/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မူရင်းကင်ဆာ-ရှာဖွေရင်းသာ

မူရင်းကင်ဆာ ရှာဖွေရင်းသာ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ဆရာရှင့်

ကျွန်မအမည် မမူယာပါ။ ကျွန်မရဲ့အသက် ၆၀ ကျော်ဖခင်အကြောင်းမေးချင်လို့ပါ။ လွန်ခဲ့တဲ့ သုံးလလောက် ကစလို့ အဖေ့ရဲ့ညာဘက်လည်ပင်းမှာ အကိျတ်တစ်လုံးပေါ်လာပါတယ်။ အကျိတ်ဟာ တစ်လအတွင်းလျင်မြန်စွာ ကြီးထွားလာပြီး အသားစယူကြည့်တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပါတယ်။ အဖြေအတိအကျကတော့ Metastatic Poorly Differentiated Adenocarcinoma လို့ရေးထားတယ်ဆရာ။ မူရင်းကင်ဆာက ဘယ်နေရာလဲဆိုတာသိဖို့ တစ်ကိုယ်လုံးကို ကွန်ပျူတာဓာတ်မှန်ရိုက်ပါတယ်။ ခေါင်းကနေ ၀မ်းဗိုက်အောက်ပိုင်းထိ ကွန်ပျူတာဓာတ်မှန် ရိုက်ပေမယ့်လည်း ထူးခြားချက်မတွေ့ပါဘူး။ အစာအိမ်မှန်ပြောင်း၊ အူမကြီးမှန်ပြောင်းတွေ ကြည့်တော့လည်း ဘာမှမတွေ့ပါဘူး။ အကျိတ်ပေါ်ပြီး သုံးလအတွင်းမှာတော့ အဖေက ပိန်ပိန်လာတာ သိသာလာပါတယ်ဆရာ။ ဒီလိုအနေအထားမှာ ကျွန်မတို့ဘာဆက်လုပ်သင့်သလဲ။ ကင်ဆာလို့ပဲ သဘောထားပြီး ဆေးကုရတော့မှာလား။ ဘယ်လိုကုသ သင့်သလဲအကြံပေးပါရှင့်။

        မမူယာဖခင်မှာဖြစ်နေတာတွေဟာ Occult Primary ခေါ်တဲ့ မူလပထမကင်ဆာရောဂါကို ရှာမတွေ့ဘဲ အေ၀းကိုပျံ့နှံ့လာတဲ့ Metastasis ခေါ်တဲ့ ကင်ဆာကျိတ်ကို တွေ့နေရတာပါ။ ကျားခြေရာပဲတွေ့နေရပြီး ကျားကြီးတစ်ကောင်လုံးပျောက်နေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီကျားကြီးဟာ လူ့အသက်ကို ထိခိုက်စေမယ့်ကျားမို့ ကြိုတင် ပြင်ဆင်ကုသကာကွယ်မှုတွေလုပ်ရမှာတော့ အသေအချာပါပဲ။

 

          ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုကင်ဆာမျိုးတွေဟာ အလွန်တရာမှ ပြင်းထန်ဆိုးရွားတဲ့ ကင်ဆာမျိုးတွေဖြစ်ပါတယ်။ မူလပထမကင်ဆာစဖြစ်တဲ့နေရာကို ရှာမတွေ့တာမဟုတ်ပါဘူး။ ကင်ဆာဆဲလ် အမျိုးအစားက ပွားများလှုပ်ရှားတာမြန်လွန်းလို့ မူလကင်ဆာအကောင်အထည်နဲ့ မပေါ်လာခင်မှာကိုပဲ အေ၀းကိုကြိုပြီးရောက်နှင့် နေတာမျိုးဖြစ်ပါတယ်။ ယနေ့ခေတ်ကာလများမှာတောင် Occult Primary ကင်ဆာလူနာများဟာ ပျမ်းမျှ ခြောက်လမှ ကိုးလအထိပဲ အသက်ရှင်နိုင်ကြတာပါ။

 

          ဒီလိုကင်ဆာမျိုးတွေကို အဓိကအားဖြင့် ကင်ဆာဆေးများသွင်းပြီး ကုသလေ့ရှိပြီး ဒီလိုကုသခြင်းဖြင့်လည်း လူနာရဲ့အသက်ကို ရှည်စေနိုင်စွမ်းမရှိဘူးလို့ဆိုပါတယ်။ ဒါဆိုရင် လူနာအပင်ပန်းခံပြီး ဒီလိုကင်ဆာမျိုးတွေကို ကုနေကြသလဲ။ သုတေသနများအရတော့ ဒီကင်ဆာတွေထဲက တချို့သောကင်ဆာများမှာဖြင့် ရလဒ်ကောင်းလေးတွေ တွေ့ရတတ်တာမို့ ရလိုရငြား ကြိုးစားရှာဖွေကုသနေကြရခြင်းဖြစ်ပါတယ်။

