCA ကျဉ်းနေတဲ့ သွေးကြောနေရာကိုချဲ့ပြီး Stent အထောက်အကူပြုပစ္စည်းထည့်ပေးခြင်းကိုလည်း 2 နာရီခန့် အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒီလိုအရေးပေါ်ကုသမှုမျိုးကို STEMI ခေါ် ST Elevated Myocardial Infarct ရောဂါမှာဆောင်ရွက်ပေးလေ့ ရှိကြပါတယ်။ အောက်စီဂျင်အသုံးပြုမှု လျော့ကျစေဖို့ ဘီတာဘလော့ကာဆေးတွေကို 24 နာရီအတွင်း စပေးနိုင်ပါတယ်။ နှလုံးကြွက်သားများပျက်စီးတဲ့အခါ များပြားစွာ ထွက်ရှိလာတတ်တဲ့ အင်ဇိုင်းများ တိုင်းတာခြင်း၊ စစ်ဆေးခြင်းများ၏ ရလဒ်များနှင့် နှလုံးသွေးကြောအထူဓာတ်မှန် ရိုက်ပြီး နှလုံးသွေးကြောအတွင်း သွေးခဲမှု ကို ချေဖျက်တဲ့ဆေးပေးခြင်း သို့မဟုတ် နှလုံးသွေးကြောချဲ့ခြင်း သို့မဟုတ် နှလုံးသွေးကြောအစားထိုးပေးခြင်း များကို အချိန်မီဆောင်ရွက်ပေးကြရပါတယ်။ Troponin I. ပမာဏကတော့ Myocardial Infarct ဖြစ်ပြီး 3-6 နာရီအတွင်းမှာ တက်လာပြီး 12-18 နာရီမှာ အမြင့်ဆုံးဖြစ်ကာ 3-7 ရက်အထိမြင့်နေတတ်ပါတယ်။ CKMB Level ကတော့ ဖြစ်စမှာပင် များ်နေတတ်ကာ 4-6 နာရီတိုင်းမှာ 2 ဆခန့် ပိုများနေတတ်ကြပါတယ်။ LDH ကတော့ တဖြည်းဖြည်းတက်နေတတ်ပြီး ရက်အတော်ကြာမြင့်တက်နေတတ်တာမို့ နှလုံးရောဂါကြောင့် ရင်ဘတ်စနာတဲ့အချိန် အကွာအေ၀းကိုလိုက်ပြီး သင့်လျော်တဲ့ စစ်ဆေးမှုကိုတော့ ပြုလုပ်ရမှာဖြစ်ပါတယ်။ တကယ်တော့ နှလုံးရောဂါအထူးသဖြင့် သွေးကြောကျဉ်းပိတ်မှုဟာ ချက်ချင်းဒုက္ခပေးတတ်သလို ကုသပေးရတာဟာလည်း တတ်သိကျွမ်းကျင်ချင့်ချိန်မှန်းဆမှုများ၊ သုံးသပ်ဆုံးဖြတ်တတ်မှုများ လိုအပ်လို့ သီးသန့်လေ့လာဆည်းပူးရသော အထူးပညာရပ်ဖြစ်တာမို့ ယခုဆွေးနွေးရတာဟာ ပြည့်စုံလုံလောက်မှုမရှိဘဲ စာရှုသူများသဘောပေါက်သတိထားမိဖို့သာ ရည်ရွယ်ရင်းရှိကြောင်း ထပ်လောင်းတင်ပြအပ်ပါသည်။ ဒီရောဂါကို ဆေးရုံမှာ ဆက်လက်ကုသပုံနည်းလမ်းများနှင့် ကာကွယ်တားဆီးနည်းလမ်းများကို နောက်အပတ်များမှာ ထိုက်သင့်သလောက် ဆက်လက်ဆွေးနွေးမည်ဖြစ်ပါကြောင်းဖြင့် ယခုအပတ်အတွက် နိဂုံးချုပ်အပ်ပါသည်။
============
အထက်ပါခေါင်းစီးဖြင့် နှလုံးရောဂါကြောင့်မဟုတ်ဘဲ အခြားဘယ်လိုရောဂါတွေက ရင်ဘတ်နာကျင်မှု များ ဖြစ်စေနိုင်တယ်။ ဒီရောဂါတွေရဲ့ဖြစ်စဉ်အကြောင်းအရာတွေ၊ ရှာဖွေစစ်ဆေးနိုင်မှု၊ ကုသမှုတွေကို ထိုက်သင့်သလောက်ဆွေးနွေးခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ရင်ဘတ်နာကျင်မှု များဖြစ်တိုင်း နှလုံးရောဂါကြောင့် မဟုတ်တတ်ဘူးဆိုတာ သိစေလိုတာရယ်၊ ဘယ်လိုရောဂါ လက္ခဏာတွေ ဖြစ်ပါက နှလုံးရောဂါကို သတိထားမိပြီး သမားတော်တွေနဲ့ အချိန်မီ ပြသစစ်ဆေးခံယူကုသဖို့ အရေးကြီးပုံကို တင်ပြလိုခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2 ပတ် ကစပြီး နှလုံးရောဂါကြောင့်ဖြစ်သော ရင်ဘတ်နာကျင်မှုများကို အလေးပေးဆွေးနွေးခဲ့ပါတယ်။ ဒီလိုနှလုံးရောဂါကြောင့် ရင်ဘတ်နာကျင်မှုများကို ဂရုမစိုက်မိပါက ရုတ်ခြည်းဒုက္ခရောက်ကြရသူတွေ များပြားတာကိုကြားသိမြင် တွေ့ကြရလို့၊ တချို့လူတွေမှာ စိုးရိမ်ကြောင့်ကြမှုများလွန်းပြီး ဘာကြောင့်ရင်ဘတ်နာကျင်မှုဖြစ်ဖြစ်၊ ငါ့မှာ နှလုံးရောဂါဖြစ်နေပြီ လားလို့ သောကစိုးရိမ်စိတ်တွေများပြီး ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုသလို စိတ်ဒုက္ခခံစားနေကြရတာကိုလည်း မိမိတို့အသိဖြင့် စဉ်းစားေ၀ဖန်သုံးသပ်နိုင်စေရန် ရည်သန်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
ဒီအပတ်မှာတော့ ပြီးခဲ့တဲ့ 2 ပတ်ကဆွေးနွေးခဲ့တဲ့ နှလုံးသွေးကြောကျဉ်းပိတ်ရောဂါကြောင့် ဖြစ်နိုင်တဲ့ ရင်ဘတ် နာကျင်မှုများအကြောင်း ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆက်စပ်နေ တတ်တဲ့သွေးချိုလွန်ကဲသော ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကို အနည်းငယ်ဖော်ပြခဲ့ပြီး သွေးအတွင်းအဆီဓာတ် အထူးသဖြင့် Cholesterol နဲ့ ဘယ်လိုဆက်နွှယ်နေတာမို့ အ၀မလွန်ဖို့၊ အစားအသောက်၊ အနေအထိုင် လူမှု စရိုက်များလိုအပ်ပါက ပြောင်းလဲပစ်ဖို့ပါ တင်ပြခဲ့ပါတယ်။ ယခုခေတ်အခါမှာတော့ ကမ်ဘာနဲ့အ၀ှမ်း ဒီနှလုံးသွေး ကြောကျဉ်းရောဂါဟာ အဖြစ်များသလို အလုပ်လုပ်လို့ အသိဉာဏ်ပညာအတွေ့အကြုံပြည့်စုံကာ တကယ်မိသားစု နဲ့ နိုင်ငံကို အကျိုးပြုနိုင်တဲ့ အသက် 40-50 အရွယ်ကောင်းတုန်းမှာ ဒုက္ခပေးတတ်ပြီး အနီးကပ်အတွင်း လူသတ်သမားလို့ပင် အမှတ်ထားကာ သတိထားဆက်ဆံရမည့်သူဖြစ်ပါတယ်။ ဒီလိုတိတ်တဆိတ် အနီးကပ်အတွင်း လူသတ်သမားနဲ့ ဆက်ဆံနေရတဲ့အခါမှာ ခန္ဓာကိုယ်က မိမိကိုသတိပေးတဲ့အနေနဲ့ နှလုံးတည်ရှိရာ ရင်ဘတ်မှာ နာကျင်မှုကိုဖြစ်စေသလို