 

          ကျွန်တော်တို့နိုင်ငံမှာတောင် မပြောနဲ့။ အမေရိကန်လိုတိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံမျိုးတွေမှာတောင် Occult Primary ကင်ဆာက ကင်ဆာအားလုံးရဲ့ 2 ရာခိုင်နှုန်းရှိနေပါတယ်။ ဒီ့ထက်တောင်ပိုများနိုင်တယ်လို့ ခန့်မှန်းကြတယ်။

 

          Occult Primary တိုင်းကတော့ မူလကင်ဆာနေရာကို ရှာမတွေ့တာမဟုတ်ပါဘူး။ တချို့ဆို ဘယ်က လာမှန်းမသိတဲ့ကင်ဆာဖြစ်နေရင်း၊ ဆေးကုနေရင်းကကိုပဲ မူလကင်ဆာက အလုံးအထည်နဲ့ အကောင်အထည် ပေါ်လာတာမျိုးလည်းရှိပါတယ်။ Occult Primary ခေါင်းစဉ်နဲ့ ဘယ်ကလာတဲ့ ကင်ဆာမှန်းမသိဘဲ ကွယ်လွန်သွားကြသူတွေရဲ့ ထက်၀က်လောက်က ကွယ်လွန်ပြီးနောက် ရင်ခွဲပြီး စစ်ဆေးတာတောင်မှ မူရင်းကင်ဆာကို မသိကြတာမျိုးလည်းရှိပါတယ်။ အဲလိုမျိုးက 50 ရာခိုင်နှုန်း အထိတောင်ရှိပါသတဲ့။ သူကတော့ဖြင့် ရင်သားကင်ဆာ၊ သူကတော့ဖြင့် အစာအိမ်ကင်ဆာ စသဖြင့် ရောဂါကိုပြတ်ပြတ်သားသားသိပြီး ထိထိရောက်ရောက် ဆေးကုလိုက်ရတာမျိုးမဟုတ်ဘဲ အကျိတ်ထဲက ကင်ဆာဆဲလ်လေးတွေတွေ့တာနဲ့ပဲ ကင်ဆာဆေးတွေသွင်းပြီး ကုသခံရ၊ ကွယ်လွန်ကြရတာမျိုးက ပိုပြီးတော့တောင် သနားဖို့ကောင်းပါတယ်။

 

          ကျွန်တော်တို့ တိုင်းပြည်မှာက ကင်ဆာကို ပုံရိပ်ဖော်နည်းပညာနဲ့ ရှာကြတယ်။ အသားစယူပြီး ရှာကြတယ်။ ကင်ဆာလို့ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့ အပေါ်ယံလွှာများ (Epithelial Origin) က ဖြစ်တဲ့ Carcinoma၊ အရိုး၊ အရိုးနု၊ ကြွက်သားအစရှိတဲ့ ခန္ဓာကိုယ်ဒေါက်တိုင်များကဖြစ်လာတဲ့ ဆာကိုးမား (Sarcoma)၊ အကျိတ်တွေကဖြစ်တဲ့ လင်ဖိုးမား (Lymphoma)၊ မှဲ့နေရာကဖြစ်တဲ့ Melanoma၊ မျိုးပွားအင်္ဂါများမှဖြစ်လာတဲ့ Seminoma အစရှိသဖြင့် အမျိုးပေါင်းများစွာရှိနေပါတယ်။ အခုအမူယာရဲ့ ဖခင်က Carcinoma ကင်ဆာအမျိုးအစားမို့ ခန္ဓာကိုယ်ရဲ့ အပေါ်ယံလွှာများကလာတဲ့ ကင်ဆာလို့ခန့်မှန်းရသပေါ့။ Carcinoma မှာတောင်မှ Adenocarcinoma ဆိုတော့ အူလမ်းကြောင်းအတွင်းလွှာ၊ အဆုတ်လေပြွန်အတွင်းလွှာ စသဖြင့် နေရာမျိုးတွေက လာသလားလို့ ခန့်မှန်းရပါတယ်။ လည်ပင်း၊ အာခေါင်၊ အစာရေမြိုပြွန်အပေါ်ပိုင်းကဖြစ်တဲ့ ကင်ဆာမျိုးတွေဆို Squamous Cell Carcinoma တွေဖြစ်တတ်တာမို့ အခုမမူယာဖခင်ရဲ့ ရောဂါမှာသိပ်အလေးမပေးတော့ဘူးပေါ့။