ဒီလိုသတိပေးတာကို မိမိသိရှိတဲ့အခါမှာဘာတွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် အသက်ကိုဉာဏ်ပညာက စောင့်ထိန်းပေးနိုင် မှာဖြစ်ပါတယ်။ ယခုလိုရှည် ရှည်ေ၀းေ၀းထပ်တလဲလဲ တင်ပြနေရတာကတော့ ယခုတင်ပြမည့် နှလုံးသွေးကြောကျဉ်းလို့ဖြစ်ပေါ်လာတဲ့ ရင်ဘတ်နာကျင်မှုများ၏ ထူးခြားချက်များကို အထူးမှတ်သားသိရှိထားပြီး လိုအပ်တဲ့တိုင်ပင်ဆွေးနွေးအကြံပြုချက်များကို သမားတော်တွေထံမှ ရယူနိုင်စေဖို့ဖြစ်ပါတယ်။ ဒီလိုခန္ဓာကိုယ်က သတိပေးချက်ကိုမျှပင် မသိရှိ၊ မခံစား ရဘဲမမျှော်မှန်းဘဲ ရုတ်တရက်လည်း ဒုက္ခရောက်ကြရသူတွေ ဒုနဲ့ဒေး ရှိနေတုန်းပဲလည်းဖြစ်နေပါသေးတယ်။
ဒါကြောင့် ဒီအပတ်မှာ နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်နာကျင်မှုရဲ့ လက္ခဏာတွေနဲ့ ဘယ်အခါမှာ ဆေးရုံဆေးခန်းအမြန်သွားရောက်ပြသင့်တယ်ဆိုတာ တင်ပြမှာဖြစ်ပါတယ်။ နှလုံးရောဂါကြောင့်ဖြစ်တဲ့ ရင်ဘတ်နာကျင်မှုဟာ များသောအားဖြင့် ရင်ဘတ်အတွင်း လေးလံနေပြီး အဖိနှိပ်ခံထားရသလို တင်းကျပ်နေတတ်ပါတယ်။ ရင်ဘတ်မှာတင်မက လက်မောင်း၊ ကျောဖက်နဲ့မေးရိုးတွေဘက်မှာပါ နာနေပြီး 15 မိနစ်အထက်ကြာနိုင်ပါတယ်။ ပျို့ခြင်း၊ အန်ခြင်း၊ ချေွးဈေးများထွက်ကာ အသက်ရှူပါကျပ်လာကာ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးခုန် မြန်ခြင်းတွေပါ ပေါ်လာတတ်ပါတယ်။ ဒီလိုလက္ခဏာအသစ်တွေဖြစ်ပေါ်လာပြီး ပင်ပင်ပန်းပန်းမလုပ်မိသော်လည်း မကြာခဏ ထပ်တလဲလဲပေါ်လာကာ နှလုံးလှုပ်ရှားမှုယိုယွင်းတာလည်း ရုတ်တရက်ဖြစ်တတ်လို့ ဒီလိုလက္ခဏာတွေကတော့ နှလုံးရောဂါဖြစ်ဖို့များတာမို့ သမားတော်ထံ အမြန်ပြသစစ်ဆေးမှုခံယူဖို့လိုအပ်လှပါတယ်။
Angina Pectoris ခေါ်တဲ့ နှလုံးရောဂါကတော့ သွေးကြောတွေရုတ်တရက် ကျဉ်းသွားတဲ့ Spasm ကြောင့်ဖြစ်ပြီး များသောအားဖြင့် ရင်ညွန့်ရိုးနောက်ဘက်မှာ ခေတ္တနာကျင်တာဖြစ်ပါတယ်။ လှုပ်ရှားအားစိုက်မှုကြောင့်ဖြစ်ပြီး နားတဲ့အခါ Nitrate ငုံလိုက်တဲ့အခါမှာ သက်သာသွားတတ်ပါတယ်။ အစားများတဲ့အခါ ပင်ပန်းတဲ့အခါတွေမှာ အဖြစ်များနိုင်ပြီး မိနစ်အနည်းငယ်ကနေ နာရီ၀က်ခန့်အတွင်း တိုးနာလာပြီး တဖြည်းဖြည်း သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ဒီလိုခံစားရရင်လည်း ကျန်းမာရေးစစ်ဆေးဖို့ အချိန်တန်ပြီဆိုတာ ခန္ဓာကညွ့ှန်ပြနေတာဖြစ်ပါတယ်။ ဒီလိုမကြာခဏဖြစ်ပြီး အနည်းငယ်လှုပ်ရှားတဲ့အခါမှာနဲ့ နားနေအိပ်ပျော်နေချိန်တွေမှာပါ ဖြစ်လာတတ်ပြီး Nitrate ငုံပေမယ့်လည်း မတိုးတက်မကောင်းမွန်လာသည့်အပြင် ပြင်းပြင်းထန်ထန်ပျို့အန်ခြင်း၊ အားဆုတ်ယုတ်ခြင်း၊ အသက်ရှူကျပ်လာခြင်း၊ ချေွးထွက်များပြီး ရင်တုန်လာခြင်း၊ သတိမေ့သလိုဖြစ်ကာ အသက် ရှူမ၀ဖြစ်လာတာတွေကတော့ နှလုံးရောဂါပိုဆိုးလာတဲ့ Unstable Angina အဆင့်ဖြစ်တာမို့ နှလုံးရောဂါအထူးကုသမားတော်နဲ့ ပြသတိုင်ပင်ဆွေးနွေးဖို့အချိန်ဖြစ်ပါတယ်။
သွေးကြောကျဉ်းပိတ်ပြီး နှလုံးကြွက်သားတွေ အောက်စီဂျင်နဲ့ သွေးဖြည့်ဆည်းမှု ယိုယွင်းကာ ပျက်စီးတဲ့ အခါမှာတော့ နာကျင်မှုဟာ ရင်ညွှန့်ရိုးအောက်ပိုင်း နောက်ဘက်မှာနာနေပြီး လက်မောင်းတွေဘက်ကို ထိုးနာနေတတ်ပါတယ်။ ဘယ်ဘက်မှာအဖြစ်များပြီး လည်ပင်းနဲ့မေးရိုးတွေအထိ ပျံ့နှံ့နာနေပါတယ်။ များသောအားဖြင့် ရင်ခေါင်းအတွင်းမှာ လေးနေပြီး ညှစ်ထားသလို ဖိထားသလို၊ ညှပ်ထားသလို ခံစားနေကြရပြီး ချေွးစေးထွက်မှု၊ အသက်ရှူကျပ်မှု၊ ပျို့ကာကြို့ထိုးနေမှုများကိုပါ ခံစားနေရလေ့ရှိပါတယ်။ ဒီအချိန်မှာ သွေးကြောကျဉ်းပိတ်နေတဲ့ သွေးခဲမှုကို ချေဖျက်ဖို့ Thrombolytic Therapy စသည်ကို အချိန်မီပေးရန်လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို အရေးပေါ်ဆောင်ရွက်နိုင်ဖို့၊ ဆေးရုံကို အခြေအနေမဆိုးရွားခင် ပို့ပေးဖို့လိုအပ်ပါကြောင်းဖြင့် ယခုအပတ်အတွက် တင်ပြအပ်ပါသည်။
=========
ရင်ဘတ်နာကျင်မှုရောဂါလက္ခဏာဟာ လူလတ်ပိုင်းနဲ့သက်ကြီးရွယ်အိုတွေမှာအဖြစ်များပြီး သမားတော် တွေနဲ့ပြသတဲ့လူနာ 1 ရာခိုင်နှုန်းမှာဖြစ်ပြီး အရေးပေါ်ဌာနကို သွားပြကြရသူတွေရဲ့ 5 ရာခိုင်နှုန်းနဲ့ ဆေးရုံကို အရေးပေါ်တက်ရသူတွေရဲ့ 40 ရာခိုင်နှုန်းဖြစ်ကြတယ်လို့ဆိုပါတယ်။ အဓိကအကြောင်းရင်းကတော့ ဒီရောဂါလက္ခဏာဟာ နှလုံးရောဂါနဲ့ဆက်နွယ်နေတတ်လို့ အချိန်မီစစ်ဆေးကုသမှုမခံယူပါက ဒုက္ခရောက်ကြရတာတွေ တွေ့ဖူး၊ ကြုံဖူးကြလို့ပဲဖြစ်ပါတယ်။ ယခုခေတ်မှာတော့ လူတွေရဲ့နေထိုင်စားသောက်မှု စရိုက်တွေကြောင့်လည်း နှလုံးရောဂါ အဖြစ်များလာသလို နှလုံးရောဂါကြောင့် သေဆုံးမှုတွေကလည်း တိုးပွားလာလို့ဖြစ်ပါတယ်။ ဒါပေမယ့် ရင်ဘတ်နာ ကျင်မှုအားလုံးရဲ့ 