 

          အသားစယူပြီး အဏုကြည့်မှန်ပြောင်းနဲ့ကြည့်တယ်ဆိုတာက ဆဲလ်ကလာပ်စည်းတွေရဲ့ အနေအထားကို ကြည့်တာဖြစ်ပါတယ်။ 21 ရာစု ကင်ဆာဆေးပညာရဲ့ အနေအထားကို ကြည့်တာဖြစ်ပါတယ်။ 21 ရာစု ကင်ဆာဆေးပညာရဲ့အဆင့်အတန်းက ဒီ့ထက် သုံး၊ လေးဆင့်လောက်သွားနေပါပြီ။ အဲဒီဆဲလ်ကလာပ်စည်းများအထဲက မျိုးဗီဇတွေကိုကြည့်မယ်။ အလုပ်လုပ်တဲ့အင်ဇို်င်းတွေ၊ ဓာတ်ပြုမှုတွေကိုကြည့်ပြီး ပိုမိုတိကျတဲ့ကင်ဆာရောဂါကို ခန့်မှန်းနေကြတာမျိုးပါ။ အဲသလို နည်းပညာတွေတော့ကျွန်တော်တို့ဆီမှာ အကုန်အစင်မရှိနိုင်သေးဘူးပေါ့။ ကွန်ပျူတာဓာတ်မှန်နဲ့ အသားစအဖြေရရင်ကိုပဲ အတော်ဟုတ်နေပါပြီ။

 

          ဒီတော့ ကျွန်တော်တို့ဆီမှာ Occult Primary လို့အဖြေထွက်နေပေမယ့် နိုင်ငံခြားမှာဆိုရင်တော့ ပိုမိုတိကျတဲ့အဖြေတစ်မျိုးထွက်နိုင်တာပေါ့။

 

          ကင်ဆာဆိုတာ ရောဂါတစ်ခုတည်းမဟုတ်ဘူး။ ကင်ဆာအမျိုးအစားတွေဟာ တစ်ခုနဲ့တစ်ခုမတူကြဘူးလို့ ကျွန်တော်ပြောလေ့ရှိပါတယ်။ Occult Primary လို့အဖြေထွက်နေရာကနေ အစာအိမ်ကင်ဆာလို့ အဖြေကပြောင်းသွားမယ်။ အူမကြီးကင်ဆာလို့အဖြေကပြောင်းသွားမယ်။ ဒီလိုဖြစ်သွားရင် လူနာရဲ့သက်တမ်းအပေါ် ခန့်မှန်းမှု၊ ပေးသင့်ပေးထိုက်တဲ့ ကုထုံးများစတာတွေဟာလည်း လုံး၀ကိုပြောင်းလဲသွားတာပေါ့။ လူနာနဲ့ လူနာမိသားစုများအတွ့်တာ့ အလွန်တရာကိုပဲ အကျိုးရှိစေမှာဖြစ်ပါတယ်။

 

          ဒီလိုကင်ဆာများမှာ Tumour Markers ခေါ်တဲ့သွေးအဖြေများဟာ အရေးပါလာပါတယ်။ CEA, CA 125, PSA, CA 19.9 အစရှိတဲ့ Tumour markers များဟာ ကင်ဆာကိုကြိုတင်ရှာဖွေဖို့ အသုံးမ၀င်ပေမယ့် ဒီလို Occult Primary ကင်ဆာမျိုးများမှာတော့ ဘယ်နေရာကလာနေသလဲဆိုတာ ခန့်မှန်းရာမှာ အရေးကြီးတဲ့ အခန်းကဏ္႑ကနေပါလာပါတယ်။

 

          မမူယာရဲ့ဖခင်ဟာ Occult Primary သေချာရင်တော့ ကင်ဆာဆေးများနဲ့ ကုသဖို့ကုထုံးက သိပ်များများ စားစားမရှိပါ။ သင့်တော်တဲ့ကင်ဆာဆေးကုထုံးကို အသုံးပြုပြီး သက်ဆိုင်ရာကင်ဆာဆရာ၀န်က ကုသပေးပါလိမ့်မယ်။ ကုသမှုကိုလည်း ခံယူသင့်ပါတယ်လို့ ဖြေကြားပေးလိုက်ရပါတယ်။

 

       

Credit; ဒေါက်တာ လွှမ်းမိုးဟန်

Health Digest Journal

Vol; 12, No; 20, 11-2-2015