8-10 ရာခိုင်နှုန်းခန့်သာ နှလုံးရောဂါကြောင့်ဖြစ်ပြီး ကျန်အများစုကတော့ နှလုံးရောဂါကြောင့် မဟုတ်ပါဘူး။ အများစုကတော့ GORD ခေါ်တဲ့ Gastro-oesophagela Reflux ရောဂါ (အစာအိမ်ထဲကအစာတွေ အစာမျိုပြွန်ထဲပြန်၀င်ပြီးဖြစ်တဲ့ရောဂါ)၊ ကြွက်သားတွေနာကျင်တဲ့ရောဂါ၊ စိုးရိမ်စိတ်များတဲ့ Panic Disorder နဲ့ အရေပြားရောဂါတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးခဲ့သလို ရင်ဘတ်မှာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ဒဏ်ရာ၊ ရောဂါရရှိပြီးရောင်ရမ်းမှုရှိတဲ့အခါမှာ ရင်ဘတ်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။
ရင်ဘတ်နာကျင်မှုကိုဖြစ်စေတဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါအများစုကတော့ နှလုံးသွေးသွားလာမှု အားနည်း တဲ့ Angina, Acute Coronary Syndrome, Coronary Vasospasm, Hypertrophic Cardiomyopathy နဲ့ Aortic Sclerosis ရောဂါတွေနဲ့ သွေးသွားလာမှုအထူးအထွေ သိပ်မလျော့တဲ့ နှလုံးခုန်မှုမူမမှန်တဲ့ Arrhythmia, Aortic Dissection, Mitral Valve Disease နှလုံး အဆို့ရှင်ရောဂါနဲ့ နှလုံးအမြှေးပါးရောင်ရမ်းတဲ့ Pericarditis စတဲ့ ရောဂါတွေဖြစ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးကြွက်သားများ ယိုယွင်းတဲ့ ရောဂါ၊ နှလုံးအဆို့ရှင်များ ပျက်စီးတဲ့ရောဂါ၊ နှလုံးအမြှေးပါးရောင်ရမ်းတဲ့ရောဂါနဲ့ နှလုံးခုန်မှု မူမမှန်တဲ့ရောဂါများကြောင့် ရင်ဘတ်နာကျင်မှုဖြစ်တတ်တယ်ဆိုတာ သိထားသင့်သလို အခြားနှလုံးနဲ့မဆိုင်သော ရောဂါများကိုလည်း ကြားဖူးနား၀ရှိစေဖို့ ဆက်လက်တင်ပြမှာဖြစ်ပါတယ်။
အဆုတ်နဲ့ပတ်သက်လို့တော့ အဆုတ်အမြှေးပါးအိတ်ထဲမှာ လေခိုတဲ့ Pneumothorax ရောဂါ၊ အဆုတ် အမြှေးပါးရောင်ရမ်းပြီးရေ၀င်တဲ့ Pleurisy၊ အဆုတ်ရောင်ရမ်းမှု Pneumonia၊ အဆုတ်ကင်ဆာနဲ့ Pulmonary Embolism အဆုတ်မြှေးကြောတွင် သွေးခဲပိတ်ဆို့မှုရောဂါတွေကလည်း ရင်ဘတ်နာကျင်မှုဖြစ်စေတတ်ပါတယ်။
ရင်ဘတ်မှာရှိတဲ့ အရိုး၊ ကြွက်သားတွေမှာတော့ နံရိုးနဲ့ အရိုးနုဆက်တဲ့နေရာမှာ ရောင်ရမ်းတဲ့ Costochondritis ( Tietze’s Syndrome) ရောဂါ၊ ထိခိုက်ဒဏ်ရာရပြီး နံရိုးကျိုးခြင်း၊ ကြွက်သားများဖူးရောင်ခြင်း၊ အရွတ်ကြွက်သားများနာကျင်မှုရောဂါ Fibromyalgia၊ အရိုးမှာ ကင်ဆာရောဂါပျံ့နှံ့မှု Bone Metastasis၊ အရိုးပွ ရောဂါ Osteoporosis၊ အာရုံကြောကြောင့်ဖြစ်တဲ့ Radicular Pain တွေကလည်း ရင်ဘတ်နာကျင်မှုကို ဖြစ်စေ တတ်ပါတယ်။ ရင်သားမှာတော့ ရောင်ရမ်းခြင်း၊ ရင်သားပြည်တည်နာဖြစ်ခြင်း၊ အရွတ်ရေအိတ်တည်ခြင်း၊ ရင်သားကင်ဆာတွေကလည်း ဒုက္ခပေးတတ်ကြသလို အရေပြားရောင်ရမ်းခြင်း၊ ဆင်ရေယုန်ပေါက်စေခြင်းစတဲ့ အကြောင်း တွေကြောင့်လည်း ရင်ဘတ်နာကျင်နိုင်ပါတယ်။ တချို့မှာတော့ စိတ်စိုးရိမ်ကြောင့်ကြများလွန်းခြင်း၊ စိတ်ကျရောဂါ ရှိနေခြင်း၊ အကြောက်လွန်စိတ််များကြောင့်လည်း ရင်ဘတ်နာကျင်မှုခံစားကြရတတ်ပါတယ်။ အစာလမ်းကြောင်းနဲ့ ပတ်သက်လို့တော့ ငရဲမီးပါတဲ့အစာတွေ၊ အစာအိမ်ကနေ အစာမျိုပြွန်ထဲ ပြန်၀င်တဲ့ GORD ရောဂါ၊ အန်တာများပြီး အစာမျိုပြွန်ပေါက်ကွဲတဲ့ Oesophageal Rupture၊ အစာမျိုပြွန်လှုပ်ရှားမှု မူမမှန်တဲ့ရောဂါ၊ အစာအိမ်နဲ့ အစာမျိုပြွန် ရောင်ရမ်းခြင်း၊ ကင်ဆာရောဂါများနဲ့ သည်းခြေအိတ်၊ မုန့်ချိုအိတ်၊ အသည်းစသည်ရောင်ရမ်းတဲ့ ရောဂါတွေမှာ လည်း ရင်ဘတ်နာကျင်မှုဖြစ်စေတတ်ပါတယ်။ အခြားရှားပါးတဲ့ အကြောင်းတွေကတော့ Sickle Cell Crisis, Diabetic mononeuritis နဲ့ Tabes dorsalis စတဲ့ရောဂါတွေဖြစ်လို့ ဒီရောဂါတွေကို နှလုံးရောဂါကနေ ခွဲထုတ် စိစစ်ကုသပေးဖို့လိုအပ်လှပါတယ်။ ဒီနေရာမှာ အထူးတင်ပြလိုတာကတော့ ရင်ဘတ်နာကျင်တိုင်း နှလုံးရောဂါကြောင့်မဟုတ်ဘဲ အခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့နဲ့ နှလုံးရောဂါကြောင့် ရင်ဘတ်နာကျင်မှုနဲ့ အခြားအကြောင်းများကြောင့် ရင်ဘတ်နာကျင်မှုကို ခွဲခြားသိထားဖို့ အရေးကြီးခြင်းပဲဖြစ်ပါတယ်။ ရောဂါတွေကို မေ၀ခွဲနိုင်လို့ မကုသခြင်း၊ လွဲမှားစွာကုသခြင်းတွေဟာ လူနာအတွက်အကျိုးမဲ့ကာ ဆိုးကျိုးများဖြစ်နိုင်တာမို့ အထူးသတိထားကြရမှာဖြစ်ပါတယ်။
အဲဒီတော့ ရင်ဘတ်နာကျင်အောင့်တင်းလို့လာတဲ့လူနာကို ဘယ်လိုစစ်ဆေးပြုစုကုသမလဲဆိုတာ စဉ်းစား ထားရမှာဖြစ်ပါတယ်။ လူနာရဲ့အခြေအနေ၊ ဖြစ်စဉ်ရာဇ၀င်၊ မျက်မြင်ကိုယ်တွေ့ စစ်ဆေးမှုဖြင့် ရောဂါအခြေအနေကို တွက်ဆပြီး လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုများဖြင့် ဘာကြောင့်ဖြစ်နိုင်တာဆိုတာ ခန့်မှန်းတွက်ဆရပါတယ်။ လူနာဟာ စိုးရိမ်ပူပန်မှုလွန်ကဲနေသလား၊ ရင်ဘတ်နာအောင့်တာနဲ့အတူ အသက်ရှူမ၀ဖြစ်နေသလား၊ တကယ်ပဲ နာကျင်မှုခံစားရကာ Distress စိတ်ပျက်အားငယ်နေသလား၊ ဖြူဖပ်ဖြူလျော်ဖြစ်ပြီး ချေွးစေးတွေထွက်နေသလား၊ ပျို့အန်နေသလား ဆိုတာတွေကိုပါ ဆန်းစစ်ပြီး ရောဂါကြီးမားပြင်းထန်မယ်ယူဆပါက အရေးပေါ်ဆေးရုံတင်ပြီး စစ်ဆေးစမ်းသပ်ပေးဖို့ လိုအပ်လှပါတယ်။ သိသာထင်ရှားတဲ့ ဆင်ရေယုန်ပေါက်တာတို့၊ ရင်သားရောင်ရမ်းတာတို့၊ အစာအိမ်ရောင်ရမ်းတာတို့၊ သာမန်ထိခိုက်ပွန်းပဲ့အသားကြေတာတွေကိုတော့ အပြင်လူနာအနေနဲ့ စစ်ဆေးကုသ ပေးနိုင်ကြပါတယ်။ ရောဂါအခြေအနေ မသေချာဘူး၊ ပြင်းထန် ကြီးမားနိုင်တယ်လို့ သံသယဖြစ်ပါက ဆေးရုံတင်စစ် ဆေးမှုပြုတာဟာ လူနာနဲ့ သမားတော်အတွက်ပါ ဘေးကင်းနိုင်ပါတယ်။
နာကျင်တာနဲ့ပတ်သက်လို့တော့ ဘယ်နေရာမှာ စနာတယ်၊ ဘယ်နေရာတွေကို ထိုးနာတယ်၊ ဘယ်လို နာတယ်၊ ဘယ်လိုစဖြစ်တယ်၊ ဘယ်လောက်ကြာနေပြီ၊ ဘယ်လိုအခါမှာပိုနာတယ်၊ ဘာလုပ်ရင်သက်သာတယ်၊ အစားအသောက်နဲ့ ဘယ်လိုဆက်နွယ်တယ်၊ အသက်ပြင်းပြင်းရှူမှု၊ ချောင်းဆိုးမှုတွေရှိ၊ မရှိ ဘာဆေးတွေ သောက်သုံးထားသလဲ၊ ယခင်ကရော ဒီလိုဖြစ်ဖူးသလားစသည်ဖြင့် ခရေစေ့တွင်းကျ မေးမြန်ခြင်းဖြင့်လည်း ဘာရောဂါကြောင့် ဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နာကျင်မှုနဲ့အတူ အသက်ရှူမ၀တာ၊ ပျို့အန်တာ၊ ချောင်းဆိုးသွေးပါတာ၊ ရင်တုန်ရင်ခုန်တာ၊ ချေွးစေးထွက်တာတွေဟာ လည်း ရောဂါများကို ခွဲခြားစိတ်ဖြာရာမှာ အသုံး၀င်လှပါတယ်။ ကိုယ်တွေ့မျက်မြင်စစ်ဆေးရာ မှာတော့ သွေးခုန်နှုန်း၊ သွေးတိုးတာ အသက်ရှူနှုန်းတွေအပြင် နှလုခုန်မှု မှန်၊ မမှန်၊ အသက်ရှူသံမှာ Wheezing နဲ့ Crepitation အသံများရှိ၊ မရှိ၊ အဆုတ်အမြှေးပါး အိတ်ထဲမှာ ရေ၊ လေတွေရှိတဲ့ လက္ခဏာစတာတွေအပြင် သည်းခြေအိတ်ရောင်ရမ်းမှု၊ အစာအိမ်ရောင်ရမ်းမှု၊ အသည်းရောင် ရမ်းမှုတွေကိုလည်း ခန့်မှန်းတွက်ဆနိုင်ပါတယ်။ ပိုမိုတိကျခိုင်မာဖို့ကတော့ ECG၊ ဓာတ်ခွဲ၊ ဓာတ်မှန်စစ်ဆေးခြင်းဖြင့် ရင်ဘတ်အောင့်ရောဂါမှာ နှလုံးရောဂါကြောင့် ဟုတ်၊ မဟုတ် စိစစ်ခွဲခြားဖို့လိုအပ်ကြောင်းဖြင့် ယခုအပတ်အတွက် နိဂုံးချုပ်အပ်ပါတယ်။
Credit; ပါမောက္ခဒေါက်တာဦးမြသိန်းဟန် (ခွဲစိတ်အထူးကုဆရာ၀န်ကြီး)
Health Digest Journal
















